
အစိုးရနှင့် ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအစည်းအဝေး ကျင်းပ
=====================================================================
နေပြည်တော် ဒီဇင်ဘာ ၇
အစိုးရနှင့် ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီက နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။
အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ကယား ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်၊ အတွင်းရေးမှူး(၁) ခူပလူးရယ်၊ ဗဟိုကော်မတီဝင် ခူထဲဗူး၊ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ(KNPP) ဒုတာဝန်ခံ(၂) ဦးထူးချစ်တို့ တက်ရောက်ကြသည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အစည်းအဝေး တွင် တက်ရောက်ကြသူများက အပြန်အလှန် မိတ်ဆက်ကြ ပြီး ဆယ်တောရို ဘော်ဒါဆောင်ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် သဘောထားရယူ ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်