
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မိန့်ကြားသည့် မိန့်ခွန်း
မင်္ဂလာပါ။
ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား-
မြန်မာနိုင်ငံအနေနဲ့ ASEANSAI ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူပြီး (၆) ကြိမ်မြောက် ASEANSAI Summit ကို ဦးဆောင်ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့နှစ်များမှာ ASEANSAI ကို အတုယူဖွယ် ဦးဆောင်မှုပေးခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြား လိုပါတယ်။
(၆) ကြိမ်မြောက် ASEANSAI Summit ကို တက်ရောက်လာကြတဲ့ SAI အသီးသီးမှ အကြီး အကဲများ၊ ကိုယ်စားလှယ်တော်များကို နွေးထွေး ပျူငှာစွာ ကြိုဆိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအစည်းအဝေးကို နေပြည်တော်မှာ လက်ခံ ကျင်းပဖို့ရည်ရွယ်ခဲ့ပေမယ့် ကိုဗစ်အခြေအနေ ကြောင့် မကျင်းပနိုင်တာဖြစ်ပါတယ်။
တကယ်တော့ ASEANSAI အထွေထွေ ညီလာခံဟာ ASEAN ဒေသအတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို တိုးမြင့်စေဖို့ စဉ်ဆက်မပြတ် ကတိ ကဝတ်ပြုမှုနဲ့ ခိုင်မာတဲ့တိုးတက်မှုကို ထင်ဟပ် ပေါ်လွင်စေပါတယ်။
အာဆီယံအသင်းကြီးရဲ့ ဆက်စပ်အဖွဲ့ အစည်းတစ်ရပ်ဖြစ်တဲ့ ASEANSAI ဟာ အာဆီယံ အသိုက်အဝန်းကြီးရဲ့ ဦးတည်ချက်၊ ရည်မှန်း ချက်တွေ အကောင်အထည်ပေါ်ရေးအတွက် ဆက်လက်ပြီး ပါဝင်သွားမယ်ဆိုတာကို မိမိအနေနဲ့ ယုံကြည်ထားပါတယ်။
အဆွေတော်များခင်ဗျား ဒီလိုအခွင့်ကြုံ တုန်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အကျဉ်းမျှ ရှင်းလင်းပြောကြားလိုပါ တယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပပြုလုပ် ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်း လွဲမှားမှုတွေ၊ မဲမသမာမှုဖြစ်နိုင်တဲ့ မဲအရေ အတွက်တွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး ဒါတွေကို ဥပဒေ နှင့်အညီ ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ပြီး နိုင်ငံတော် အာဏာကို အဓမ္မနည်းနဲ့ရယူရန် ဆောင်ရွက်ခဲ့တာ ကြောင့် တပ်မတော်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေတဲ့ အချိန်အခါဖြစ်ပါတယ်။
ဒီလို ထိန်းသိမ်းဆောင်ရွက်ရာမှာလည်း
မြန်မာပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒနဲ့ မျှော်လင့်ချက် ဖြစ်တဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ အတွက် ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေက “အဲဒီစနစ်တွေရဲ့အသက်”ပဲ ဖြစ်ပါတယ်။ လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်လာစေဖို့ အခြေခံလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။
နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုတွေရရှိအောင်၊ တရားဥပဒေ စိုးမိုးရေး၊ တည်ဆဲဥပဒေတွေ လေးစားလိုက်နာရေး စတဲ့ အလေ့အထကောင်းကို ပိုမိုဖြစ်ထွန်းတိုးတက် လာစေဖို့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး စီးပွားရေး လူမှုရေးဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်လုပ်ဆောင် လျက် ရှိပါတယ်။
