
နေပြည်တော် ဒီဇင်ဘာ ၆
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကမ်းလွန်ပင်လယ်ပြင် တွင် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise(ARNEX-2021)သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ်ဇော်ဇော်လတ် ဦးဆောင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိရာ အလယ်ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဦးဆောင်၍ တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက်ကြ သည်။
ရန်ကုန်မြို့မှ စတင်ထွက်ခွာ
အဆိုပါ အာဆီယံ-ရုရှားရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ် (ကျန်စစ်သား)သည် နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန် မြို့မှ စတင်ထွက်ခွာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ BELAWAN ဆိပ်ကမ်းအနီးသို့ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။ ASEAN-RUSSIA Naval Exercise (ARNEX-2021) ဖွင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနား သို့ အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Alexander Ivanov ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Lyudmila Vorobyeva ၊ အင်ဒိုနီးရှားရေတပ်မှ အမှတ်(၁)စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Arsyad Abdullah နှင့် အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများ၊ စစ်သံမှူးများ တက်ရောက်ကြပြီး လေ့ကျင့်ခန်းတွင် ပါဝင်သည့်စစ်ရေယာဉ်များမှ Virtual Conferencing ဖြင့် တက်ရောက်ခဲ့ကြ သည်။
စစ်ရေယာဉ်(ကျန်စစ်သား)သည် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ အာဆီယံနှင့် ရုရှားရေတပ်တို့မှ စစ်ရေယာဉ်များ၊ လေယာဉ်/ရဟတ်ယာဉ်များနှင့် အတူ ဆူမားတြားကမ်းလွန်ပင်လယ်ပြင်တွင် ရေယာဉ် များ ပုံပြုမောင်းနှင်ခြင်း၊ သံသယဖြစ်ဖွယ်ရေယာဉ် များအား ရှာဖွေထောက်လှမ်းခြင်းနှင့် ရေယာဉ်ပေါ်သို့ တက်ရောက်ရှာဖွေစီးနင်းခြင်း၊ အချက်ပြဆက်သွယ် ခြင်း၊ ကာကင်းထုတ်ချီတက်ခြင်း၊ ပျက်စီးထိန်း ဆောင်ရွက်မှု၊ စစ်နည်းဗျူဟာဆိုင်ရာသင်ခန်းစာ များ အပြန်အလှန်မေးမြန်းခြင်း၊ ပင်လယ်ပြင် ထောက်ပံ့ဖြည့်တင်းရေးဆောင်ရွက်ခြင်း၊ ရေယာဉ် များပေါ်သို့ ရဟတ်ယာဉ်ဆင်းသက်ခြင်း၊ ညအချိန် ရေယာဉ်အုပ်လိုက် ချီတက်ခုတ်မောင်းခြင်း၊ ရှာဖွေ ကယ်ဆယ်ရေး စသည့်လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်း တွင် လေ့ကျင့်ခန်းပြီးဆုံး၍ ပိတ်ပွဲအခမ်းအနားကို ပင်လယ်ပြင်တွင်ဆောင်ရွက်ခဲ့ပြီး စစ်ရေယာဉ်များ အချင်းချင်း အပြန်အလှန်နှုတ်ဆက်ကြသည်။
ပထမဦးဆုံးသော ရေတပ်လေ့ကျင့်ခန်း
အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise (ARNEX- 2021)တွင် မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ကျန်စစ်သား)၊ ရုရှား နိုင်ငံမှ ဖျက်သင်္ဘော Admiral Panteleyev တို့ အပါ အဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ စစ်ရေယာဉ် ရှစ်စင်း၊ ရဟတ်ယာဉ် သုံးစင်းနှင့် ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ် တစ်စင်းတို့ ပါဝင်ခဲ့ကြပြီး လာအို၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ လေ့လာ သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယခု လေ့ကျင့်ခန်းသည် ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား နှစ်ပေါင်း ၃၀ ကြာ ဆက်ဆံရေးခိုင်မြဲသည့် အထိမ်းအမှတ်အဖြစ် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် အချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ရရှိရန် လေ့ကျင့်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ရုရှား နိုင်ငံနှင့် မဟာဗျူဟာမြောက် အာဆီယံမိတ်ဖက်နိုင်ငံ များအကြား သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်ကြောင်းနှင့် အာဆီယံ-ရုရှားရေတပ်များ ပူးတွဲလေ့ကျင့်သည့် ပထမဦးဆုံးသော ရေတပ် လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ရေမိုင် ၃၀၀၀ ခန့်ကို ခရီးနှင်ခဲ့
တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)သည် ယခုခရီးစဉ်တစ်လျှောက် စုစုပေါင်းရေမိုင် ၃၀၀၀ ခန့်ကို ခရီးနှင်ခဲ့ပြီး ပင်လယ်ရေကြောင်း ဆိုင်ရာ လုံခြုံရေးအတွက် ဦးတည်ဆောင်ရွက်သည့် အာဆီယံ-ရုရှားရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းတွင် အောင်မြင်စွာ ပူးပေါင်းလေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်