
နေပြည်တော် ဩဂုတ် ၁၈
ယနေ့ ညနေ ၅ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းနှင့်
ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းခြေ-မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေတို့တွင် ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိပြီး ဩဂုတ် ၁၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေသို့ ရောက်ရှိနိုင်ပြီး ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့ညမှ ဩဂုတ် ၂၀ ရက် အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