
နေပြည်တော် မတ် ၂၅
မြန်မာ့တပ်မတော်တွင် ခေတ်အဆက်ဆက်တာဝန် ထမ်းဆောင်ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) ၇ ဦး၏ ပုံစံတူရုပ်တုများဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်စစ်သမိုင်း ပြတိုက်ရှိ မော်ကွန်းတိုက်မှူးရုံးပြခန်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစား တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အဆိုပါ နိုင်ငံ၏ တပ်မတော်အပေါ်တွင် လုံးဝတည်မီနေပါ ကြောင်း၊ တပ်မတော်တစ်ရပ်ရေရှည်တည်တံ့ခိုင်မြဲ ရေးတွင် တပ်မတော်၏အစဉ်အလာကောင်းများကို တစိုက်မတ်မတ် ဆက်လက်ထိန်းသိမ်းနိုင်ခြင်း အပေါ်တွင်သာ အဓိကမူတည်နေပါကြောင်း၊ နှစ်ပေါင်း ၁၀၀၀ ကျော် မြန်မာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက တပ်မတော် အင်အား တောင့်တင်းချိန်များတွင် နိုင်ငံ၏ ဘုန်းမီးနေလ တောက်ပလေ့ရှိပြီး တပ်မတော် အင်အားချည့်နဲ့ပြီး စည်းလုံးညီညွတ်မှု ပြိုကွဲချိန်များတွင် တိုင်းပြည် ဖရိုဖရဲဖြစ်လေ့ရှိသည်ကို သမိုင်းကြောင်းက အထင် အရှားပြဆိုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဟူသည့်အချက်ကို မည်သူမျှငြင်းပယ်၍ ရနိုင်မည် မဟုတ်ဘဲ ပကတိတရား အရှိတရားတစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်ကြီးကို စတင် ဖွဲ့စည်းခဲ့သည့်နေ့မှစ၍ ယနေ့အထိ ၇၅ နှစ်ကျော် ကာလအတွင်း အမည်နာမအမျိုးမျိုး ပြောင်းလဲခဲ့ သကဲ့သို့ ဦးစီးကွပ်ကဲသည့် ခေါင်းဆောင်များ၊ တပ်မှူးများ၊ အရာရှိ စစ်သည်များလည်း ပြောင်းလဲ ခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် ပခုံးပြောင်းတာဝန် ယူခဲ့ကြသော်လည်း တပ်မတော်၏ဂုဏ်သည် မှေးမှိန် ခြင်းမရှိဘဲ တောက်ပြောင်နေခြင်းမှာ ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ဦးဆောင်သည့် တပ်မတော်၏ ကောင်းမြတ်သော အစဉ်အလာများကြောင့်ပင် ဖြစ်ပါကြောင်း၊ ယင်းအစဉ်အလာကောင်းများကို တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့မှ စတင်မျိုးစေ့ချပေးခဲ့ကြပြီး အဆင့်ဆင့်တာဝန်ယူခဲ့ကြသည့် ခေါင်းဆောင်များ၊ တပ်မှူးများက အစဉ်တစိုက် ဆက်လက်ပြုစု ပျိုးထောင်ထိန်းသိမ်းခဲ့ကြသောကြောင့် ယနေ့တိုင် မတိမ်ကော မပျောက်ပျက်ဘဲ အမျိုးသားအင်အား စုကြီးတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေခြင်း ဖြစ်ပါကြောင်း။
တပ်မတော်သို့ ဝင်ရောက်
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ယနေ့ ကာလအထိ ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၈ ဦး တာဝန်ထမ်းဆောင်ခဲ့ ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်များမှာ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး တင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် လက်ရှိတာဝန်ထမ်းနေသည့် မိမိတို့ပင်ဖြစ်ပါ ကြောင်း၊ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ တာဝန်ထမ်းဆောင်မှုများကို အကျဉ်းချုပ်ပြောရမည်ဆိုပါက ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် ၁၉၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် တပ်မတော်သို့ ဝင်ရောက်၍ အဆင့်ဆင်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် စစ်ဦးစီးချုပ် (ကာကွယ်ရေးဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တပ်မတော် မှ အငြိမ်းစားယူခဲ့ပါကြောင်း။
တာဝန်တို့ကို ထမ်းဆောင်
ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားပြီးနောက် ဂျပန်တို့နှင့် အဆက်အသွယ်ရယူကာ ရဲဘော်သုံးကျိပ် ကို ဖွဲ့စည်း၍ စစ်ပညာကို အလျင်အမြန်သင်ယူခဲ့ ကြရာတွင် သခင်ရှုမောင် (ခေါ်) ဗိုလ်ချုပ်ကြီး နေဝင်း သည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါကြောင်း၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ စစ်ကြောင်း ကြီး လေးကြောင်းဖြင့် ဝင်ရောက်ခဲ့ရာတွင် ဗိုလ်နေဝင်းသည် အတွင်းသူပုန်စစ်ကြောင်း၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါကြောင်း၊ ထို့နောက် တော်လှန်ရေးဆောင်ရွက်ချိန်များတွင် အဆင့်ဆင့် သော တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်၊ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပါကြောင်း၊ ထို့နောက် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ နိုင်ငံတော်သမ္မတ တာဝန်၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ပါကြောင်း။
ဗိုလ်ချုပ်ကြီးစန်းယုသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး အဆင့်ဆင့်တာဝန်များကို ထမ်းဆောင်ခဲ့ကာ ၁၉၆၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့အထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ ပါကြောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး နိုင်ငံတော် ကောင်စီအတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန ဝန်ကြီး၊ အမျိုးသားစီမံကိန်းဌာနဝန်ကြီး၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ ၁၉၈၁ ခုနှစ်တွင် ပါတီလုပ်ငန်းစိစစ် ရေး ဥက္ကဋ္ဌ၊ ၁၉၈၁ ခုနှစ်တွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ တာဝန်များကို ထမ်းဆောင် ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အငြိမ်းစားယူခဲ့ပါကြောင်း။
