( ၄၄)  ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည့် အနုပညာကဏ္ဍအသီးသီး ပြန်လည်ရှင်သန်လှုပ်ရှားနိုင်ရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်

 

ရန်ကုန် အောက်တိုဘာ ၁၃


(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၌ ကျင်းပသည်။
ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ အသက် ၇၀   နှင့်အထက် ရုပ်ရှင်ပညာရှင်ကြီးများ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊   ရန်ကုန်တိုင်း ဒေသကြီး  ဥပဒေချုပ် ဦးဌေးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   လှူဒါန်းသည့်   အလှူငွေကျပ်သိန်း  ၁၀၀  ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀ ကို  ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လည်းကောင်း၊ Forever Group နှင့် ရွှေသံလွင် ကုမ္ပဏီတို့က လှူဒါန်းသည့် အလှူငွေနှင့် ပစ္စည်းများကို တာဝန်ရှိသူများ က လည်းကောင်း၊ တစ်မိုးအောက်မြန်မာ   လူမှုကယ်ဆယ်ရေးအဖွဲ့က လှူဒါန်းသည့် Oxygen Concentrator  ၁၀ လုံးကို  အကယ်ဒမီရန်အောင် က  လည်းကောင်း     ပေးအပ်လှူဒါန်းရာ    မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ တာဝန်ရှိသူများက လက်ခံကြသည်။ 


ပူဇော်ကန်တော့


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက ကန်တော့ခံ သက်ကြီးအနုပညာရှင်များအား ပူဇော်ကန်တော့ကြပြီး ရုပ်ရှင်သက်ကြီးအနုပညာရှင် အကယ်ဒမီ စည်သူဦးကြည်စိုးထွန်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။


ထို့နောက်  ပြည်ထောင်စုဝန်ကြီးက  မုဒိတာစကားပြောကြားရာ တွင် သက်ကြီးဘိုးဘွားမိဘ ပညာရှင်များကို ယခုကဲ့သို့  မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ  ပူဇော်ကန်တော့ခွင့်ရသည့်အတွက်  လွန်စွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ နယ်ပယ်မှ ပုဂ္ဂိုလ်များကို ပညာရှင်များအဖြစ် တန်ဖိုးထားပါ ကြောင်း၊ ရုပ်ရှင်ပညာရှင်ကြီးများ၏ ကျန်းမာရေး၊ လူမှုရေးအပါအဝင် လိုအပ်ချက်များရှိပါက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန် လမ်းညွှန် ထားပါကြောင်း၊ ယနေ့အချိန်တွင် ရုပ်ရှင်အနုပညာလုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် အနုပညာနယ်ပယ်အသီးသီးတွင် အခက်အခဲအချို့ ကြုံတွေ့နေကြပါကြောင်း။


ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည့်  အနုပညာကဏ္ဍအသီးသီး  ပြန်လည်ရှင်သန်လှုပ်ရှားနိုင်ရေး အတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မကြာမီ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်၍ ရုပ်ရှင်အနုပညာများ ပြန်လည်လုပ်ကိုင် နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ရုပ်ရှင်နယ်ပယ်ကို စွန့်ခွာသွားကြသူများအတွက် စိတ်မကောင်း ဖြစ်ရပါကြောင်း၊ မိမိတို့အားလုံး၏ အနာဂတ်ပိုမိုကောင်းမွန်စေရန်နှင့်  ရုပ်ရှင်အဆင့်အတန်းမြင့်မားလာရေးအတွက် ရုပ်ရှင်အနုပညာရှင် အားလုံးက  စည်းစည်းလုံးလုံး  ညီညီညွတ်ညွတ်ဖြင့်  ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရုပ်ရှင်သက်ကြီးပညာရှင်များအားလုံး ကျန်းမာစွာဖြင့် ရုပ်ရှင်လောကအကျိုး၊ နိုင်ငံအကျိုးကိုပြန်လည် ဆောင်ရွက်နိုင်ရန်  ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း  ပြောကြား သည်။ 


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကန်တော့ခံ ရုပ်ရှင်သက်ကြီးပညာရှင်ကြီးများအား  တစ်ဦးချင်း  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်ချက်များ မေးမြန်းဆွေးနွေးသည်။ 


၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ပထမဆုံးရုပ်ရှင် “မေတ္တာနှင့်သူရာ” ဇာတ်ကားကို ရုံတင်ပြသနိုင်ခဲ့သဖြင့် ယင်းနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အောက်တိုဘာ ၁၃ ရက်  ရောက်တိုင်း ရုပ်ရှင်သက်ကြီးပညာရှင်ကြီးများကို ပူဇော်ကန်တော့ပွဲ များ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် (၄၄) ကြိမ်မြောက် ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။      


သတင်းစဉ်