အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံအဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အချက်အချာကျမှု စသော ရေရှည်အကျိုးစီးပွားများကို ရည်မျှော်၍ အာဆီယံပဋိညာဉ်စာတမ်းပါ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်

 

သတင်းထုတ်ပြန်ချက်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့တွင်ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊  ဘရူနိုင်းနိုင်ငံသည် အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ ကြေညာ ချက်ကို ၁၆-၁၀-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ 

 


ထို့နောက် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂)သည် ၁၈-၁၀-၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း၊ ၁၉-၁၀-၂၀၂၁ ရက်နေ့တွင် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာဘက်သို့ သံတမန်လမ်းကြောင်းမှ လည်းကောင်း၊       ၁၅-၁၀-၂၀၂၁ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့သည့်ကိစ္စကို ဖော်ပြပြီးနောက်  ၂၆-၁၀-၂၀၂၁ ရက်နေ့မှ   ၂၈-၁၀-၂၀၂၁  ရက်နေ့အထိကျင်းပမည့် (၃၈)ကြိမ်နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး များနှင့် ဆက်စပ်အစည်းအဝေးများသို့  မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကို အဆိုပါ အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း မြန်မာဘက်သို့ အသိပေးလာပါသည်။

 


၁၅-၁၀-၂၀၂၁   ရက်နေ့     အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတွင်       အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန်   မြန်မာနိုင်ငံ၏   ကိုယ်စားပြုမှုကိစ္စကို  ဆွေးနွေး ခဲ့ရာတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ/   နိုင်ငံတော် ဝန်ကြီးချုပ်အား ဖိတ်ကြားရန် အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒ မရရှိခဲ့ကြသကဲ့သို့   မဖိတ်ကြားရန်လည်း    တူညီဆန္ဒမရရှိခဲ့ပါ။ သို့ရာတွင်   အစည်းအဝေးအပြီး   အာဆီယံအလှည့်ကျဥက္ကဋ္ဌမှ ထုတ်ပြန်ခဲ့သည့်  ကြေညာချက်တွင်  အဆိုပါတူညီဆန္ဒမရရှိသည့် ကိစ္စကို ထည့်သွင်းဖော်ပြခဲ့သောကြောင့် အာဆီယံပဋိညာဉ် အပိုဒ်-၂၀(၁) ပြဋ္ဌာန်းချက်ဖြစ်သည့်   ဆုံးဖြတ်ချက်များ   ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်ဆိုသည့်အချက် နှင့် မကိုက်ညီကြောင်း တွေ့ရှိရပါသည်။ 

 


အာဆီယံပဋိညာဉ်၏ အပိုဒ်-၈(၂)(က)အရ အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည်  ဖိတ်ကြားရေးကိစ္စအပါအဝင် အာဆီယံ ထိပ်သီးအစည်းအဝေးကိစ္စများကို  ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရ မည်ဟု ဖော်ပြထားပြီး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဆောင်ရွက်ရမည့်  ကိစ္စမဟုတ်ပါ။  ၄-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပသည့်   (၃၀)ကြိမ်မြောက်    အာဆီယံညှိနှိုင်းပေါင်းစပ်ရေး ကောင်စီအစည်းအဝေးတွင် အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုမှုကိစ္စကို ဆွေးနွေးခြင်းမရှိဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အရေးပေါ်အစည်းအဝေးကျင်းပပြီး ယင်းကိစ္စကို ဆွေးနွေးခဲ့သောကြောင့် ပြဋ္ဌာန်းထားသည့် အပိုဒ်-၈(၂)(က)ပါ လုပ်ထုံး/လုပ်နည်းများနှင့်မညီကြောင်း တွေ့ရှိရပါသည်။ 

 


အာဆီယံပဋိညာဉ်၊   ပုဒ်မ ၂၀ (၁)အရ  ဆုံးဖြတ်ချက်များကို တူညီဆန္ဒဖြင့်သာ ချမှတ်ရမည်ဖြစ်ပြီး၊ တူညီဆန္ဒမရရှိသည့်အခါ ပုဒ်မ ၂၀ (၂) ပါပြဋ္ဌာန်းချက်အရ ဆုံးဖြတ်ချက်ကို အာဆီယံ ထိပ်သီးအစည်း အဝေးကသာ ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ပါသည်။

