
ဂျေရုဆလင် ဒီဇင်ဘာ ၁၃
အစ္စရေးနိုင်ငံသည် မကြာသေးမီအချိန်အတွင်းကမှ ယူအေအီးနိုင်ငံနှင့် ဆက်ဆံရေးထူထောင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာစေရေးအတွက် အစ္စရေးဝန်ကြီး ချုပ်အနေဖြင့် ပထမဆုံးအကြိမ် တရားဝင်ခရီးအဖြစ် ဒီဇင်ဘာ ၁၂ ရက်က ယူအေအီးနိုင်ငံသို့ သွားရောက်ခဲ့ ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
သမိုင်းဝင်ခရီး သွားရောက်ရသည့်အတွက် လည်းကျေနပ်မိကြောင်း အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တလီဘန်းနက်က တဲလ်အဗစ်မြို့အပြင်ဘက် ဘင်ဂူရီယန်လေဆိပ်တွင် သတင်းထောက်များကို ပြောသည်။ ခရီးစဉ်အတွင်း အဘူဒါဘီအိမ်ရှေ့ မင်းသား ရှိတ်ခ်မိုဟာမက်ဘင်ဇေယက်အယ်နာယန် နှင့် ဒီဇင်ဘာ ၁၃ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်သည်။
ထို့ပြင် ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီး များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ အစ္စရေး နှင့် ယူအေအီးနိုင်ငံတို့ ပုံမှန်ဆက်ဆံရေးထူထောင်ပြီး ၁၄ လအကြာတွင် ယခုလို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် မစ္စတာဘန်းနက်က ပြောသည်။ ဆင်ဟွာ