ဒီအချက်တွေကို ပိုမိုထိရောက် အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် နိုင်ငံတော် ဝန်ကြီးချုပ်တာဝန်ကိုရယူကာ လုပ်ငန်းစဉ်တွေ အားလုံးကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့ကျင့်သုံးတဲ့ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကို ဆက်လက်လိုက်နာ ကျင့်သုံးလျက်ရှိပါ တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း တရား မျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်းနဲ့ ညီညွတ်မျှတတဲ့ နိုင်ငံတကာဥပဒေများကို အခြေခံပြီး လုပ်ဆောင်တဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အတူတကွ ပူးပေါင်း ဆောင်ရွက်လျက်ရှိတာကို ပြောကြားလိုပါတယ်။
ဒီဒေသအတွင်းမှာ ကျွန်တော်တို့ အာဆီယံ နိုင်ငံတွေဟာ အာဆီယံရဲ့ ပေါင်းစည်းမှုအောက်မှာ စီးပွားရေးဖွံ့ဖြိုးမှု၊ လူနေမှုဘဝတိုးတက်မှုနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်လာအောင်၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တိုးမြင့် လာအောင် စည်းလုံးညီညွတ်စွာ ကြိုးပမ်းလျက်ရှိကြ ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံတွင် ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကတည်းက ကျွန်တော်တို့ဟာ ASEAN Centrality, ASEAN Unity နဲ့ ASEAN Way စတဲ့ ASEAN ပဋိညာဉ် များအတိုင်း Consensus မူ၊ ပြည်တွင်းရေး ဝင်မစွက် ဖက်သည့်မူ၊ တစ်ခုတည်းသော အာဆီယံမိသားစု စိတ်ဓာတ်များနဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။
ယနေ့ ASEAN Summit နှင့် PLUS အစည်း အဝေးများမှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တောင်းဆို မှုတွေဟာ ASEAN ရဲ့ စည်းလုံးညီညွတ်မှု၊ ASEAN Centrality, ASEAN Unity နဲ့ ASEAN Way စတဲ့ပုံရိပ်တွေကို ထိပါးနေပြီလားဟု သံသယဖြစ်စရာ တွေ့ရပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်
မြန်မာနိုင်ငံလာရောက်ဖို့ကိစ္စမှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ ဂျကာတာ အစည်း အဝေးမှာ မြန်မာနိုင်ငံအတွက် အာဆီယံသဘော တူညီချက် (၅)ရပ်အပေါ် ပြည်တွင်းမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့်ဆက်စပ်၍ အလေးပေး ထည့်သွင်းစဉ်းစားသွားမည်၊ ပြည်တွင်း တည်ငြိမ်မှုအပေါ်မူတည်၍ အာဆီယံ၏ အဆိုပြု ချက်များ ခရီးစဉ်များကို စဉ်းစားသွားပါမည်၊ အာဆီယံ၏ အပြုသဘော ပါဝင်ကူညီပံ့ပိုးလိုမှုနှင့်စပ်လျဉ်း၍ အာဆီယံပဋိညာဉ်၊ အာဆီယံလမ်းစဉ်၊ အာဆီယံစိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံ့ကောင်းကျိုးအတွက် စဉ်းစားပေးမည်ဖြစ် ကြောင်း ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံ အထူး ကိုယ်စားလှယ် လာရောက်ရေးနှင့်ပတ်သက် ၍လည်း အမျိုးမျိုးသော ညှိနှိုင်းမှု၊ တောင်းဆိုမှုနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့ အစည်းကမျှ တွေ့ခွင့်မရှိသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရပါ တယ်။ မည်သည့်နိုင်ငံမဆို ယခုလိုပဲ တည်ဆဲ တရားဥပဒေကို မည်သူကမျှ ကျော်လွန်ခွင့်ပြု ပေးနိုင်မည်မဟုတ်ဟု ယုံကြည်ပါတယ်။ နိုင်ငံတော် ပိုင်းကလည်း တည်ဆဲဥပဒေ ကန့်သတ်ချက်မှလွဲ၍ ကျန်လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း အာဆီယံအထူးကိုယ်စားလှယ် ဝင်ခွင့်မရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ် အပိုဒ် ၂၀(၁)၊ အပိုဒ် ၈ (၂)(က)နှင့် အပိုဒ် ၂(၂)(က)၊ (င)၊ (စ)တို့နှင့် ဆန့်ကျင်နေတာကိုလည်း ဝမ်းနည်း စိတ်မကောင်းဖွယ် ကြုံတွေ့ရပါတယ်။
ယခုလို ASEAN Centrality, Unity, Way တွေအပေါ် ကျော်လွန်ဆောင်ရွက်လာတာဟာ
မြန်မာနိုင်ငံတစ်ခုတည်းပေါ်မှာသာ သက်ရောက် မှာမဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာ
