
နေပြည်တော် ဇန်နဝါရီ ၃
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သည့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါလမ်း၌ပြုလုပ်ရာ ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ KBS Family Company Limited မှ ဒါရိုက်တာ ဦးဘိုဘိုသောင်းက နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဆိုပါ ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့် နိုင်လွန်ကတ္တရာလမ်းသစ်သည် ၄၇၅ ဒသမ ၉၀ ကီလိုမီတာမှ ၄၇၉ ဒသမ ၀၀ ကီလိုမီတာအထိ လမ်းအရှည် ၃ ဒသမ ၁၀ ကီလိုမီတာအား လမ်း အနိမ့်အမြင့်ဖြစ်ပေါ်နေသော နေရာများကို လမ်းညှိ ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရန်အတွက် ရေမြောင်းများနှင့် လမ်းဖြတ်ကူးတံတား တည်ဆောက် ခြင်းလုပ်ငန်းများအပါအဝင် နိုင်လွန်ကတ္တရာလမ်း သစ်ခင်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်