
စစ်တွေ မတ် ၈
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံး အကြီးအကဲများ၊ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိကြသည်။
ယင်းနောက် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးစဉ်တွင် လိုက်ပါလာသည့် သံတမန် လေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ်များကို ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံ ၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး ဆောင်ရွက်နေသည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးကြ သည်။
ထိုသို့ တွေ့ဆုံရှင်းလင်းရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်က အဖွင့်အမှာစကား ပြောကြားပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ Pilot Project အရ နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေး အခြေအနေနှင့် ပြည်နယ်အတွင်း ရှိ IDP စခန်းများအတွက် ပံ့ပိုး ဆောင်ရွက်ပေးနေမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေ မြို့မှ တပ်မတော်ရဟတ်ယာဉ်များ ဖြင့် ထွက်ခွာကြပြီး မောင်တော မြို့နယ် ငါးခူရပြန်လည်လက်ခံ ရေးစခန်းသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံက စခန်းအတွင်း ပြန်လည်လက်ခံနိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လိုအပ်သည်များ ဖြည့်စွက်မှာကြား ကာ စခန်းအတွင်း လှည့်လည် ကြည့်ရှုကြသည်။(အောက်ဝဲပုံ)
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မောင်တော မြို့နယ် ငါးခူရအခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်း သား ကျောင်းသူများ ကျောင်း သင်ခန်းစာများကို အဆင်ပြေ ချောမွေ့စွာ သင်ကြားနိုင်ရန် အတွက် တစ်ပတ်လျှင် နှစ်ရက် နှုန်းဖြင့် ကျောင်းသင်ခန်းစာများ သင်ကြားပို့ချနေမှုနှင့် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ရခိုင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူမှုဘဝရပ်တည်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံ အပ်ချုပ်သင်တန်းနှင့် ဇာထိုး ချည်ထိုးသင်တန်းတွင် သင်ကြား နေမှုများကို ကြည့်ရှုအားပေး ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေး စခန်းမှ ဆက်လက်ထွက်ခွာကြရာ လှဖိုး ခေါင် ယာယီနေရာချထားရေး စခန်းသို့ ရောက်ရှိကြပြီး စခန်း အတွင်း ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လိုက်လံကြည့်ရှု ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေ မြို့ရှိ သဲချောင်းဈေး၊ ဒါးပိုင် IDP စခန်းနှင့် သက္ကေပြင် IDP စခန်း တို့ကို လှည့်လည်ကြည့်ရှုကြ သည်။
သတင်းစဉ်