 


၁၅-၁၀-၂၀၂၁   ရက်နေ့   အစည်းအဝေးတွင်   မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးခဲ့ရာတွင်  အာဆီယံပဋိညာဉ် အပိုဒ်အချို့အပေါ် ၎င်းတို့ လိုသလို အဓိပ္ပာယ်ဖွင့်ဆို ရာတွင်   သဘောထားကွဲလွဲမှုရှိပါက   ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်အရ စေ့စပ်ဖျန်ဖြေရေးဖြစ်သည့် အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။  ပုဒ်မ ၂၆ တွင်  ဖြေရှင်း၍မရသော အငြင်းပွားမှုများကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြဆုံးဖြတ် ချက်ရယူရမည်ဟု ဖော်ပြထားပါသည်။ 

 


၁၅-၁၀-၂၀၂၁ ရက်နေ့ အစည်းအဝေးတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌမှ ဆုံးဖြတ်ခဲ့မှုများသည် အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှု မရှိသောကြောင့် သက်ဆိုင်ရာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်ရန် ခက်ခဲပါကြောင်း ဖော်ပြအပ်ပါသည်။

 


ထို့အပြင် ၁၅-၁၀-၂၀၂၁ ရက်နေ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို အကြောင်းပြုပြီး အာဆီယံထိပ်သီးအစည်း အဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်ရေးကိစ္စကို အဓိက ထား ဆွေးနွေးခဲ့သောကြောင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၂) (က)၊ (င)နှင့်(စ)ပါ ပြဋ္ဌာန်းချက်များဖြစ်သည့်   အဖွဲ့ဝင်နိုင်ငံများ၏    အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို     လေးစားရန်၊       ပြည်တွင်းရေး မစွက်ဖက်ရန်နှင့်    အဖွဲ့ဝင်နိုင်ငံများ၏   အမျိုးသားရေးတည်ရှိမှုကို ပြင်ပမှ မစွက်ဖက်ရေး စသည့်မူများနှင့် ဆန့်ကျင်နေကြောင်း တွေ့ရပါ သည်။

 


အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၅)အရ အဖွဲ့ဝင်နိုင်ငံများအားလုံး သည် တန်းတူရည်တူရှိပြီး၊ အပိုဒ် (၇)(၁)အရ အာဆီယံထိပ်သီးအစည်း အဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ များဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် မြန်မာနိုင်ငံ အနေဖြင့်   နိုင်ငံအကြီးအကဲမှ  အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့်အဝရပိုင်ခွင့်ရှိပါသည်။ အကယ်၍   အချို့အာဆီယံနိုင်ငံများက   ယင်းကိစ္စအပေါ် မေးခွန်း ထုတ်လာပါက အထက်ဖော်ပြပါ အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ တိကျစွာ ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

 


ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံစိတ်ဓာတ်၊ အာဆီယံ နည်းလမ်းများနှင့်အညီ သဘောထားကွဲလွဲမှုများကို တိုင်ပင်ဆွေးနွေးမှု နှင့် စေ့စပ်ဆွေးနွေးမှု နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း   အာဆီယံပဋိညာဉ်  စာတမ်းပြဋ္ဌာန်းချက်ပါ အချက်များ၊  မူများ၊  ဦးတည်ချက်များနှင့် ဆန့်ကျင်ပြီး၊  မျှတမှုမရှိ မူဘောင်ကျော်လွန်ဆောင်ရွက်မှုများကို လက်ခံနိုင်ခြင်းမရှိကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း အာဆီယံအဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အချက်အချာကျမှု စသော ရေရှည်အကျိုးစီးပွားများကို ရည်မျှော်၍ အာဆီယံပဋိညာဉ် စာတမ်းပါ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ   ၂၂   ရက်
နေပြည်တော်