
ထားဝယ် ဇန်နဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ တိုင်းဒေသကြီးကိုယ်စားပြု အထိမ်းအမှတ် ယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနား၌ တိုင်းဒေသကြီး ကိုယ်စားပြုအထိမ်းအမှတ်ယာဉ်များတွင် အလှဆင်ရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းညှိနှိုင်းပြီး ဆောင်ရွက်နိုင်ရန် အတွက် အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့တွင် နိုင်ငံတော်အဆင့် တိုင်းဒေသ ကြီး/ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီး၏ ဂုဏ်ဆောင်လုပ်ငန်းများ နှင့်ပတ်သက်၍ မော်တော်ယာဉ် သုံးစီးကို အလှဆင် ပြီးပြည်ထောင်စုနေ့တွင် ပြသရမည်ဖြစ်ကြောင်း၊ အလှပြယာဉ်များတွင် ပြကွက်များသည် တိုင်းဂုဏ် ဆောင်၊ နိုင်ငံဂုဏ်ဆောင်ဖြစ်သည့်အတွက် လုပ်ငန်း များဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့တစ်ခုတည်းဆောင်ရွက်၍ မရသောကြောင့် ပညာ ရှင်များ၊ ဗဟုသုတကြွယ်ဝသူများနှင့် ဒေသခံများ ပူးပေါင်း ပါဝင်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း၊ မော်တော် ယာဉ်များတွင် တိုင်းဒေသကြီးအတွင်း၌ရှိသော ဒေသန္တရ Landmark ၊ ဒေသထွက်ကုန်နှင့်ဒေသရှိတိုင်းရင်းသားရိုးရာဓလေ့များကို ပြသရမည်ဖြစ် ကြောင်း၊ မော်တော်ယာဉ်များတွင် အလှဆင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာသော ပညာရှင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များက တိုင်းဒေသကြီး ကိုယ်စားပြု အထိမ်းအမှတ်ယာဉ်များတွင် အလှဆင်မည့် ဒေသန္တရ Landmark ၊ တနင်္သာရီ တိုင်းဒေသထွက်ကုန်၊ တိုင်းရင်းသား ရိုးရာဓလေ့ စသည့် အကြောင်းအရာများကို ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)