
ရန်ကုန် ဇူလိုင် ၁၇
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို ဇူလိုင် ၁၈ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
အုပ်စု (ခ) အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၇ ရက်က ပြုလုပ်ရာ နည်းပြ ချုပ်များ တက်ရောက်ခဲ့သည်။ မြန်မာ ယူ - ၁၉ အသင်း နည်းပြချုပ် ဦးအောင်နိုင်က ‘‘အားလုံးသိထား တဲ့အတိုင်း မြန်မာအသင်းက အုပ်စုကျပ်မှာ ကျရောက်နေပါတယ်။ သြစတြေးလျ၊ ဗီယက်နမ် စတဲ့ အသင်းကောင်းတွေပါဝင်သလို လာအိုကလည်း တိုးတက်လာတဲ့အသင်း ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အသင်းတိုင်းက သေချာပြင်ဆင်လာမှာ ဖြစ်သလို မြန်မာအသင်းအနေနဲ့လည်း အကောင်းဆုံးပြင်ဆင် လာခဲ့ပါတယ်။ ပွဲစဉ်တိုင်းကို သေချာအာရုံစိုက်ပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ လက်ရှိမှာတော့ ဗီယက်နမ်နဲ့ အဖွင့်ပွဲစဉ်ကိုပဲ အာရုံစိုက်ထားပါတယ်” ပြောကြားခဲ့သည်။
အုပ်စု (ခ) ပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် လာအိုအသင်းနှင့် သြစတြေးလျအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MFF