
နေပြည်တော် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်း တော်ပေါ်ရှိ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဝင်းအတွင်း၌ တည်ထား ကိုးကွယ်တော်မူသော အဘရာကျော်ဓာတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော် ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ဘုရားကြီး၌ ပြုလုပ်ရာ အင်းစိန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဇာနေယျ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဂေါပကအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပင့်ဆောင်တင်လှူ
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ်များထံမှ ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီတော် ဘုံအဆင့်ဆင့်သို့ ပင့်ဆောင်တင်လှူပူဇော်ကြသည်။
အဆိုပါ စေတီတော်အား ၁၉၄၅ ခုနှစ်တွင် ဗောဓိပက္ခိယမဟာ ပထမံဓမ္မစေတီ၊ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ၊ သိဒ္ဓိ မဟိဒ္ဓိ ရှင်သဒ္ဓမ္မဒေဝကိတ္တိရကျော် ဆရာတော်ကြီးသည် မင်းဓမ္မကုန်းတော်ပေါ်၌ သာသနာ့ဓာတ်ပန္နက်စိုက်ထူကာ ရွှေလဝင်း ဓာတ်ပန္နက်တစ်တောင် တစ်မိုက်စေတီကို တည်ခဲ့ သည်။ ယင်းစေတီတော်အား အလှူရှင်အသီးသီးက အဆင့်ဆင့်မွမ်းမံခဲ့ရာ ထီးတော်သုံးဆက် အဆင့်သုံး ဆင့်ရှိခဲ့သည့်အတိုင်း ပထမ၊ ဒုတိယ ထီးတော်ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် တင်လှူခဲ့ပြီး နောက်ဆုံးအထွတ်ထီးတော်ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် တင်လှူခဲ့ကာ ယနေ့တွင် ရွှေထီးတော် အသစ်ကို ထပ်မံတင်လှူအနေကဇာတင် ဆင်ယင်ပြီး ရေစက်သွန်းလောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
n