
နေပြည်တော် မတ် ၂၁
(၅၈) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြ သည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း အတွဲ ၂၁၅၀ အနက် ကျောက်စိမ်းအတွဲ အမှတ် (၁) မှ (၇၅၀) အထိကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး ခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၅၇၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။
ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချ မည့် ကျောက်စိမ်းအတွဲပေါင်း အတွဲ ၂၁၅၀အနက် ကျောက်စိမ်း အတွဲအမှတ် (၇၅၁) မှ (၁၅၀၀) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်း လွှာများကို တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။
ကျောက်စိမ်း အတွဲအမှတ် (၇၅၁) မှ (၁၅၀၀) အထိ တင်သွင်း ထားသည့် ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံး များကို ဖွင့်ဖောက်စစ်ဆေးကာ မတ် ၂၂ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများကို ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲ အတွဲပေါင်း ၂၉၅ တွဲကို မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ရောင်းချပေး ခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲ ပေါင်း ၁၂၀ ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက် အတွဲပေါင်း ၇၇ တွဲကို လည်း ကောင်း ရောင်းချပေးနိုင်ခဲ့သည်။
ထို့ပြင် မဏိရတနာကျောက် စိမ်းခန်းမအတွင်း၌ ကျောက်မျက် နှင့်လက်ဝတ်ရတနာ အရောင်း ဆိုင်များကိုလည်း ဖွင့်လှစ်ထား ရှိရာ လာရောက်လေ့လာဝယ်ယူ သူများ ဖြင့် စည်ကားလျက်ရှိသည်။
ယခု ကျင်းပပြုလုပ်သည့် (၅၈) ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများ အတွက် စီးပွားရေးအကျိုးဖြစ် ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်သည်။
သတင်းစဉ်