
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ဆက်လက်ပြီး နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က ရှင်းလင်းသွားသည့်အချက်များသည် သတင်းအချက်အလက်များဖြစ်သည်ကို သိပါကြောင်း၊ ယခုတင်ပြ သည့်ပြဿနာသည် ရပ်ကွက်အတွင်း ဖြစ်နေသည့်ပြဿနာကိုမေးမြန်း ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီးအနေဖြင့် တစ်နိုင်ငံလုံးတွင် ရပ်ကွက်မည်မျှရှိသည်ကို သိပါသလဲဟုမေးမြန်းရာ နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင် က ရပ်ကွက်မည်မျှရှိသည်ကို မိမိအနေဖြင့် စာရင်းအတိအကျ မရှိပါ ကြောင်း ဖြေကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီးအား တိုင်ကြား ထားသည့်ရပ်ကွက် မည်မျှရှိသလဲဟုမေးမြန်းရာ နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မိမိထံတွင် တိုင်ကြားထားသည့် ရပ်ကွက်အားလုံးပေါင်း ၁၁ ရပ်ကွက်ခန့်ရှိကြောင်း ဖြေကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါ တိုင်ကြားထားသည့် ၁၁ ရပ်ကွက် ရှိသည်မှာ ဖြစ်နိုင်ကြောင်း၊ မဖြစ်နိုင်ဘူးဟု ငြင်းနေခြင်း မဟုတ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်မည်မျှရှိ သည်ထက် တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၃၅၂ မြို့နယ်ရှိကြောင်း၊ မြို့နယ်တစ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ မည်မျှရှိမည်ကို သတင်း ထောက်ကြီးမှန်းကြည့်ပါ၊ ထို့ကြောင့် သတင်းထောက်ကြီးထံတွင် လာအပ်သည့် ၁၁ ရပ်ကွက်ထက်မက မသမာမှုများရှိနိုင်ကြောင်း၊ မိမိတို့အား အဆိုပါအချက်အလက်များပေးခဲ့ပါ၊ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်ကို သတင်းထောက်ကြီး သိလိုခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပြီး မည်မျှထောင်ချလိုက်သည်ကို သတင်း ထောက်ကြီး သိလိုခြင်းဖြစ်ကြောင်း၊ စွပ်စွဲခံရသူမှာ ကာကွယ်ပိုင်ခွင့် ရှိသလို ၎င်းတို့က မဟုတ်ဘူး၊ အလွန်ကင်းရှင်းပါသည်ဟု မိမိပြော ခြင်းမဟုတ်ကြောင်း၊ မည်သူမျှ ခြောက်ပစ်ကင်း သဲလဲစင်မရှိကြောင်း၊ ထိုကိစ္စဖြစ်နေသည့် ၁၁ ရပ်ကွက်လုံးကို ပေးခဲ့ပါရန်နှင့် ထို ၁၁ ရပ်ကွက်ထက်မက ရှိနိုင်ပါသေးကြောင်း၊ မိမိတို့အနေဖြင့် နည်းလမ်း ကျနအောင် တရားဥပဒေအရ ဆောင်ရွက်ပေးမည်ဟု ပြောနိုင်ကြောင်း၊ သတင်းထောက်ကြီးလိုချင်သည့်အဖြေ “ ဘယ်လိုအရေးယူလိုက်မယ်၊ ဘယ်သူကို ဖြုတ်လိုက်မယ်” ဟူ၍ ယခုနေရာတွင် ပေးရန်မဖြစ်နိုင် ကြောင်း၊ တရားဥပဒေအရဖြစ်ရမည်ဟု ပြောနိုင်ကြောင်း ပြန်လည် ဖြေကြားသည်။
နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာ၏ သံဃာတော်အရှင်သူမြတ်များ မည်မျှလောက် လုပ်ကြံသတ်ဖြတ်မှု ခံရသည်ကို သတင်းထုတ်ပြန်မှုများ လုပ်သင့်ပါကြောင်း၊ မည်သည့် အတွက်ကြောင့် သတင်းမထုတ်ပြန်သလဲ၊ ထုတ်ပြန်ရန်အတွက် အစီ အစဉ် ရှိ မရှိနှင့် နိုင်ငံရေးတွင် ဘာသာရေး အဓိကရုဏ်းဖြစ်သည်အထိ သံဃာတော်များကို ပစ်မှတ်ထား အကြမ်းဖက်သတ်ဖြတ်မှုအပေါ် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက အခြားမည်သည့်ဘာသာဝင်များကို အကြမ်းဖက်စော်ကား သတ်ဖြတ်ထားခြင်းမရှိကြောင်း၊ ယခုအခါ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခံနေရမှုအပေါ် မိမိတို့ ဗုဒ္ဓဘာသာလူမျိုးအနေဖြင့် တော်တော်လေး ခံစားရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအပေါ် မည်ကဲ့သို့ ကာကွယ်စောင့်ရှောက် ပေးမည့် အစီအစဉ်ရှိပါသလဲ၊ ဆက်ပြီးဖြစ်လာနိုင်မည့် အဓိကရုဏ်းများ အတွက် သတင်းများ ကြားသိနေရကြောင်း၊ ထိုကိစ္စများ မဖြစ်နိုင်အောင် မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်မည်၊ မည်ကဲ့သို့ တားဆီးမည်၊ မည်ကဲ့သို့ စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သံဃာတော်များ လုပ်ကြံသတ်ဖြတ်ခံရမှု နှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံပိုင်သတင်းမီဒီယာများတွင် သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း၊ သံဃာတော်များနှင့်ပတ်သက်ပြီး တချို့ဘုန်းကြီးများနှင့် သံဃာတော် များ ရန်ပြုခံရမှုများရှိကြောင်း၊ လက်တွေ့မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ပြည်သူလုံခြုံရေး စောင့်ရှောက်မှုကာကွယ်ရေးအဖွဲ့များ က စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေ ဖြင့် လိုအပ်လာလျှင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ တွင် နိုင်ငံတော်အနေဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သာသနာရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ သံဃာတော်များသာမက လုပ်ကြံသတ်ဖြတ်ခံရသည့် အရပ်သား၊ ပြည်သူစာရင်းများ၊ ဝန်ထမ်းစာရင်းများကို နေ့စဉ်သတင်းစာတွင် အသေးစိတ်ဖော်ပြလျက်ရှိကြောင်း၊ နိုင်ငံခြားသတင်းမီဒီယာများကို နေ့စဉ် သတင်းအချက်အလက် အသေးစိတ်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
97 Media သတင်းဌာနမှ သတင်းထောက် ဦးနန္ဒလင်း(ထားဝယ်)က ရုရှား- မြန်မာ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်နိုင်ငံ ကိုယ်စားလှယ်များဆွေးနွေးခဲ့ခြင်းများရှိကြောင်း၊ ထိုဆွေးနွေးမှုများ တွင်ပါဝင်သည့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက် နေသည့်အခြေအနေများကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ရုရှား- မြန်မာနှစ်နိုင်ငံသည် ယခင် ကတည်းက ချစ်ကြည်ရင်းနှီးခဲ့သည့် နိုင်ငံများဖြစ်ကြောင်း၊ ယခင်ထက် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် ပိုမိုများပြား သည့်အခြေအနေဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ရုရှား- မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများမှာ ၂၀၁၄ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည့် စာချုပ် တွင် ရုရှား- မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းရေးဖွဲ့စည်းတည်ဆောက်မှုသဘောတူညီချက်အရ နှစ်နိုင်ငံ အကြား တတိယအကြိမ် ပူးတွဲကော်မရှင်အစည်းအဝေး ယခုနှစ် အတွင်း မြန်မာနိုင်ငံတွင် လက်ခံကျင်းပရေးကို ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ တတိယအကြိမ် ပူးတွဲကော်မရှင်မတိုင်မီ လက်ရှိ ကိုဗစ်ကာလ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်(MERP)ပါ လုပ်ငန်းစဉ်များအရ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး နှစ်ဖက်လုပ်ငန်းရှင်များပါသည့် ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ဗာကျူရယ်စနစ် ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဆောင်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံက သံအမတ်ကြီးနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုဆွေးနွေးပွဲတွင် နှစ်ဖက်ဦးစားပေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများရှိပြီး နှစ်နိုင်ငံအကြား ရှေ့ဆက်ဆောင်ရွက်မည့် မဟာဗျူဟာမူကြမ်းပါ ဦးစားပေးနှင့်ကိုက်ညီ သည့် လုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် အာမခံလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ စားသုံးကုန်ထုတ် လုပ်ငန်း စသည့်လုပ်ငန်းများနှင့် ပတ်သက်သည့် ကဏ္ဍအသီးသီး နှင့်စပ်လျဉ်း၍ အစိုးရတာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့ ကုမ္ပဏီ များပါဝင်ပြီး အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်း အသစ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ရုရှားဘက်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် နှစ်ဖက်နိုင်ငံအကျိုး စီးပွားဖြစ်ထွန်းစေပြီး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများအတွက် စီးပွားရေးဆွေးနွေးပွဲများကို မကြာမီ ဆက်လက်ကျင်းပသွားနိုင်ရေး တောင်းဆိုထားခြင်းကြောင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။
နိုင်ငံသစ္စာအွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးအောင် ကျော်ဦးက တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ပြည်သူများလိုလား တောင့်တကြကြောင်း၊ သို့သော် ယနေ့ဖြစ်နေသည် မှာ ဒလန်ဟုအမည်တပ်၍ လိုက်လံသတ်ဖြတ်နေကြောင်း၊ သတင်းပေး ဟုအမည်တပ် သတ်ဖြတ်နေကြောင်း၊ ထိုအထဲတွင် ကလေးသူငယ်၊ ရဟန်းများလည်း ပါဝင်ကြောင်း၊ အချုပ်ပြောရမည်ဆိုပါက နေ့စဉ် နီးပါးဖြစ်နေကြောင်း၊ ထိုထက်ဆိုးသည်မှာ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးကားများပင် ဗုံးခွဲတိုက်ခိုက်ခံနေရကြောင်း၊ ပြည်သူများဘဝ မလုံခြုံ၊ မအေးချမ်းသလို ခံစားနေရကြောင်း၊ ပြည်သူများအတွက် လုံခြုံရေးကို ယခုထက် ပိုမိုကောင်းမွန်သည့် လုံခြုံရေးအစီအမံများ မည်သို့တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG ၊ CRPH ၊ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့်ပြောခဲ့ပြီးဖြစ်ကြောင်း၊ ကျောင်းများကို မည်သို့မီးရှို့ခဲ့သည်၊ ကျောင်းဆရာ၊ ဆရာမများကို မည်သို့သတ်ဖြတ်ခဲ့သည်၊ ယနေ့နံနက် ၈ နာရီခွဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှေ့တွင် KIA နှင့် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်ဖြင့်လိုက်ပါလာသည့် ကျောင်းအုပ်ဆရာမဦးစီးသည့် ဆရာနှစ်ဦး၊ ဆရာမသုံးဦး၊ လမ်းဘေး တွင်ရှိသည့် ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦးတို့ မိုင်းစ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ထားခဲ့ရကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မြန်မာနိုင်ငံတွင် ပြန်လည်တည်ငြိမ်အေးချမ်းသာယာလာစေရန် လုံခြုံရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အကူအညီလည်းလိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်သည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအထောက်အကူပြု အဖွဲ့ အစည်းများသာမက ပြည်သူများကိုယ်တိုင် ပါဝင်နိုင်ရေးကို ဆောင် ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ လုံခြုံရေးစနစ်ဆောင်ရွက်မှုကို ယခု အချိန်တွင် အသေးစိတ်မပြောနိုင်သေးကြောင်း၊ ပိုမိုတိုးတက်လာရန် လုံခြုံရေးအဖွဲ့အစည်းပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ် အကောင်အထည် ဖော်ရာတွင် ပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြပါဟု ပြောလို ကြောင်း၊ ယခုအချိန် ပြည်သူလူထုအနေဖြင့် လုပ်နိုင်သည့်အချက်မှာ အပြစ်မဲ့ပြည်သူလူထု၊ အပြစ်မဲ့ကလေးသူငယ်များ မသေစေရန် အတွက် အသိပေးခြင်း၊ သတိပေးခြင်း၊ သတင်းပေးခြင်းတို့ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မိမိတို့ရရှိထားသောအချက်အလက်များ၊ ထင်မြင်ချက်များကို အသိပေး၊ သတိပေးဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံသစ္စာအွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးအောင် ကျော်ဦးက မိမိငွေကို ပြန်ထုတ်ရာတွင် ၆ ရာခိုင်နှုန်းပေးမှ ပွဲစားနှင့် ထုတ်၍ရကြောင်း၊ အကယ်၍ ရာခိုင်နှုန်းလည်းမပေး၊ ပွဲစားနှင့်လည်း မဆက်သွယ်ပါက ထုတ်၍မရကြောင်း၊ အထူးသဖြင့် KBZ ကဲ့သို့ ဘဏ်မျိုးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး မည်သို့အရေးယူ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗဟိုဘဏ်အနေဖြင့် ငွေထုတ်ရသည့် ကိစ္စများနှင့်ပတ်သက်ပြီး ရာခိုင်နှုန်းများမယူရန် စည်းကမ်းချက်များ ထုတ်ပြီးဖြစ်ကြောင်း၊ သို့သော် လက်တွေ့မြေပြင်တွင်လည်း ကြားနေ ရကြောင်း၊ လက်တွေ့မြေပြင်တွင် ရာခိုင်နှုန်းအချို့ပေးပြီးမှ ငွေထုတ် နေရသည်ကို ကြားနေရကြောင်း၊ ဘဏ်များမှ လက်တွေ့ရာခိုင်နှုန်း ပေး၍ထုတ်ခြင်းထက် ပါဝင်ပတ်သက်သူများဆီကတစ်ဆင့် ထုတ်ရ သည်ကိုလည်းသိရကြောင်း၊ ထိုကိစ္စမျိုးတွင် ပါဝင်ပတ်သက်နေသည့် အချို့သောဝန်ထမ်းများကိုလည်း အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆက်လက်ရှိနေဆဲဟုလည်း သိရကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ပြောလိုသည်မှာ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများအတိုင်း၊ တရား ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားသည်။
နိုင်ငံသစ္စာ အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးအောင်ကျော်ဦးက လုံခြုံရေးအရ ယောက်ျားနှစ်ယောက်မစီးရ၊ ရှေ့ကမိန်းကလေး၊ နောက်ကယောက်ျားလေးမစီးရဟု သိရကြောင်း၊ ထိုစည်းကမ်းကို ပြည်သူများ မဖြစ်မနေ လက်ခံနိုင်ကြောင်း၊ လုံခြုံရေး စည်းမျဉ်း၊ စည်းကမ်းအရလည်း နားလည်သဘောပေါက်ကြောင်း၊ ထိုအထဲတွင် နယ်မှဆိုင်ကယ်တချို့က သက်တမ်းမတိုးရသေး ကြောင်း၊ သို့သော်လည်း ကိုဗစ်- ၁၉ ရောဂါဖြစ်နေသည့်အချိန်ကစပြီး ယခုအချိန်အထိ တချို့နယ်များတွင် သက်တမ်းမတိုးရသေးသည့် ဆိုင်ကယ်များ အများအပြား ရှိနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆိုင်ကယ်များကို ဒဏ်ရိုက်ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့ကို လျှော့ပေါ့ ပေးစေလိုကြောင်း၊ သာယာဝတီတွင် ထောင်တစ်လချမှတ်ခဲ့ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး ဖြေလျှော့ပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စများနှင့်ပတ်သက်ပြီး အကြံပြု ချက်များကို သက်ဆိုင်ရာသို့ တင်ပြပေးမည်ဖြစ်ကြောင်း၊ ကညနနှင့် ပို့/ဆက်တို့တွင် ဆိုင်ကယ် လိုင်စင်၊ ကားလိုင်စင်များနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိလိမ့်မည်ဖြစ်ကြောင်း၊ လက်တွေ့မြေပြင် တွင် ဖြစ်နေသည့် ဖော်ပြချက်များနှင့် ဆက်စပ်ပြီး အကြံပြုတင်ပြပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် မခိုင်ခိုင်ထွေးက ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက် လုပ်ရပ်များက အလွန်များပြားနေကြောင်း၊ ထိုသို့များပြားနေခြင်းကို အိမ်စောင့်အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နင်းရန် အတွက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁ ရက်တွင် ပြင်ဆင်ဖြည့်စွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ဖြည့်စွက် ခဲ့သည့် အခြေအနေအပေါ် ဥပဒေအရ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ်ခုနစ် နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဆိုသည့်ဥပဒေကိုလည်း တွေ့ရှိရ ကြောင်း၊ ထိုကဲ့သို့ ဥပဒေများ ပြဋ္ဌာန်းပြီးနောက်တွင် NUG ၊ PDF၊ CRPH အကြမ်းဖက်အဖွဲ့များနှင့်ဆက်စပ်မှုရှိသော လူငယ်၊ လူရွယ် များကို ၎င်းတို့၏ မိဘများက သတင်းစာများတွင် သားသမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းဆိုသည့် ကြေညာမှုများကို ယခုလတ်တလော တွင် မကြာခဏဆိုသလို တွေ့မြင်နေရကြောင်း၊ မိမိသိလိုသည်မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ မိဘများက သားသမီးများကို အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာများတွင် ကြေညာလိုက်ရုံဖြင့် အမွေဆက်ခံခွင့် ဆုံးရှုံးပြီလား၊ တရားဥပဒေအရ အကျုံးဝင်ပြီလား ဆိုသည်ကို အကျယ်တဝင့် ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရက်ပိုင်း သတင်းစာများတွင် အမွေပြတ်ကြေညာခြင်းများ တော်တော်များများ တွေ့ရကြောင်း၊ Online Media ပေါ်တွင်လည်း ထိုသို့ အမွေဖြတ်ကြေညာသည်ကို ကြိုတင်ကာကွယ်ခြင်းပုံစံဖြင့် လုပ်သည်ဟူ၍လည်း တွေ့ရကြောင်း၊ ဥပဒေကြောင်းအရ တရားမဝင်ကြောင်း၊ သတင်းစာ၌ ကြေညာရုံမျှဖြင့် အမွေဆက်ခံခွင့်လည်း မဆုံးရှုံးဟု သိရကြောင်း၊ တရားရုံးတွင် သွာနုတ္တ သားသမီးအဖြစ်လျှောက်ထားပြီး တရားရုံးက ဆုံးဖြတ်မှသာ တရားဝင်နိုင်သည်ဟု ဥပဒေကြောင်းအရ သိရှိရကြောင်း၊ သတင်းစာ ထဲတွင် ထိုသို့ထည့်ထားပြီး အကြမ်းဖက်သမားများကို တိုက်ရိုက်၊ သွယ်ဝိုက်၊ အားပေးထောက်ပံ့နေပါကလည်း သက်ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း၊ NUG ၊ PDF ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရှောင်တိမ်း သွားသူများက ကိုယ်တိုင်အဓိကကျကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် သွေးထိုးလှုံ့ဆော်မှုကြောင့် ရှောင်တိမ်းသွားသူများ၊ ထွက်သွားသူများနှင့် ပတ်သက်ပြီး ယေဘုယျအားဖြင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းမရှိပါက ၎င်းတို့ပြန်လာနိုင်ကြောင်း၊ လက်ခံနိုင် ကြောင်းကို နေ့စဉ်ကြေညာ ပေးနေကြောင်း၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း၊ ဥပမာ ဖြိုးဇေယျာသော် တို့ လုပ်ဆောင်ခဲ့သည့် ရန်ကုန်အကြမ်းဖက်အဖွဲ့၏လက်အောက်ခံ STF အဖွဲ့တွင် လူငယ်များကို ဖောင်များပေးထားကြောင်း၊ ထိုဖောင် များကို သတင်းစာရှင်းလင်းပွဲပြီးပါက ပြသသွားမည်ဖြစ်ကြောင်း၊ လျှောက်လွှာပေး၍ ၎င်းတို့အဖွဲ့အဖြစ် သိမ်းသွင်းကြောင်း၊ သိမ်းသွင်း ရာတွင် ဖောင်ဖြည့်ပြီးပါက NUG ၊ PDF ၊ CRPH အဖွဲ့များ၏ ခိုင်းစေ ချက်အတိုင်း လိုက်လံလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုလူငယ် များ ဥပဒေဘောင်အတွင်း ပြန်ဝင်လိုသော်လည်း ထိုဖောင်ထဲတွင် မိဘအမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်များ ပါဝင်နေကြောင်း၊ တချို့လူငယ်များက မှားမှန်းသိ၍ ဥပဒေအရအရေးယူမခံရမီ ပြန်ဝင် ချင်ပါက ၎င်းတို့၏မိဘများကို တိုက်ရိုက်ခြိမ်းခြောက်ကြောင်း၊ စစ်ကိုင်းဘက်ရှိ တချို့ရွာများ၌ PDF အကြမ်းဖက်အဖွဲ့များက လူငယ်အကုန်လုံးကို မဖြစ်မနေ PDF ထဲသို့ဝင်ရမည်ဟု ဆွဲသွင်းပြီး မလုပ်ဘူးဆိုပါက “မင်းနဲ့ မင်းမိသားစုကို ဒလန်အဖြစ်ကြေညာမယ်” ဆိုပြီး လုပ်ဆောင်ခဲ့မှုများ ရှိကြောင်း၊ ထိုကဲ့သို့ အခက်အခဲမျိုးလည်း တွေ့ရကြောင်း၊ သို့သော် ကိုယ်တိုင်သာ အဓိကကျကြောင်း၊ ရှောင်တိမ်းနေသူများ၊ လမ်းမှားရောက်နေသည့်သူများကိုယ်တိုင်သာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်း မရှိပါက ပြန်လည်ဝင်ရောက်၍ရကြောင်း၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ONE News သတင်းဌာနမှ သတင်းထောက် သွင်ထူးအောင်က လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနေသလို ကာကွယ် ဆေးများလည်း ရောက်ရှိလာသည်ကို တွေ့ရကြောင်း၊ နောက်ထပ် မည်မျှထပ်ရောက်ရန် ရှိပါသေးသလဲ၊ ကာကွယ်ဆေးထိုးနှံပြီးသူများကို Booster ထိုးနှံပေးရန် အစီအစဉ် ရှိ မရှိ၊ မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်းမည်မျှကို ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားမှုတို့ကို ဖြည့်စွက်၍ ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ၄၁ သန်းကျော် ရောက်ရှိပြီးဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ ၂ သန်းလည်း ရောက်မည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ မူလ ရည်မှန်းချက်သည် အကျုံးဝင်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ယခုနှစ်ကုန်တွင် ထိုးနှံပြီးမည်ဖြစ်သည့်အတွက် လိုအပ်သည့် ဆေးများကိုလည်း ထပ်မံမှာယူ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း၊ Booster ထိုးနှံခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့မှုရှိကြောင်း၊ စက်မှုဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ဆေးသွင်းနိုင်ရန်၊ ပုလင်းသွင်းနိုင်ရန်တို့ အတွက် ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်ရသည့် အဓိက ရည်မှန်းချက်သည် ယခင် ကိုဗစ်နှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုအစည်းအဝေးတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထိုရောဂါသည် အရှင်းပျောက်သွားမည့် ရောဂါမဟုတ် ကြောင်း၊ ဆေးများကိုထိုးနှံရန် လိုအပ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်းမှာသာထုတ်နိုင်ရန် ဆောင်ရွက်မည်ဟုဆိုပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေရှည်စီမံချက်ဖြင့်လုပ်နေခြင်း ဖြစ် သည့်အတွက်ကြောင့် ထိုလုပ်ငန်းများအားလုံးပျံ့နှံ့၍ တစ်နိုင်ငံလုံး ထိုးပြီးသွားသည့်အချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု အချိန်အထိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ ပါ ထိုးနေပြီး နောက်ပိုင်းတွေ့ရှိချက်များအရ တစ်နိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ မိုးသောက်ပန်းက မေးမြန်းခြင်းနှင့် ဖြေကြားခြင်း ၃ မိနစ်ကျော်ကျော်ခန့်သာ ကြာမည် ဖြစ်ပြီး ကျေးဇူးပြု၍ လေးလေးနက်နက် သုံးသပ်ပေးစေလိုကြောင်း၊ ယခု သတင်းစာရှင်းလင်းပွဲအခြေအနေနှင့် မီဒီယာသမားများမေးမြန်း သွားသည့် မေးမြန်းချက်များကိုကြည့်ပါက မိမိတို့နိုင်ငံသည် လူငယ် လူရွယ်များဖြစ်သည့် ပထမမျိုးဆက်များ၊ ၎င်းတို့၏ မိဘများဖြစ်သည့် ဒုတိယမျိုးဆက်များ မှန်ကန်သည့် အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံရေး စိတ်ဓာတ်များ၊ အသိတရားများ ကင်းမဲ့ကုန်၍ တော်တော်များများ ပျက်စီးကုန်ကြောင်း၊ နောက်ဆုံးမျိုးဆက်ဟုခေါ်ရမည့် အနာဂတ် လူငယ်များ ယခုကဲ့သို့ လမ်းလွဲသို့မရောက်ရန်၊ မပျက်စီးရန်လို ကြောင်း၊ မျိုးဆက်နှစ်ဆက်လောက် ပျက်စီးခဲ့သည့်၊ မစစ်မှန်သည့် အမျိုးသားရေး၊ နိုင်ငံချစ်စိတ်နှင့် နိုင်ငံရေးအသိများကြောင့် ဖြစ်ခဲ့ရ သည်မှာ ယခုလက်ရှိ နိုင်ငံသားများသည် မည်သည့်နိုင်ငံဖြစ်စေ၊ တိုင်းပြည်ကိုအုပ်ချုပ်နေသော မည်သည့်အစိုးရမဆို မျက်စိစုံမှိတ်ပြီး အလုံးစုံ ထောက်ခံနေရန်မဟုတ်ကြောင်း၊ မိမိနိုင်ငံအပေါ် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံရေးအသိအမြင်များ၊ အမျိုးသားရေးခံယူချက် များရှိမှသာ နိုင်ငံ၏အနာဂတ်က