
ပုသိမ် မတ် ၃
(၆၁) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်း အနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူ များစုပေါင်း၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက် ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က တောင်သူလယ်သမားနေ့ အခမ်းအနားတွင် သီးနှံအမျိုးမျိုး၌ ပန်းတိုင်အထွက်နှုန်းရရှိသည့် တောင်သူများ၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ အောင်မြင်နေသည့် တောင်သူများက အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား တစ်ဆင့် ပြန်လည် မျှဝေဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ မိုးစပါး၊ နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် အဆင့်လိုက် ရည်မှန်းချက်ထား ဆောင်ရွက်မည်ဖြစ်ရာ လိုအပ်ချက် များကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာရန်လိုပါကြောင်း၊ တောင်သူများကလည်း လက်တွေ့စိုက်ပျိုးနေမှု၊ ဌာနဆိုင်ရာများကလည်း ပံ့ပိုးဆောင်ရွက်ပေးရမည့် အရာများကို ဆွေးနွေးအဖြေရှာရန်လိုပါကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် မိုးစပါး၊ နွေစပါး လက်ရှိ အထွက်နှုန်းထက် တစ်ဧက ၁၀ တင်းနှုန်း ပိုမိုထွက်ရှိရန် အတွက် စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ ကြပ်မက်ဆောင်ရွက် ရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီး ဌာန ဒုတိယတိုင်းဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် ခေါင်းစဉ်များအလိုက် အကျယ်တဝင့် ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် တိုးချဲ့ ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ စွန့်ပစ်ပစ္စည်းများအား မြေသြဇာထုတ်လုပ် အသုံးပြုနိုင်ရေးတို့ကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်ရာ တစ်ဧက ၁၀ တင်းနှုန်း ပိုမိုထွက်နိုင်မည့် ရေမြေသဘာဝရွေးချယ်ခြင်း၊ အထွက်မျိုးကောင်း မျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သွင်းအားစုများ ထည့်သွင်း အသုံးပြုခြင်း၊ ထုံးထည့်သွင်းခြင်း၊ တစ်သီးမှနှစ်သီး၊ နှစ်သီးမှ သုံးသီးစိုက်သို့ ပြောင်းလဲစိုက်ပျိုးရေး အစရှိသည့် ခေါင်းစဉ်များဖြင့် ဌာနဆိုင်ရာများနှင့် တောင်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားပွဲဝိုင်းအလိုက် ဆွေးနွေးရရှိသည့် ရလဒ်များအား စုစည်း၍ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)