
အာဇာနည်နေ့ နှိုးဆော်သံ
i ကဗျာစာစီ မမေ့မပျောက်ပါ ခွန်းဆင်သပါလို့
အာဇာနည်နေ့ အရောက်မှာ
အမွှမ်းတင်ရမှာဖြင့်
မွေးသဖပမာအသွင် ထာဝစဉ်
မြတ်နိုးတန်ဖိုးထားရပါတဲ့
အမျိုးသားခေါင်းဆောင်
သူ့နှုတ်ဖျားဆီက
မြွက်ကြားတဲ့မိန့်ခွန်းတွေ။
i ‘‘ရဲဘော်တို့...
အကျယ်ချဲ့ကာရှည်ရှည်မပြောချင်ဘူး
စစ်သဘောမှာခပ်ရှင်းရှင်း
ဆင်းရဲမယ်ငတ်မယ်ဒုက္ခခံရမယ်
အမှန်တကယ်သတိကြီးစွာထားရမှာက
မြန်မာ့ရန်သူကိုချေမှုန်းကြ
အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ
ဒါပဲ... ’’ တဲ့
တကတည်းဗျာ မျိုးချစ်သွေး
နီစွေးလှပေ။
i မုချအမှန်ပါ
ဒုက္ခ အပြန်တစ်ရာကဲစေတော့
မလျှော့ဇွဲခိုင်မာစွာနှင့်
နိုင်ငံမှာအချုပ်အခြာမြဲစေဖို့
ဇွဲသန်သန် ရဲမာန်လွှားပါလို့
(ဗိုလ်ချုပ်ရဲ့)
သားမြေးတစ်တွေမှာမြန်မာပြည်အရေးကိုလ
အသက်ပေးလို့ကာကွယ်နေ
မြင်ပါစေခင်ဗျ အဖဗိုလ်ချုပ်အောင်ဆန်း။
i သားမြေးပမာလေ
အားမွေးပါမသွေမြန်မာပြည်သားတို့ရဲ့
ခင်ဗျားတို့ကျွန်တော်တို့အဖိုးအဖေဟာ
အမျိုးအဆွေမြန်မာတွေအတွက်အသက်စွန့်ခဲ့တာမို့
ရဲဝံ့စွာအမွေခံစိတ်ရယ်နှင့်
အရိပ်နေနေအခက်ချိုးချိုး
စိတ်တေလေ ရမ္မက်ဆိုးတွေဖြင့်
အမျိုးဖျက်လာ ရန်အပေါင်းကိုလ
ထောင်းထောင်းညက်အမှုန့်ခြေရန်
သန္နိဋ္ဌာန်ခိုင်ခိုင်မြဲစွာနှင့်
လက်တွဲကာခရီးဆုံးသည်အထိ
စည်းလုံးစွာတညီတညွတ်
ဆွတ်စို့အောင်ပန်း။ ။
မြင်းမူမောင်နိုင်မိုး