
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားတို့သို့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
ပါဝင်တက်ရောက်
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ ခေါင်းဆောင် များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ကုန်သွယ်ရေးသဘောတူစာချုပ် တစ်ခုဖြစ်
ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက ဒေသ အနေဖြင့် COVID-19 ရောဂါကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန် နိုင်ရန်အတွက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်သည် အရေးကြီးကြောင်း၊ အားလုံးပါဝင်ပြီး တာရှည်ခံသည့် ကူးစက်ရောဂါအလွန် စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှတစ်ဆင့် ဒေသ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ရာတွင် သဘောတူစာချုပ်သည် အရေးပါသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာမူဘောင် များတွင် အာဆီယံ၏အချက်အချာကျမှုကို တိုးမြှင့်ရာ၌ အထောက်အကူပြုပြီး အာဆီယံနှင့် ဒေသဆိုင်ရာမိတ်ဖက် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက် ခိုင်မာစေမည့် အဆိုပါသဘောတူစာချုပ်သည် အာဆီယံက ဦးဆောင်သည့် ရည်မှန်းချက်အကြီးမားဆုံးသော လွတ်လပ် စွာ ကုန်သွယ်ရေးသဘောတူစာချုပ် တစ်ခုဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင် သည့် သဘောတူစာချုပ် တစ်ခုအဖြစ် ဆက်လက်တည်ရှိ စေရန် ကတိကဝတ်ပြုကြောင်း ဆွေးနွေးပြောကြားခဲ့ကြ သည်။
စီးပွားရေးပြန်လည်နာလန်ထူခြင်းကို ကူညီ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုဗိသုကာအပေါ် အများ၏ယုံကြည်လက်ခံမှုနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုးစားမှုတို့ကို ထိန်းသိမ်းရန်နှင့် ဒေသအတွင်း စီးပွားရေးပြန်လည်နာလန် ထူခြင်းကို ကူညီဖြည့်ဆည်းပေးရန်အတွက် မိမိတို့၏ ကတိ ကဝတ်ကို ယခုကုန်သွယ်ရေးသဘောတူစာချုပ်က ကမ္ဘာ သို့ အခိုင်အမာ ထုတ်ဖော်ပြသလိမ့်မည်ဖြစ်ကြောင်း၊ ကောင်းမွန်စွာ ဖွဲ့စည်းထား၍ ထိရောက်မှုရှိပြီး စည်းမျဉ်း ကို အခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အစိတ် အပိုင်းတစ်ခုအဖြစ် သဘောတူစာချုပ်သည် ကုန်သွယ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အား အသစ် တစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ သဘောတူ စာချုပ်တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ပါဝင်လက်မှတ်ရေးထိုး
ထိပ်သီးအစည်းအဝေးအပြီးတွင် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ရှေ့မှောက်တွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ အာရှ-ပစိဖိတ်ဒေသရှိ (၁၅) နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးသည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းခန့် ကို ကိုယ်စားပြုသည်။
လွှဲပြောင်းပေးအပ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်း အနားနှင့် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့သည်။ အခမ်းအနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီးနောက် အာဆီယံ ဥက္ကဋ္ဌအထိမ်းအမှတ်တူကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘရူနိုင်း နိုင်ငံသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဘရူနိုင်းဘုရင်မင်းမြတ်က မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စတုတ္ထ အကြိမ်မြောက် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများပိတ်ပွဲ အခမ်းအနားတို့သို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်တို့လည်း ပါဝင်တက်ရောက်ခဲ့ ကြသည်။
သတင်းစဉ်