
မန္တလေး ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအထိပါ ကျော်ကြားသည့် တောင် သမန်အင်း၊ ဦးပိန်တံတားနှင့် မယ်ဇယ်တန်းတို့ကို ခရီးသွားများအားပိုမိုဆွဲဆောင်နိုင်စေရန် အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ဖွင့်လှစ် ပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူကြသူ များဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ တောင်သမန်အင်း၊ ဦးပိန်တံတားနှင့် မယ်ဇယ်တန်းသည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်း တည်ရှိပြီး မန္တလေးတိုင်း ဒေသကြီး၏ ပြယုဂ်တစ်ခုလည်းဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင် အား ပိုမိုလှပတင့်တယ်စေရန်နှင့်
အပန်းဖြေစခန်းတို့၏ အမှတ်သင်္ကေတများ ပြည့်စုံစေရေး၊ ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းများအပြင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် ရေးကို များစွာအထောက်အကူပြုစေရေးတို့ အတွက် တာဝန်ရှိသူများက ရေရှည်တည်တံ့ စေရေးအတွက် တောင်သမန်မယ်ဇယ်လွင်ပြင် အဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တောင်သမန်မယ်ဇယ်တန်းကို အဆင့် မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ရ ခြင်းနှင့်စပ်လျဉ်း၍ မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းက “ဒီနေရာ ပတ်ဝန်းကျင်က အရင်က သန့်ရှင်းသပ်ရပ် သာယာလှပမှု မရှိဘူး။ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ လာရောက် လည်ပတ်ရင်လည်း အမြင် မတင့်တယ်ဘူးဖြစ်နေတယ်။ မယ်ဇယ်တန်း မှာလည်း အမှိုက်တွေနဲ့ ပြည့်နှက်နေပါတယ်။ သွားလာလို့လည်း မရပါဘူး။ ဒါကြောင့် ဒီနေရာကို သန့်ရှင်းသာယာမှုရှိအောင် အားလုံး ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ကြခြင်းဖြစ်ပါ တယ်။ အခုဆိုရင် အနားယူအပန်းဖြေဖို့ ကောင်းတဲ့နေရာလေး တစ်ခု ဖြစ်နေပါပြီ။ အပန်းဖြေဖို့ လာရောက်ကြတဲ့ ပြည်သူတွေ ကလည်း ဒီမြင်ကွင်းကိုကြည့်ပြီး အရင်နဲ့ ဘာမှမဆိုင်တော့ဘူးဆိုပြီး အံ့ဩသွားကြပါ တယ်။ လူမှုကွန်ရက်မီဒီယာတွေမှာလည်း ဦးပိန်တံတားနဲ့ တောင်သမန်မယ်ဇယ်တန်း အကြောင်းကို မျှဝေတာတွေ တွေ့မြင်ရပါ တယ်။ မန္တလေးတိုင်းဒေသကြီးရဲ့ ပြယုဂ် တစ်ခုဖြစ်တဲ့ တောင်သမန်အင်း၊ ဦးပိန်တံတား နဲ့ တောင်သမန်မယ်ဇယ်တန်းကို လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ပြောကြားသည်။
အပန်းဖြေစခန်းသို့ လာရောက်ကြသည့် ပြည်သူများ ဒေသထွက် လက်မှုအနုပညာ ပစ္စည်းများအား အမှတ်တရ ဝယ်ယူနိုင်စေရန် အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ဒေသ ထွက် အစားအသောက်များကို အပန်းဖြေ အနားယူရင်း ပျော်ရွှင်စွာ စားသုံးနိုင်ရန်အတွက် စားသောက်ဆိုင်များကို ခေတ်မီတိုက်ခန်း များဖြင့် တည်ဆောက်၍ စနစ်တကျခင်းကျင်း ဖွင့်လှစ် ရောင်းချပေးခြင်းတို့ကြောင့်လည်း လာရောက်အပန်းဖြေ အနားယူကြသည့် ပြည်သူများ အထူးသဘောကျ နှစ်ခြိုက်ကြ သည်ကိုလည်း တွေ့မြင်ရသည်။
တောင်သမန်မယ်ဇယ်တန်းသို့ လာရောက် အပန်းဖြေအနားယူသူ တစ်ဦးကလည်း “အရင် ကတော့ အမရပူရ ရောက်ရင် ဦးပိန်တံတားပဲ လည်ပတ်ဖူးတာပါ။ မယ်ဇယ်တန်းရှိတာတော့ သိပေမယ့် သန့်ရှင်းမှုမရှိလို့ မသွားဖြစ်ဘူး။ အခု တောင်သမန်မယ်ဇယ်တန်းကို သာယာ လှပအောင်ဆောင်ရွက်ထားတာကို ကြားသိရ တဲ့အတွက် လာရောက်လည်ပတ် ဖြစ်တာပါ။ ဒီကိုမရောက်ခင်ကတော့ အလွန်ထူးထူး ခြားခြားကြီး မဟုတ်လောက်ဘူး ထင်ခဲ့ပါ တယ်။ ဒါပေမယ့် အခုတွေ့လိုက်ရတဲ့ မြင်ကွင်း ကတော့ ကျွန်တော့်အတွက် အံ့ဩစေမိပါတယ်။ မထင်မှတ်ထားတဲ့ အပြင်အဆင်တွေ၊ အလှ အပတွေ၊ သန့်ရှင်းသပ်ရပ်မှုတွေကို မြင်တွေ့ လိုက်ရတဲ့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုကတော့ ဒီကိုလာရောက် လည်ပတ်ခွင့်ရလို့ အလွန်ကို ပျော်ရွှင်နေမိပါ တယ်။ ဒါကြောင့် လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
ယခုအခါ တောင်သမန်အင်း၊ ဦးပိန် တံတားနှင့် မယ်ဇယ်တန်းသို့ လာရောက် လည်ပတ်ရင်း တောင်သမန်အင်းရေပြင်ပေါ်မှ သမိုင်းဝင် သစ်သားတံတားကြီး၏ ခံ့ထည်စွာ တည်ရှိသော မြင်ကွင်းနှင့် တောင်သမန်အင်း ၏ သဘာဝအလှအပများ၊ ဒေသထွက်အစား အသောက်များကို တစ်နေရာတည်းတွင် လာရောက်ခံစားကြည့်ရှု စားသုံးကြသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များဖြင့် အထူး စည်ကားလျက်ရှိပြီး တောင်သမန်အင်း၏ သန့်ရှင်းသော လေနုအေးများကိုလည်း လတ်ဆတ်စွာ ရှူရှိုက်ခွင့်ရပြီဖြစ်ကြောင်း လည်း သိရှိရသည်။
မောင်အေးချမ်း