ရန်ကုန် ဩဂုတ် ၂၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် အိမ်ခြံမြေကွန်ဗင်းရှင်းနှင့် ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ချုပ်(FIABCI-Thai)နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) က တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်အထိ နှစ်ရက်တာ ဘန်ကောက်မြို့ The Berkeley ဟိုတယ်၌ ကျင်းပ မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)ဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဦးဆောင်၍ အသင်းသား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ဥက္ကဋ္ဌများအပါအဝင် အသင်းသား ၅၀ ကျော် ဒုတိယအကြိမ် ပါဝင်တက်ရောက်မည်ဖြစ်သည်။
FIABCI-Thai မှ တရားဝင်ဖိတ်ကြားခြင်းခံရသော မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အပါအဝင် နိုင်ငံတကာ အဆင့်မီအသင်းကြီး ၄၀ ကျော် တက်ရောက်မည်ဖြစ်ပြီး ကမ္ဘာ့ အဆင့်မီ အိမ်ခြံမြေအကြောင်း ဟောပြောသူပေါင်း ၄၀ ကျော်၊ နိုင်ငံတကာမှ အိမ်ခြံမြေခေါင်းဆောင် ၆၀၀၊ Developer ပေါင်း ၈၀၀ ကျော် တက်ရောက်ကြမည်ဖြစ်သည်။
“FIABCI လို့ခေါ်တဲ့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်ဟာ ၁၉၅၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ တည်ထောင်ခဲ့ပါတယ်။ ဒီကမ္ဘာ့ အိမ်ခြံမြေအဖွဲ့ချုပ်ကနေပြီးတော့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌနဲ့ အသင်းသားတွေကို တရားဝင် ဖိတ်ကြားခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းနဲ့ အသင်းသားတွေအတွက် အများကြီးအကျိုးရှိသလို အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ တွေမှာ ဆောင်ရွက်နေတဲ့ ဝန်ဆောင်မှုတွေအပြင် နိုင်ငံတကာ နဲ့လည်း ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးနေတာကို လေ့လာသိရှိ နိုင်မှာဖြစ်ပါတယ်။ တက်ရောက်လာကြမယ့် ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ချုပ်မှာ ပါဝင်နိုင်ငံတွေရဲ့ Developer တွေ၊ ဗိသုကာတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ Real Estate Manager တွေ၊ ရှေ့နေတွေ၊ Constructer တွေ အစရှိတဲ့ Real Estate Industry ထဲမှာရှိကြတဲ့ ပရော်ဖက်ရှင်နယ်ကဏ္ဍအသီးသီးမှ တက်ရောက်လာကြမှာ ဖြစ်သလို သက်ဆိုင်တဲ့ အသိပညာရရှိစေဖို့ ၎င်းကိုယ်စားလှယ် တွေက အခန်းကဏ္ဍအသီးသီးကို ဟောပြောဆွေးနွေးတင်ပြမယ့် အခွင့်အလမ်းတွေလည်း ရရှိမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။
ယင်းနှီးနှောဖလှယ်ပွဲသို့ နိုင်ငံတကာမှ ထိပ်တန်းရင်းနှီး မြှုပ်နှံသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အကျိုးဆောင် များ၊ အိမ်ခြံမြေဆိုင်ရာ မန်နေဂျာများ တက်ရောက်ကြမည်ဖြစ်ပြီး ထိပ်တန်းကမ္ဘာ့အိမ်ခြံမြေ ရောင်းဝယ်ရေးသမားများနှင့်လည်း နှီးနှောဖလှယ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း