အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံထားရှိရေး အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုး 


 

နေပြည်တော် အောက်တိုဘာ ၁၁ 


အာဆီယံနိုင်ငံအချင်းချင်း နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံ လက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) စနစ်အား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အသုံးပြုသွားနိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  မြန်မာ့အာမခံလုပ်ငန်းနှင့် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အာမခံအဖွဲ့အစည်းများအကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 
လက်မှတ်ရေးထိုးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊    အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင် များ၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာစန္ဒာဦးတို့ ပါဝင်တက်ရောက်သည်။ 
အခမ်းအနားတွင် ASEAN Secretariat ၊ Finance Integration Division မှ Mr. Herminio Jr. Cortez Runas က အဖွင့်အမှာစကားပြောကြားပြီး ASEAN Insurance Council (AIC) မှ Secretary-General ဖြစ်သူ Mr. Christian W. Wanandi ၊ ASEAN Council of Bureaux (COB) ၏ Chairman ဖြစ်သူ Mr. Michael F. Rellosa နှင့် Office of Insurance Commission of Thailand မှ Secretary General ဖြစ်သူ Dr. Suthiphon Thaveechaiyagarn တို့က အမှာစကား ပြောကြားကြသည်။ 
အဆိုပါနားလည်မှုစာချွန်လွှာကို လက်မှတ်ရေး ထိုးထားခြင်းအားဖြင့်    မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များမှ အာမခံပရီမီယံကြေးများ ရရှိသကဲ့သို့ ထိုမော်တော်ယာဉ်များ မတော်တဆ ထိခိုက်မှုများ ကြောင့်    သေဆုံးသူ၊   ဒဏ်ရာရရှိသူများအတွက်  သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးအား ပေးချေ နိုင်ခြင်း၊ အာဆီယံနိုင်ငံများအကြား     စီးပွားရေး ပေါင်းစပ်မှုများနှင့်အညီ  ကုန်စည်စီးဆင်းမှုများ တိုးတက်လာစေခြင်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင် မှုလုပ်ငန်းများ      တိုးတက်လာစေရေးအတွက် အထောက်အကူပြုပေးနိုင်ခြင်းစသည့်     အကျိုး ကျေးဇူးများရရှိနိုင်ပြီး အာဆီယံနိုင်ငံများ၏ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ အောင်မြင် စေရေးအတွက်ကိုလည်း  များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း သိရသည်။               
သတင်းစဉ်