
ရန်ကုန် ဒီဇင်ဘာ ၁၁
၂၀၂၂ ဇွန်လတွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ (ASEAN Para Games)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် မသန်စွမ်းအားကစား သမားများအနေဖြင့် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာ နိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ ချုပ် လေ့ကျင့်ရေးအားကစားရုံ၌ လေ့ကျင့်လျက်ရှိကြောင်း သိရ သည်။
“(၁၁)ကြိမ် မြောက်အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစား သမား ၁၂၀ စခန်းသွင်းသွားမှာပါ။ ယခင် လက်ရွေးစင်တွေနဲ့ မျိုးဆက်သစ်တွေကို နိုဝင်ဘာလ ကစပြီး စခန်းသွင်းထားတာ။ အခု အားကစားသမား ၈၆ ယောက်ရှိပါတယ်။ လေ့ကျင့်ချိန် က နံနက်တစ်ချိန်၊ ညနေတစ်ချိန် လေ့ကျင့်ကြပါတယ်။ အဓိက ယှဉ်ပြိုင်ရမှာ ထိုင်းအသင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြော သည်။
၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ ၌ (၁၀)ကြိမ်မြောက်ပြိုင်ပွဲကို ကိုဗစ်- ၁၉ ကြောင့် မလုပ်ဖြစ်ခဲ့ ကြောင်း၊ (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကိုမူ အိမ်ရှင် ဗီယက်နမ်က SEA Game ပြိုင်ပွဲသာ ကျင်းပပြီး မသန်စွမ်း အားကစားပြိုင်ပွဲကို မပြုလုပ်ဟု ယခုလဆန်းက ကြေညာထားခဲ့ကြောင်း၊ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံက ကျင်းပမည် ဟု အဆိုပြုထားရာ အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပရန်အတွက် ၂၀၂၂ ဇန်နဝါရီလဆန်းတွင် ဆုံးဖြတ် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မသန်စွမ်းအားကစား ပြိုင်ပွဲတွင် မြန်မာအားကစား သမားများသည် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ မြားပစ်၊ အလေးမ၊ ဂိုးဘောနှင့် မျက်မမြင်ချက်စ် (စစ်တုရင်)အားကစားနည်း ခုနစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ် ကြောင်း သိရသည်။
မြန်မာအားကစားသမားများ သည် ၂၀၁၇ ခုနှစ်က မလေးရှား နိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ် မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခု ဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- အာကာစိုး