အာရှဘိလိယက်ချန်ပီယံ နေသွေးဦး ပြန်လည်ရောက်ရှိ

Image not available

 

 

ရန်ကုန်   မေ   ၅

 

အိန္ဒိယနိုင်ငံ၌  ကျင်းပသည့်   ၂၀၁၉   အာရှဘိလိယက်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် နေသွေးဦးသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိလာသည်။

 

အောင်ပွဲရ မြန်မာဘိလိယက်အဖွဲ့ကို မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်   ဦးဆောင်၍ ချန်ပီယံဆုရ နေသွေးဦး၊  တတိယဆုရ ချစ်ကိုကိုနှင့် ပြိုင်ပွဲဝင်ကစားသမားများ  ပြန်လည်လိုက်ပါလာကြောင်း သိရသည်။  

 

ချန်ပီယံဖြစ်ခဲ့သည့်   နေသွေးဦးက "ဒီပြိုင်ပွဲက အာရှအဆင့် ပြိုင်ပွဲဖြစ်ပေမယ့်  ကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့   ကစားသမားတွေပဲ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။  ပွဲတိုင်းအနိုင်ရပြီး   ချန်ပီယံဖြစ်ခဲ့လို့  ဝမ်းသာမိပါတယ်။  တကယ့်ကိုခက်ခဲတဲ့   ပြိုင်ပွဲဖြစ်ပြီး ပွဲတိုင်းအနိုင်ရခဲ့  ပေမယ့်   အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပါတယ်။   ဆီမီးဖိုင်နယ်မှာ ကစားခဲ့တဲ့  ချစ်ကိုကိုနဲ့ပွဲဆိုရင်လည်း  အရှုံးကနေ  လိုက်ကစားခဲ့ ရတာပါ။  ပြိုင်ဘက်တွေကလည်း အဆင့်မြင့်တဲ့သူတွေ ဖြစ်သလို ကျွန်တော်ရဲ့ ပွဲအတွက်ပြင်ဆင်မှုနဲ့ နည်းဗျူဟာ  မှန်ကန်ခဲ့တယ်လို့  ပြောရမှာပါ။ အောင်မြင်မှုရအောင် ပံ့ပိုးပေးခဲ့တဲ့  အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်၊ ဒု-ဥက္ကဋ္ဌတွေ၊ ကျွန်တော်ရဲ့ ဆရာတွေအားလုံးကို  ကျေးဇူးတင်ပါတယ်။ လာမယ့်  ကမ္ဘာ့ပြိုင်ပွဲနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း  အောင်မြင်မှုရအောင် ကြိုးစားသွားမှာပါ"ဟု ပြောသည်။

 

နေသွေးဦးသည် အုပ်စုသုံးပွဲ၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ စုစုပေါင်းခြောက်ပွဲစလုံး အနိုင်ရအောင် ထိုးနိုင်ခဲ့ပြီး ဗိုလ်လုပွဲ တွင် ထိုင်းနာမည်ကြီးကစားသမား ပရာပွတ်ကို (၆-၂) ပွဲဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။ နေသွေးဦးသည် အာရှဘိလိယက်ပြိုင်ပွဲတွင် ပထမဆုံး ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး   ကမ္ဘာ့ချန်ပီယံဖြစ်လာရန်  ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-ဘုန်းသော်