(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲဖိတ်ခေါ်

 

နေပြည်တော် စက်တင်ဘာ  ၂

 


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၄  ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက်  စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  ရောင်စုံဓာတ်ပုံပြိုင်ပွဲ အား  “လှပသာယာ ပြည်မြန်မာ”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊   သာယာလှပမှု၊  အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများ နှင့်  ရိုးရာယဉ်ကျေးမှုများ၊  လွတ်လပ်ရေးကြိုးပမ်းမှု၏  ထင်ရှားသည့် သင်္ကေတ၊   နေရာဒေသနှင့်  လူပုဂ္ဂိုလ်များ  စသည်တို့ကို ဖော်ညွှန်း ရိုက်ကူးထားသောဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 


ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်သည်။   ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ  ၁၀ လက်မ x ၁၅  လက်မ  အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft   Copy   (CD) ကို   တစ်ပါတည်း ပူးတွဲပေးပို့ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီး သော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများ ကို  အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူအမည်၊   မှတ်ပုံတင်အမှတ်၊  နေရပ်လိပ်စာ၊  ဓာတ်ပုံ၏ အကြောင်းအရာ၊   ရိုက်ကူးသည့်  နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။

 


ပြိုင်ပွဲဝင် ဓာတ်ပုံများကို ၃၁-၁၀-၂၀၂၂ ရက်နေ့ ညနေ  ၄  နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာန ခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အမှတ် (၂၂၈) သိမ်ဖြူလမ်း  ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့  ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့်   ယင်းနေ့ထက်ကျော်လွန်၍  ပေးပို့လာသော  ဓာတ်ပုံများအား ပြိုင်ပွဲဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။

သတင်းစဉ်