
ပျဉ်းမနား ဒီဇင်ဘာ ၂၆
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်း လာစေရန်၊ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ချီးမြှင့်ပွဲကို ယနေ့ညနေ ၅ နာရီက လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ကျင်းပသည်။
တတိယလုပွဲတွင် တပ်ကုန်းအသင်းနှင့် စိန်ဝေနန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိန်ဝေနန်းအသင်းက နှစ်ပွဲပြတ်ဖြင့် တတိယဆု ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် သပြေ(၁)အသင်းနှင့် ပေါင်းလောင်းအသင်းတို့ သုံးပွဲယှဉ်ပြိုင်ကစားကြရာ သပြေ(၁)အသင်းက နှစ်ပွဲနိုင်၍ ဗိုလ်စွဲသွား သည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်ဌာနခွဲ) ညွှန်ကြားရေး မှူး ဦးကျော်ဆင့်က မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီး ဦးဝေလင်းနှင့် ဦးဖုန်းမြင့်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။
ထို့နောက် ဆုရရှိသည့်အသင်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ပြန်/ဆက်ဌာနခွဲ) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ပြိုင်ပွဲတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု ငွေကျပ် ၂၀၀၀၀၀၊ ဒုတိယဆု ငွေကျပ် ၁၅၀၀၀၀၊ တတိယဆု ငွေကျပ် ၁၀၀၀၀၀ နှင့် အထူးဆု ငွေကျပ် ၅၀၀၀၀ နှင့် အကောင်းဆုံးကစားသမားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)