(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပ

Image not available
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်
နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပ
=======================================================
 
ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်
=========================
 
နေပြည်တော် ဖေဖော်ဝါရီ ၁၂
 
၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်း အနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပရာ ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြား သည်။
 
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုစိတ်ဓာတ် အရင်းခံ၍ အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်း လုံခြုံရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ မူးယစ် ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန် အဖြစ် ကြိုတင်တားဆီးကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်း တိုးတက် မြင့်မားစေရေး၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးဟူသည့် အမျိုးသားရေးဦးတည်ချက် ၅ ရပ်ဖြင့် အနှစ် သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်အလံ
ရှေးဦးစွာ (၇၃)နှစ်မြောက် ပြည်ထောင်စု နေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် ကျင်းပရာ တိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ ကို လွှင့်တင်သည်။
ယင်းနောက် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားသို့ တက်ရောက်အလေးပြုကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် နံနက် ၅ နာရီမှ စတင်၍ အခမ်းအနားကျင်းပမည့် မြို့တော် ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြ သည်။
နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော် ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။
ယင်းနောက် (၇၃)နှစ်မြောက် ပြည်ထောင်စု နေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုနေ့အခမ်း အနားကျင်းပသည့် မြို့တော်ခန်းမဥပစာ ရင်ပြင်ရှိ စင်မြင့်ပေါ်၌ နေရာယူပြီး ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
 
အလေးပြု
 
ထို့နောက် ဒုတိယသမ္မတသည်  တက်ရောက် လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ် သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
 
အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်