
ဒါနန်း စက်တင်ဘာ ၂၃
(၇) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏ အစည်းအဝေး(7th AMRI+3)ကို ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့၌ ယနေ့တွင် ကျင်းပရာ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်သုံးနိုင်ငံ မှ ပြန်ကြားရေးဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်၍ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် AMRI ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Nguyen Manh Hung ၊ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စီပြန်ကြားရေးဝန်ကြီး Mr. SUN YELI ၊ ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် Mr. Nomura Eigo နှင့် ကိုရီးယားသမ္မတနိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူး Mr. Nam Chanwoo တို့က အမှာစကား ပြောကြားကြသည်။
ဆွေးနွေးသဘောတူ
ဆက်လက်ပြီး အိမ်ရှင် ဗီယက်နမ်နိုင်ငံ က သတင်းအချက်အလက်နှင့် မီဒီယာ များမှတစ်ဆင့် အာဆီယံ + ၃ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးလုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၃ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို တင်ပြရာ အဆိုပါလုပ်ငန်းစီမံချက်များအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးနိုင်ရန် တက် ရောက်လာသည့် အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံများမှ ဝန်ကြီးများက ဆွေးနွေး သဘောတူခဲ့ကြသည်။
ထို့နောက် (၁၆)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ (AMRI) ၏ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များနှင့် ပတ်သက်သည့် ပူးတွဲမီဒီယာ ထုတ်ပြန်ချက်မူကြမ်းနှင့် အထွေထွေ ကိစ္စရပ်များအပေါ် သဘောတူခဲ့ကြသည်။
အာဆီယံဒေသတွင်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးများမြှင့်တင်ပေးရန်၊ မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်ရန်နှင့် New Media အပါအဝင် မီဒီယာကွန်ရက်ချိတ်ဆက်မှုများ တိုးမြှင့် ဆောင်ရွက်ရန်တို့အတွက် မဟာဗျူဟာ များချမှတ်၍ လက်ရှိလုပ်ငန်းစီမံချက်ကို ၂၀၂၅ အထိ သက်တမ်းတိုးရန် အတည်ပြု ကြသည်။
ဆက်လက်ပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဘရူနိုင်းနိုင်ငံက (၈) ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏ အစည်းအဝေး (8th AMRI+3) ကျင်းပမည့် နေ့ရက်နှင့်အချိန်အား အသိပေးတင်ပြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးသည်။
သွားရောက်လည်ပတ်
ခရီးစဉ်အတွင်း အိမ်ရှင်ဗီယက်နမ် နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် တက်ရောက်လာ ကြသည့် ကိုယ်စားလှယ်များသည် ဒါနန်း မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၄၀ အကွာတွင်ရှိသော BaNa တောင်ပေါ် သို့ မီတာ ၅၈၀၀ ကျော်ရှည်လျားသည့် ကေဘယ်ကားဖြင့် သွားရောက်လည်ပတ် ခဲ့သည်။
တောင်အောက်ခြေမှ မီတာ ၁၃၆၈ အမြင့်ထိ တက်နိုင်သဖြင့် အမြင့်ဆုံး တက်နိုင်သည့် Cable Car လည်း ဖြစ် သည်။ BaNa တောင်ပေါ်တွင် ပြင်သစ် ဘုရင်မကြီး၏ နွေရာသီစံအိမ်အဖြစ် အသုံးပြုခဲ့သောနေရာဖြစ်သည့် Old French Villas အား ဒေသခံခရီးသွားအဖွဲ့ အစည်းမှ ခရီးသွားများ လည်ပတ်စရာ နေရာအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယခု အခါ တောင်ပေါ်အပန်းဖြေစခန်းအဖြစ် လည်းကောင်း၊ ဟိုတယ်အဖြစ် လည်း ကောင်း ဖွင့်လှစ်ထားရှိပြီး အေးမြသည့် ရာသီဥတုကို ခံစားရင်း ရဲတိုက်အဆောက် အဦများ၊ ပန်းခင်းများဖြင့် ပုံဖော်စိုက်ပျိုး ထားသည့် သာယာလှပသောရှုခင်းများ နှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်သည့်အပြင် အလှဓာတ်ပုံများရိုက်ရန် အကောင်းဆုံး နေရာလည်းဖြစ်သော မီတာ ၁၅၀ ရှည်လျားသည့် Golden Bridge (ခေါ်) လက်ချောင်းတံတားနှင့် ပန်းဥယျာဉ်သို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခဲ့ သည်။ ဒါနန်းမြို့သို့ လာရောက်လည်ပတ် သည့် ပြည်တွင်းပြည်ပ ခရီးသွားများ သွားရောက်လေ့လာလေ့ရှိသည့် အထင် ကရနေရာတစ်ခုလည်းဖြစ်ကြောင်းလည်း သိရသည်။
ညနေပိုင်းတွင် AMRI ၊ SOMRI နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် လာကြသည့် အာဆီယံကိုယ်စားလှယ် များအား ဒါနန်းမြို့ အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ဆက်ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်