လည်း အချိန်ကာလတစ်ခု၊ အခြေအနေတစ်ခုခုတို့ တွင် ယခုလိုပဲ အာဆီယံ ပြင်ပအသိုက်အဝန်းတွေရဲ့ လိုရာဆွဲ စီမံဆောင်ရွက်ခံရမှု၊ တွန်းအားပေးခံရမှုနဲ့ သပ်လျှိုမှုများကိုလည်း စည်းလုံးညီညွတ်သော အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင်
ပါကြောင်း၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံများ အချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရတဲ့ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သတိပြုစေ လိုပါတယ်။
အဆွေတော်များခင်ဗျား
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု အစီအမံတွေဟာ အာဆီယံအသိုက် အဝန်း မျှော်မှန်းချက် ၂၀၂၅ မှာ ဖော်ပြပါရှိတဲ့ ဦးတည်ချက်များ ပြည့်မီနိုင်ရေး အခြေခံကျတဲ့ အတွက် ASEANSAI အနေနဲ့ ဒီမျှော်မှန်းချက်တွေကို လက်တွေ့လုပ်ငန်းရပ်များအဖြစ် ချမှတ်အကောင် အထည်ဖော်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှု အစီအမံ တွေ၊ ပိုမိုတည်ငြိမ်၊ အေးချမ်းဖွံ့ဖြိုးမှုတွေကတစ်ဆင့် အာဆီယံနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝတွေမှာ အကျိုးကျေးဇူးတွေဖန်တီးပေးပြီး၊ လူ့အခွင့် အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေ ခံစားနိုင်စေဖို့၊ ကြံ့ခိုင်မှုနဲ့ လူမှုဘဝမြှင့်တင်ပေးဖို့ လိုပါတယ်။
ASEANSAI ဟာ စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိနေတာကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြုပါ တယ်။ ASEANSAI ရဲ့ ဗျူဟာမြောက် လုပ်ငန်းစဉ် အဆက်ဆက်ကို အကောင်အထည်ဖော်ခြင်းက တစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရှိ SAI များ ရဲ့ စွမ်းဆောင်ရည်ကိုသာမက ASEANSAI အဖွဲ့ တစ်ရပ်လုံးရဲ့ အရည်အသွေးကိုပါ မြှင့်တင်နိုင်လျက် ရှိတာကို ဝမ်းမြောက်စွာတွေ့ရပါတယ်။
ဒါကြောင့် ASEANSAI အနေနဲ့ အဖွဲ့အစည်း တည်ထောင်စဉ်က သဘောတူစာချုပ်ပါ အခြေခံ ဦးတည်ချက်များ ပြည့်မီစေရေး၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများမှာ မှန်ကန်သည့် ဘဏ္ဍာရေး ရှင်းတမ်းများဆောင်ရွက်နိုင်ရေး၊ အလွဲသုံးစားမှုများ ဟန့်တားရေးနဲ့ လိမ်လည်မှုကင်းတဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုများကို ဖော်ဆောင်သွားနိုင်ဖို့၊ ကောင်းမွန် သော အုပ်ချုပ်မှုစွမ်းရည် မြှင့်တင်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြဖို့ မိမိအနေနဲ့ တိုက်တွန်း လိုပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့နဲ့ ASEANSAI ရဲ့ ဒေသတွင်း နဲ့ နိုင်ငံတကာမိတ်ဖက်အစီအစဉ်များ ဆောင်ရွက် နိုင်ဖို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာ ဦးတည်ချက် များ ပြည့်မီစေရေးမှာ ASEANSAI ရဲ့ အခန်းကဏ္ဍကို မြှင့်တင်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
ASEAN နိုင်ငံများရှိ နိုင်ငံသားများနဲ့ အခွန်ထမ်း ပြည်သူများရဲ့ အကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေကို စွမ်းရည်ပြည့်ဝပြီး မှန်ကန်စွာ အသုံးပြုကြောင်း သေချာစေအောင် SAI Myanmar အနေနဲ့ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ ကာလတာအတွင်း ASEANSAI ဥက္ကဋ္ဌတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ ကြောင်းနှင့် ယခု(၆)ကြိမ်မြောက် ASEANSAI Summit မှာ ဆွေးနွေးမှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ် လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။