(၇၄)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား အွန်လိုင်းမှပြသရန် စီစဉ်

ရန်ကုန်     ဇူလိုင်    ၄


ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို (၇၄)နှစ်မြောက် အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ပြသ ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအခြေအနေအရ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား အွန်လိုင်းမှပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။


ယမန်နှစ်က ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တို့ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း  မရှိကြောင်း၊ ယခုနှစ်တွင်   ဖွင့်လှစ်ပြသနိုင်ရန်  စီစဉ်ဆောင်ရွက် ခဲ့သော်လည်း   ယမန်နှစ်ကကဲ့သို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ  ကာကွယ်၊   တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်နိုင်ရေး ကိုပါ  ထည့်သွင်းစဉ်းစား ဆောင်ရွက်သည့်အနေဖြင့်  အွန်လိုင်းမှတစ်ဆင့် ပြသရန်  စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ 
ဖော်ပြထား


ဗိုလ်ချုပ်ပြတိုက်(သို့မဟုတ်)ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သည်  အမှတ်(၂၅)၊   ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊     ဗိုလ်ချို (၁)ရပ်ကွက်၊  ဗဟန်းမြို့နယ်၌    တည်ရှိသည်။    ဘဲဥပုံသဏ္ဌာန် မြေကွက်ဖြစ်၍   ခြံဝင်းအကျယ်မှာ   ၂   ဒသမ  ၄၂၃   ဧက ရှိသည်။   ၁၉၂၁  ခုနှစ်တွင်  အနောက်တိုင်း ဗိသုကာဟန် ရောနှောတည်ဆောက်ထားသော  ၂၀   ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ်အဆောက်အအုံမှာ ခြံဝင်းအတွင်းရှိသော  ၁၈  ပေမြင့်သည့်   ကုန်းပေါ်တွင်  တောင်ဘက်သို့မျက်နှာစာပြုကာ တည်ဆောက်ထား ခြင်းဖြစ်ကြောင်း  ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏  နောက်ခံသမိုင်းအကျဉ်း၌       ဖော်ပြထားသည်။ ပြတိုက်၌      ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်မှစ၍ ကျောင်းသားဘဝ၊     နိုင်ငံရေးလှုပ်ရှားမှုဘဝနှင့်  ဖြတ်သန်းမှုပုံရိပ်များ အပါအဝင်  စျာပနအခမ်းအနား   မှတ်တမ်းဓာတ်ပုံမြောက်မြားစွာလည်း ရှိနေကြောင်း လည်း သိရသည်။


ဗိုလ်ချုပ်အောင်ဆန်း      ကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိသားစု ဆက်လက်နေထိုင်ခဲ့၍ ၁၉၅၃  ခုနှစ်တွင် နေအိမ်ခြံဝင်းအတွင်း အရှေ့တောင်ဘက်ရှိ  ရေကန်၌   သားလတ်ဖြစ်သူ     အောင်ဆန်းလင်း  ရေနစ်သေဆုံးပြီးနောက်     အဆိုပါနေအိမ်တွင် မည်သူမျှ ဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ ၁၉၅၅- ၁၉၅၆   ခုနှစ်တွင်  ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ပထမဆုံးသော   ညွှန်ကြားရေးဝန်   ဦးသာမြတ်၊ အမျိုးသားပြတိုက်၊ ပြတိုက်မှူးကြီးဒေါ်ညွန့်ဟန်နှင့် အကြံပေးအရာရှိ Dr.Niharan Rays တို့မှဗိုလ်ချုပ် အောင်ဆန်းပြတိုက်နေအိမ်အား   အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက်  ပြတိုက်အဖြစ်  ဖွင့်လှစ်ရန်  စီစဉ်ဆောင်ရွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။ 


ထို့နောက်  ၁၉၅၇  ခုနှစ်   စက်တင်ဘာ ၉ ရက်တွင်     နိုင်ငံတော်အစိုးရက    ဗိုလ်ချုပ်၏ဇနီး  ဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ်  ပြသ ထားရှိရန် ပရိဘောဂပစ္စည်း ၅၃ မျိုးနှင့်အခြားပစ္စည်း များကို   စုဆောင်းနိုင်ခဲ့ပြီး   ၁၉၅၇     ခုနှစ်တွင် အောင်ဆန်းမြို့    ပြန်လည်ထူထောင်ရေးတပ်မှ  ဗိုလ်ချုပ်အောင်ဆန်းနေအိမ်အား    မွမ်းမံပြင်ဆင် ခဲ့ကာ  ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို စတင်ဖွင့်လှစ်ပြသခဲ့ကြောင်း၊  တော်လှန်ရေးကောင်စီ     အစိုးရလက်ထက်တွင် ပြတိုက်အဆောက်အအုံနှင့်   နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကာ ၁၉၆၂ ခုနှစ် ဇူလိုင် ၁၉  ရက်မှ ၂၅ ရက်အထိ ၁၅ နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ်အခမ်းအနားနှင့်အတူ    ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ  ၅    နာရီထိ   အခမဲ့ဖွင့်လှစ်ပြသခဲ့ကြောင်းလည်း သိရသည်။


အကြီးစားပြင်ဆင်ထိန်းသိမ်း


၁၉၉၉  ခုနှစ်  နိုဝင်ဘာ  ၇  ရက်မှစတင်၍ ပြတိုက်ကို        အကြီးစားပြင်ဆင်ထိန်းသိမ်းခဲ့ ပြီးနောက်  ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းအရပ်ရပ် အတွက် နိုင်ငံတော်မှ ငွေကျပ်သိန်း ၃၀၀  ကျခံသုံးစွဲ ခဲ့ကြောင်း၊   ဗိုလ်ချုပ်အောင်ဆန်းပြတိုက်   အဆောက် အအုံမှာ    မူလက     သံကူကွန်ကရစ်မဟုတ်ဘဲ  သစ်သားထည်  အုတ်ရိုးစီ အဆောက်အအုံသာဖြစ်ပြီး  အကြီးစားပြင်ဆင်သည့်အခါ    မူလလက်ရာမပျက် စေဘဲ    လိုအပ်သောနေရာတွင်   ကြံ့ခိုင်မှုအတွက် သံကူကွန်ကရစ်များဖြင့်       မွမ်းမံထိန်းသိမ်းခဲ့ကာ ၂၀၀၀  ပြည့်နှစ်  ဇူလိုင်  ၁၉  ရက်  အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့်အတူ      ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို  ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သတင်း-ပွင့်သစ္စာ 
ဓာတ်ပုံ- စိုးမြင့်အောင်