အာရှဒေသသန့်ရှင်းသောလျှပ်စစ်စွမ်းအား ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

အာရှဒေသသန့်ရှင်းသောလျှပ်စစ်စွမ်းအား ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

=========================================================

 

နေပြည်တော် ဒီဇင်ဘာ ၅

 

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change – UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၆)ကြိမ်မြောက် ညီလာခံ၊ စွမ်းအင်ကဏ္ဍအသွင်ကူးပြောင်းရေးကောင်စီ (Energy Transition Council) အစည်းအဝေးကို ကွန်ဗင်းရှင်း၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် ဗြိတိန်နိုင်ငံက ဦးဆောင်၍ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် အာဖရိကဒေသ၊ အာရှဒေသနှင့် စီးပွားရေးအသွင်ကူးပြောင်းဆဲနိုင်ငံများ အဖွဲ့သုံးဖွဲ့ခွဲပြီး တစ်ပြိုင်တည်းကျင်းပသည်။

 

အာရှဒေသ သန့်ရှင်းသောလျှပ်စစ်စွမ်းအား (Asia Clean Power) ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ဖြန့်ဖြူးပေးလျက်ရှိ

 

စကားဝိုင်းဆွေးနွေးပွဲတွင် အာရှဒေသတွင်းနိုင်ငံများမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန်နှင့် သန့်ရှင်းသော စွမ်းအင်သုံးစွဲမှု လျင်မြန်စွာတိုးမြှင့်နိုင်ရေးအတွက် တွေ့ကြုံ ရမည့်အခက်အခဲများကို ကျော်လွှားနိုင်မည့် အစီအစဉ်များ၊ လိုအပ်မည့်အထောက်အပံ့များ၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း၊ စွမ်းအင်ကဏ္ဍအသွင် ကူးပြောင်းရေးကောင်စီမှ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ နှင့်စပ်လျဉ်း၍ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လက်ရှိမြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်လိုအပ်ချက် များ ပြည့်မီရေးအတွက် နိုင်ငံ၏ မဟာဓာတ်အားလိုင်း ကွန်ရက်စနစ် အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများ အပါ အဝင် အခြားသောအခြေခံအဆောက်အဦများ လိုအပ်လျက် ရှိကြောင်း၊ ကျေးလက်ဒေသနေပြည်သူများ လျှပ်စစ်ရရှိရေး အတွက် စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦများ များစွာလိုအပ်နေကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးအတွက် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် သန့်ရှင်း သော စွမ်းအင်ထုတ်ယူရရှိရေး နိုင်ငံတကာမှ အထောက်အပံ့ များလိုအပ်ကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်က ရေးဆွဲခဲ့သော အမျိုးသားလျှပ်စစ်ဓာတ်အားပင်မစီမံချက်ပါ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု စွမ်းအင်အချိုးအစားကို ပိုမိုသန့်ရှင်း သော စွမ်းအင်အရင်းအမြစ်များ (ပြန်ပြည့်မြဲစွမ်းအင်နှင့် သန့်ရှင်းသောဓာတ်ငွေ့ စသည်ဖြင့်)၏ အချိုးအစား တိုးမြှင့် ပါဝင်ရေး ရည်မှန်း၍ ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင်လည်း မဟာဓာတ် အားလိုင်းစနစ်ဖြင့် ဖြန့်ဖြူးနေသလို အခြားတစ်ဖက်တွင် လည်း မဟာဓာတ်အားလိုင်းရောက်ရှိခြင်း မရှိသေးသည့် နေရာများ၌ ကျေးလက်မီးလင်းရေးအတွက် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်ဆီတို့ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ကာ ဒေသတွင်း ဓာတ်အားဖြန့်ဖြူးရေး ကွန်ရက်စနစ်ဖြင့်လည်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ဥပဒေရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိ

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သန့်ရှင်းသော စွမ်းအင်အသုံးပြုမှုတိုးမြှင့်နိုင်ရေးအတွက် မူဝါဒများ ချမှတ် ဆောင်ရွက်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဥပဒေရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိသလို အခြား တစ်ဖက်တွင်လည်း စွမ်းအင်သုံးစွဲမှု အလေအလွင့် မရှိစေ ရေးအတွက် စွမ်းအင်ချွေတာရေးဆိုင်ရာ လမ်းညွှန်ချက်များ (Energy Conservation Guidelines) ရေးဆွဲအကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပါရီသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများမှ မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအလိုက် ကွန်ဗင်းရှင်းသို့ တင်ပြရမည့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးမြှင့်သုံးစွဲမည့် အစီအစဉ် (Nationally Determined Contributions) တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ နည်းပညာနှင့် ရန်ပုံငွေ အကူအညီပံ့ပိုးမှုများရရှိပါက ၂၀၃၀ ပြည့်နှစ်တွင် ရေအား၊ နေရောင်ခြည်နှင့် လေစွမ်းအင်တို့မှ ရရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှု ၅၄ ရာခိုင်နှုန်းမြှင့်တင်ရန် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ကြောင်း။

 

၂၀၂၀ ပြည့်နှစ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၉ ခုအား ပုဂ္ဂလိက ကဏ္ဍသို့ ခွင့်ပြုပေးခဲ့ပြီး အဆိုပါစီမံကိန်းများ အကောင် အထည်ဖော်ပြီးစီးပါက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲမှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့တွင် အလေအလွင့်မဖြစ်စေရန် လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းများအတွက် နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့များ ယခုထက် ပိုမိုရရှိရန် ကြိုးစားရှာဖွေလျက်ရှိကြောင်း၊ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေးကောင်စီ (Energy Transition Council) အနေဖြင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်အပါအဝင် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေးဆွဲပြဋ္ဌာန်းထားသည့်အချက်များနှင့်အညီ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍများသို့ နည်းပညာ၊ လုပ်ငန်း ရန်ပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုများရရှိစေရေး ကူညီ ဆောင်ရွက် ပေးစေလိုပါကြောင်း၊ လက်ရှိနိုင်ငံ၏ မဟာဓာတ်အားလိုင်း စနစ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထည့်သွင်း ဖြန့်ဖြူးနိုင်ရန်အတွက် လိုအပ်သည့် ဓာတ်အားစနစ်၊ ဓာတ်အားကွန်ရက် အဆင့်မြှင့်တင်မှုများ၊ ဘူမိအပူ စွမ်းအင်အပါအဝင် စွမ်းအင်အသစ်များ စူးစမ်းလေ့လာမှု များ ဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျား ဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးနှင့် စပ်လျဉ်း၍ ကမ်းရိုးတန်းဒေသများအတွက် ပင်လယ် ဒီရေလှိုင်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ တောင်ပေါ် ဒေသများအတွက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် ဒေသများအတွက် စပါးခွံဇီဝဒြပ်ထုလောင်စာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းများအတွက် အထောက်အပံ့များ အဓိကလိုအပ်လျက်ရှိ ကြောင်း ဆွေးနွေးပြောကြားသည်။

 

တက်ရောက်ဆွေးနွေး

 

အဆိုပါ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းရေး ကောင်စီ (Energy Transition Council) အစည်းအဝေးကို မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေရှ့် ကမ္ဘောဒီးယား၊ လာအို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများမှ ပတ်ဝန်းကျင်နှင့်စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် နည်းပညာဆိုင်ရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်