ဗိုလ်ချုပ်ကြီး တင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖော် ဝါရီ ၂၆ ရက်မှစ၍ တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး အဆင့်ဆင့်သော တာဝန်များကို ထမ်းဆောင်ခဲ့ ကြောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၈ ရက်တွင် ဗိုလ်ချုပ် ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း၊ ဗိုလ်ချုပ် ကြီး သူရကျော်ထင်သည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) သို့ တပ်သား အဆင့်ဖြင့် စတင်ဝင်ရောက်၍ အဆင့်ဆင့်သော တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်၊ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်တို့ကို ထမ်းဆောင် ခဲ့ပြီး ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ကြောင်း။
ဗိုလ်ချုပ်မှူးကြီး အဆင့်သို့ တိုးမြှင့်ရရှိ
ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် တပ်မတော်သို့ စတင် ဝင်ရောက်ခဲ့ပြီး အဆင့်ဆင့်သော တာဝန်များကို ထမ်းဆောင်ကာ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နေ့မှစတင်၍ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါ ကြောင်း၊ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ခံရပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့ပါ ကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်သို့ တိုးမြှင့်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၄ ရက် နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၅၂ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၉) သို့ တက်ရောက် ခဲ့ပြီး အဆင့်ဆင့်သော တာဝန်များကိုထမ်းဆောင်၍ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်၊ ၁၉၈၇ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခံခဲ့ရကြောင်း၊ ထို့နောက် ၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ် ကြီးအဆင့်သို့ ရာထူးတိုးမြှင့် ခန့်အပ်ခြင်းခံရပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ် (ကြည်း) တာဝန်များကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဥက္ကဋ္ဌ တာဝန် ကို စတင်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး တာဝန်၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ ပါကြောင်း၊ ၁၉၉၃ ခုနှစ် ၊ ဧပြီလ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် တပ်မတော် မှ အငြိမ်းစားယူခဲ့ပါကြောင်း။
နှိုင်းယှဉ်၍မရနိုင်အောင် မြင့်မားခဲ့
တပ်မတော်၏ အမျိုးသားရေး ဦးဆောင်ဦးရွက်ပြု ခဲ့သည့် အစဉ်အလာသည် မည်သည့်အဖွဲ့အစည်း နှင့်မျှ နှိုင်းယှဉ်၍မရနိုင်အောင် မြင့်မားခဲ့ပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတွင် အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြု ခဲ့ပြီး နိုင်ငံတော်၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း ပေးနိုင်သော အဖွဲ့အစည်းအဖြစ် ပြည်သူများက ယုံကြည်အားကိုးရသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ တပ်မတော်၏ ကြီးမားသည့် အမျိုးသားရေး အစဉ်အလာကို တည့်မတ်အောင် ထိန်းကျောင်းခဲ့သူများသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြ သူများပင် ဖြစ်ပါကြောင်း။
စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသ
တပ်မတော်အား အင်အားတောင့်တင်းခိုင်မာ စေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ချီးကျူးဂုဏ်ပြုပြီး နောင်လာနောက်သား မျိုးဆက်သစ်များက အမြဲ အမှတ်ရနေစေရန်အတွက် ယခုကဲ့သို့ ခန့်ညား ထည်ဝါစွာ ထုဆစ်ဂုဏ်ပြု၍ ယခုကဲ့သို့ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသခြင်းဖြင့် အမိ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို တန်ဖိုးထား မြတ်နိုးလိုစိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန် ထက်မြက်ပြီး နိုင်ငံတော်ကြီး တိုးတက်ခေတ်မီအောင် ဆောင်ရွက်လိုစိတ်များ ပွားများလာကာ အေးချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ အဆက်မပြတ်ရှင်သန်လာစေရန် အတွက် ဆန္ဒပြုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
စက်ခလုတ်နှိပ် ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (အငြိမ်းစား) ၇ ဦး၏ ရုပ်တုများကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုတပ်ဖွဲ့က စစ်ခရာမှုတ်၍ အလေးပြုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (အငြိမ်းစား) များ၏ ရုပ်တုများနှင့် တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် (၇၆) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပြခန်းများ ပြင်ဆင်ထားရှိမှုကို လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) များ၏ ပုံတူရုပ်တုများ ထုဆစ်နိုင်ရေး အတွက် ဓာတ်ပုံကိုအခြေခံပြီး 3D Graphic ဖြင့် Computer Design ရေးဆွဲခြင်း၊ Software ရေးသားပြီး CNC Machine များဖြင့် ထွင်းထုခြင်းများ၊ လက်မှုပညာဖြင့် အချောသတ်ခြင်းများကို အနုစိတ် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရုပ်တုများ၏ အတိုင်းအတာများအနေဖြင့် အလျား ၁၂ လက်မ၊ အနံ ၁၀ ဒသမ ၅ လက်မနှင့် အမြင့် ၂၄ လက်မ ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်