
ပဲခူး ဇွန် ၇
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် တိုင်း ဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် များ ရယူပေးနိုင်ခဲ့သည့်အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ဇွန် ၇ ရက် နံနက်ပိုင်းက ကျင်းပသည်။
ထိုက်ထိုက်တန်တန်ဂုဏ်ပြု
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အတွင်းမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက အားကစားနည်း အလိုက် ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် ရှစ်ခု စုစုပေါင်း ၁၉ ခု ရယူနေပေးနိုင်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိကြောင်း၊ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဆုတံဆိပ်များ ရရှိလာပါ ကလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံတော်အလံလွှင့်ပျံအောင် စွမ်းဆောင်ကြိုးပမ်း နိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ၊ နည်းပြများအား ယခုကဲ့သို့ အခမ်းအနားဖြင့် မှတ်တမ်းတင် ထပ်ဆင့်ဂုဏ်ပြုပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် တိုင်းဒေသကြီးဂုဏ်ဆောင်အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်းကြီးများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရား သူကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများ၊ နိုင်ငံ့ ဂုဏ်ဆောင် ထူးချွန်အားကစားသမားဟောင်းများအတွက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်းငွေကျပ် ၅၄၉ သိန်းကျော် ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး/ပြည်နယ်နှင့် ၂၀၂၃ ခုနှစ် အမျိုးသား/အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ခုနစ်ခု ပေးရာ ပဲခူးတိုင်းဒေသကြီး တင်းနစ်အသင်းအနေဖြင့် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် နှစ်ခု၊ အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုးသားအကောင်းဆုံး အားကစားသမား ဆုများရရှိခဲ့ကြောင်း သိရသည်။ တင်စိုး(ပဲခူး)