(၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ဝန်ကြီးအဆင့်အစည်းအဝေးများကျင်းပ

 

ကုန်စည်ပို့ဆောင်ရေးကို Digital စနစ်သို့ ပြောင်းလဲအသုံးပြုရေးကိစ္စ အမြင်ချင်းဖလှယ်ဆွေးနွေး  

 

နေပြည်တော်   နိုဝင်ဘာ   ၁၁


(၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အဆိုပါ အစည်းအဝေးနှင့်အတူ အာဆီယံ- တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲ တို့ကိုလည်း တစ်ဆက်တည်းကျင်းပသည်။

 


အစည်းအဝေးများသို့  အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်  US-ABC မှ တာဝန် ရှိသူများ    တက်ရောက်ကြသည်။   မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်      ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော    ကိုယ်စားလှယ်အဖွဲ့    ပါဝင် တက်ရောက်ခဲ့သည်။

 


အဖွင့်အမှာစကားပြောကြား


အဆိုပါ (၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN  က  အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍    အစည်းအဝေးအစီအစဉ်အရ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ Ministry of Public Works and Transport မှ ဝန်ကြီး H.E. Mr. SUN Chanthol  က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အစည်းအဝေးအစီအစဉ်များအတိုင်း ကျင်းပရာ   တက်ရောက်လာသော  ပို့ဆောင်ရေး ဝန်ကြီးများက “အာဆီယံကွာလာလမ်ပူ ပို့ဆောင်ရေး လုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၂၅) တွင် ပါဝင်သော ပို့ဆောင်ရေးကဏ္ဍအသီးသီး၏   နိုင်ငံအလိုက်နှင့် ဒေသတွင်းဆောင်ရွက်ပြီးစီးမှု၊ အာဆီယံ၏ တစ်ခု တည်းသော လေကြောင်းနှင့် ရေကြောင်းဈေးကွက် ဖော်ဆောင်မှု၊   စင်ကာပူ-ကူမင်း  ရထားလမ်းစီမံ ကိန်း၊      အာဆီယံအဝေးပြေးလမ်းကွန်ရက်နှင့် အာဆီယံပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးမူဘောင် များအပေါ်   အကောင်အထည်ဖော်နိုင်မှု၊  ကုန်စည် ပို့ဆောင်ရေးကို Digital စနစ်သို့ ပြောင်းလဲအသုံးပြု ရေးကိစ္စ၊      အာဆီယံနှင့်   တရုတ်နိုင်ငံတို့အကြား ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ” ကို အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 


Digital စနစ် အသုံးပြုရန် လိုအပ်လာ


ယင်းနောက် “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အနာဂတ်တွင်     ဒေသတွင်းကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းမရှိစေရန်အတွက်    ကုန်စည် ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် Digital စနစ်ပြောင်းလဲအသုံးပြုရေး”နှင့်စပ်လျဉ်း၍   နိုင်ငံ အလိုက် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက “မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကာကွယ်တားဆီးရေးကို အခြားနိုင်ငံများ နည်းတူ ကန့်သတ်ချက်များ ချမှတ်ဆောင်ရွက်ရသည့် အတွက် ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် Digital စနစ် မဖြစ်မနေအသုံးပြုရန် လိုအပ်လာကြောင်း ဆွေးနွေး သည်။ 

 


ပူးပေါင်းဆောင်ရွက်သွားမည်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိ ပို့ဆောင်ရေးကဏ္ဍတွင် IT အသုံးပြုမှုများ၊ ဆက်သွယ် ရေးကွန်ရက် အဆင့်မြှင့်တင်ခြင်း National Portal နှင့် Data Centre တည်ဆောက်ခြင်း၊ e-Government Master Plan (၂၀၂၁-၂၀၃၀) ကာလရေးဆွဲခြင်းနှင့် အမျိုးသားအဆင့် Intelligent Transport System (ITS) Master Plan ရေးဆွဲရေး စသော IT အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုနှင့် နိုင်ငံ တော်အစိုးရက ချမှတ်ထားသည့် ဦးတည်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များကိုအခြေခံပြီး ဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသတွင်း ရေရှည်တည်တံ့သည့် ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် Digital စနစ်သို့ ပြောင်းလဲအသုံးပြုရာ၌ မြန်မာနိုင်ငံ အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးသည်။ 

 


မွန်းလွဲပိုင်းတွင် အကြိမ် (၂၀) မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများနှင့် US-ASEAN Business Council ဆွေးနွေးပွဲကို ကျင်းပသည်။ 

 


(၁၉) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး      (၁၂)   ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးအစည်းအဝေးနှင့်    အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများ/ ဖွံ့ဖြိုးမှုမိတ်ဖက်များ အထူး အစည်းအဝေးများကို   နိုဝင်ဘာ   ၁၂  ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း      သိရသည်။  


သတင်းစဉ်