အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၃


အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်  မျှော်မှန်းချက်  ရေးဆွဲရေးဆိုင်ရာ       အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်မြောက်အစည်းအဝေးကို  ဖေဖော်ဝါရီ  ၂၀  ရက်မှ ၂၁ ရက်ရက်အထိ     အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ   Grand  Hyatt  Hotel ၌   ကျင်းပ သည်။

 


အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ပြုလုပ်ခဲ့ပြီး  အာဆီယံ  အဖွဲ့ဝင်နိုင်ငံများမှ    ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ  (Eminent Persons)၊   အဆင့်မြင့်   ကိုယ်စားလှယ် များ(High Level Representatives)၊   ကိုယ်စားလှယ်  များနှင့် အာဆီယံ နိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်း ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်သည်။ အဆိုပါ အစည်းအဝေးသို့  အဆင့်မြင့်လုပ်ငန်းအဖွဲ့ ဝင်များဖြစ်သည့်  မြန်မာနိုင်ငံ  ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်  ဦးဆောင်၍ မြန်မာနိုင်ငံ  အဆင့်မြင့်ကိုယ်စားလှယ်၊ အာဆီယံဆိုင်ရာ    မြန်မာအမြဲတမ်းကိုယ်စားလှယ်  ဦးအောင်မျိုးမြင့်နှင့်      နိုင်ငံခြားရေးဝန်ကြီးဌာနမှ  အရာထမ်းများ လိုက်ပါတက်ရောက်ကြသည်။

 


အစည်းအဝေးတွင်   အာဆီယံအသိုက်အဝန်း  ၂၀၂၅ အလွန်   မျှော်မှန်းချက်၌   ထည့်သွင်းမည့် အဓိကသွင်ပြင်လက္ခဏာများကို   ဆွေးနွေးညှိနှိုင်း ခြင်း၊     ပြီးပြည့်စုံပြီး      အားလုံးအကျုံးဝင်သည့်  မျှော်မှန်းချက်ပေါ်ထွက်လာရေးအတွက်  ဒေသတွင်း  ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး  ရန်ကိစ္စ၊ ၂၀၂၃ ခုနှစ်အတွင်း အဆင့်မြင့်လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်သွားမည့်    လုပ်ငန်းအစီအစဉ်များကိစ္စ၊ တီမောလက်စ်တေနိုင်ငံကို   လေ့လာသူနိုင်ငံအဖြစ် အဆင့်မြင့်လုပ်ငန်းအဖွဲ့   အစည်းအဝေးသို့   စတင် ဖိတ်ကြားရေးကိစ္စ၊ ၂၀၂၃ ခုနှစ်  မေလတွင်ကျင်းပမည့် (၄၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏   အစီရင်ခံစာ  နှင့်  အကြံပြုတင်ပြချက်များကိစ္စတို့ကို အမြင်ချင်း ဖလှယ် ဆွေးနွေးသည်။ ထို့ပြင်  အဆင့်မြင့်လုပ်ငန်း အဖွဲ့သည်  အာဆီယံနှင့်  ဆက်စပ်အဖွဲ့အစည်းများ  ဖြစ်သည့်    ဂျကာတာမြို့အခြေစိုက်    အာဆီယံ ဖောင်ဒေးရှင်းနှင့် အာဆီယံငြိမ်းချမ်းရေးနှင့် ပြန်လည်  သင့်မြတ်ရေး ဗဟိုဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်   မျှော်မှန်းချက်တွင်   ထည့်သွင်းရေးဆွဲသင့် သည့် ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေး  ကြသည်။ 

 


အစည်းအဝေးတွင်  ဒုတိယဝန်ကြီးက  အာဆီယံ  အသိုက်အဝန်း  ၂၀၂၅ အလွန်   မျှော်မှန်းချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုကွာဟချက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊ ပြည်သူများ ကိုဗဟိုပြု၍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေး နိုင်သော  လက်တွေ့ကျသည့် မျှော်မှန်းချက်များဖြစ်ရန်  လိုအပ်ပါကြောင်း၊   အနာဂတ်ကာလတွင်   ဖြစ်ပေါ် လာနိုင်သော မမျှော်မှန်းနိုင်သည့်ကိစ္စများကို  ခြုံငုံ သုံးသပ်ပြင်ဆင် ဖြည့်စွက်နိုင်ရေးအတွက် ကာလ လယ်သုံးသပ်ချက်များကို   ထည့်သွင်းရေးဆွဲသင့်ပါ ကြောင်း ဆွေးနွေးသည်။

 


လက်ရှိ အာဆီယံအသိုက်အဝန်း (၂၀၁၅-၂၀၂၅) သည် မကြာမီပြီးဆုံးတော့မည်ဖြစ်ပါသဖြင့် အာဆီယံ  အသိုက်အဝန်း   ၂၀၂၅  ခုနှစ်အလွန်  မျှော်မှန်းချက်  ရေးဆွဲရန်    အဆင့်မြင့်လုပ်ငန်းအဖွဲ့   ဖွဲ့စည်းရေးကို ၂၀၂၁ ခုနှစ်  အောက်တိုဘာ ၂၆ ရက်တွင်   ကျင်းပခဲ့ သည့်   (၃၈) ကြိမ်မြောက်နှင့်   (၃၉)ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်းအဝေးတွင်    အတည်ပြုခဲ့ သည်။ အဆိုပါ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များဖြင့်  ဖွဲ့စည်းထား  ကြောင်း သိရသည်။                          

သတင်းစဉ်