ကောင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစွန်းမရောက်သည့် စိတ်ဓာတ်များရှိရန် လိုအပ်ကြောင်း၊ အစွန်း မရောက်သည့်စိတ်ဓာတ်ဆိုသည်မှာ အကောင်းမြင်လွန်းခြင်း၊ အဆိုး မြင်လွန်းခြင်း စသည့်ဝါဒများဖြင့် မမှန်ကန်နိုင်ကြောင်း၊ ထေရဝါဒ ဗုဒ္ဓဘာသာ၏ စစ်မှန်သောလမ်းစဉ်ဖြစ်သည့် အရှိကို အရှိအတိုင်း၊ ပကတိအတိုင်းမြင်နိုင်သည့် ဝိဘဇ္ဇဝါဒသာလျှင် မှန်ကန်မည့်လမ်းစဉ် ဖြစ်ကြောင်း၊ ထိုဝါဒသည် Universal Truth ဟုခေါ်သည့် သစ္စာတရား သာဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ အနာဂတ်ကာလတွင် နည်းမျိုးစုံဖြင့်စည်းရုံးပါက လမ်းလွဲသို့ အရောက်မလွယ်ရန်၊ တိုင်းပြည် မပျက်စီးရန်အတွက် ပညာရေးနယ်ပယ်ကို လူငယ် ၉၀ ရာခိုင်နှုန်းက ဖြတ်သန်းပြီးနေကြရကြောင်း၊ ထို့ကြောင့် ကျောင်းများသည် Political Science ဟုခေါ်သည့် နိုင်ငံရေးကိုလက်တွေ့ကျကျ အမှန်အတိုင်း သိမြင်နိုင်သော နိုင်ငံရေးသိပ္ပံဘာသာရပ်၊ အမှန်တရားကို ဖော်ထုတ် နိုင်သော ဗုဒ္ဓထေရဝါဒ၏ ဝိဘဇ္ဇဝါဒများကို သင်ပေးနိုင်သည့် ဗုဒ္ဓဘာသာ အခြေခံသဘောတရားများကို ပညာရေးဌာနများ၏ ကျောင်းများ၌ နောင်အနာဂတ်တွင် ဖြည့်သွင်း၍ သင်ကြားပေးရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံအနေဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထွန်းကားသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုဟု ပြောမည်ဆိုပါက ဗုဒ္ဓဘာသာနှင့်ကင်း၍မရကြောင်း၊ သင်ခန်းစာများ တွင် ထိုက်သင့်သလောက် အငွေ့အသက်များ ပါပြီးဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ မြန်မာကဗျာများကို ကြည့်မည်ဆိုပါက ရှေးဟောင်းကဗျာအများစုသည် သေချာလေ့လာကြည့်ပါက ၁၀ ပုဒ်၌ တစ်ဝက်နီးပါးခန့်သည် ဘာသာရေးအငွေ့အသက်၊ ဗုဒ္ဓဘာသာ အငွေ့အသက်ပါပြီးဖြစ်ကြောင်း၊ တစ်ဝက်ခန့်သည် ကျေးလက် အငွေ့အသက်ပါပြီးဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ထပ်မံ၍ ပြဋ္ဌာန်းရန်အတွက် သက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းအဖွဲ့များက ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို သွားသည်ဟုပြောကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ပန်းပေါင်း ၁၀၀ ပွင့်ပါစေဟု ဆိုသော်လည်း ဒီမိုကရေစီသည် ပန်းခုတ်ပွဲလုပ်နေခြင်းမဟုတ်ကြောင်း၊ ပန်းပေါင်း ၁၀၀ ပွင့်ပါစေ ဖြစ်သည့်အတွက်ကြောင့် မျိုးစုံရှိလိမ့်မည်ဖြစ်ကြောင်း၊ ပွင့်လာသည့်ပန်းများက လှရန်နှင့် အဆိပ်မဖြစ်ရန်သာလိုကြောင်း၊ ဘယ်ပန်းပင်ကို မပွင့်စေနှင့်၊ ဘယ်ပန်းကိုမူခုတ်စေဟု ဒီမိုကရေစီ စနစ်၌ ဆုံးဖြတ်၍မရကြောင်း၊ သတင်းထောက်ကြီး ပြောသည့်အတိုင်း အစွန်းရောက်များရှိကြောင်း၊ ဒီမိုကရေစီကို အနှစ်ချုပ်လိုက်ပါက “မတည့်အတူနေ”သည့် ဝါဒ ဖြစ်ကြောင်း၊ မီဒီယာများနှင့် မိမိ မတည့်ပါကလည်း အတူနေနိုင်ရမည် ဖြစ်ကြောင်း၊ မည်သူနှင့်မည်သူ မတည့်ပါကလည်း အတူနေနိုင်ရမည် ဖြစ်ကြောင်း၊ မိမိတို့သွားရန် ရည်မှန်းထားပါက “ပန်းပေါင်း ၁၀၀ ပွင့်ပါစေနှင့် မတည့်အတူနေ” စသည်တို့ အလေးထားရမည်ဖြစ်ကြောင်း၊ ထိုစနစ်ကို ကျင့်သုံးမည်ဟုရည်မှန်းထားပါက ထိုစနစ်နှင့် ကိုက်ညီ သော စိတ်ထားများ ရှိရမည်ဖြစ်ကြောင်း၊ ဤစနစ်နှင့် ကိုက်ညီသော စိတ်ထားများတွင် သတင်းထောက်ကြီးပြောသည့်အချက်များလည်း အကျုံးဝင်လာမည် ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် တို့ကို ယေဘုယျသာ ဖြေကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ မိုးသောက်ပန်းက ၂၀၁၇ ခုနှစ်မှစပြီး ပညာရေးဝန်ထမ်း တော်တော်များများ ယခင် ပညာရေးဝန်ကြီးလက်ထက်၌ မဖြစ်စလောက်အပြစ်လေးနှင့် မမှန် မကန် အရေးယူခံရသောဝန်ထမ်းများ အများအပြားရှိကြောင်း၊ ထိုဝန်ထမ်းများသည် နိုင်ငံကိုချစ်သည့်စိတ်၊ အမျိုးသားရေးစိတ်ဓာတ် နှင့် အနစ်နာခံ၍လုပ်ခဲ့သော ဝန်ထမ်းများရှိကြောင်း၊ တချို့ဆိုလျှင် လုပ်ငန်းခွင်ထဲ၌ ကိုယ်အင်္ဂါများချို့ယွင်းသည်အထိ တာဝန်ထမ်း ဆောင်ခဲ့ကြောင်း၊ ထိုကဲ့သို့ မမှန်မကန် အရေးယူခံခဲ့ရသည့်အတွက် ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်လွှာ တရားမ လျှောက်ထားမှုဖြင့် တင်သည့်အချိန် လျှောက်ထားသူ၏ ခိုင်မာ မှန်ကန်သော အထောက်အထားများကြောင့် ယခင်ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ထုတ်ထားသောအမိန့်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတွင် နိုင်ငံတော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုယ်တိုင် ကြားနာစစ်ဆေး၍ ပညာရေးဝန်ကြီး၏ အမိန့်အားလုံးကို ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုအမိန့်ကြောင့် ဝန်ထမ်းတချို့မှာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဝင်ရောက်ရာတွင် မကျေနပ်၍ အကြောင်းမရှိ အကြောင်းရှာပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးကာ ယခင်လိုပင်လုပ်ခဲ့ကာ မတရားအရေးယူခဲ့ကြောင်း၊ ထိုကဲ့သို့ အရေးယူမှုများကို လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေး ဝန်ကြီးဌာန၏ အကြီးအကဲတချို့ပင်လျှင် ဒေါက်တာမျိုးသိမ်းကြီး လက်ထက်က အရေးယူခံခဲ့ရခြင်းများရှိကြောင်း၊ ထိုအတွက် နစ်နာလွန်းနေသည့် မိသားစုများ၊ ၎င်းတို့ကို မှီခိုနေသည့်မိသားစုများ ဘဝပျက်ခဲ့ရသလို သေလုမျောပါးနစ်နာခဲ့ရကြောင်း၊ထိုနစ်နာမှုများကို တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့ ကူညီဖေးမနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုဖြစ်စဉ်များကို မိမိတို့လည်း ကြားဖူးခဲ့ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး နစ်နာသူဘက်က ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်တင်ပြပြီး ဆောင်ရွက်နိုင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက အကြမ်းဖက် အဖွဲ့ အစည်းများဖြစ်သည့် NUG ၊ PDF အဖွဲ့များ၏ လက်နက်ခဲယမ်းများနှင့် ၎င်းတို့ကို ဖမ်းဆီးရမိမှုများကို ဆက်တိုက်တွေ့နေရကြောင်း၊ အထူး သဖြင့် “၈၈ ပွင့်လင်း”မှ ဂျင်မီကို မထင်မှတ်သောနေရာမှ လက်နက် အမြောက်အမြားဖြင့် ဖမ်းမိကြောင်း၊ တစ်ပတ်၊ နှစ်ပတ်အကြာတွင် NLD ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံးဟုပြောရမည့် NLD ဗဟိုကော်မတီအဆင့်၊ လွှတ်တော်အမတ်နှစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး NLD ပါတီကိုကိုယ်စားပြုသည့် ဖြိုးဇေယျာသော်ကို လက်နက် အမြောက် အမြားဖြင့် ဖမ်းမိကြောင်း၊ ဖမ်းမိသည့် လက်နက်များသည် မိမိတို့ ဘဝတွင် မြင်ခဲ့ဖူးသော ဗကပအနောက်ပိုင်းတိုင်း သရက်ခရိုင်၌ လက်နက်ချခဲ့သည့် ဗိုလ်သက်ထွန်းတို့ လက်နက်ချစဉ်က အရှေ့တွင် ခင်းထားသော လက်နက်များက ဇေယျာသော်ကို ဖမ်းမိစဉ်ရရှိသည့် လက်နက်ကိုမမီကြောင်း၊ ထိုမျှမများကြောင်း၊ ခွန်ဆာတို့ မော်ထိုင်း အာမီ လက်နက်ချသည့် လက်နက်ပမာဏခန့်ကို CRPH ၊ NUG ၊ PDF တို့မှ ဖမ်းမိသလောက်ရှိနေကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး တပ်မတော်တာဝန်ယူထားချိန်မှစ၍ CRPH ၊ NUG၊ PDF တို့မှ ဖမ်းမိ ထားသော လက်နက်အရေအတွက် မည်မျှရှိပါသလဲ၊ ဖမ်းမိထားသော အကြမ်းဖက်များ၊ မဖမ်းမိသေးသော အကြမ်းဖက်များကို မည်သို့ ဆောင်ရွက်သွားမည်ကို သိလိုကြောင်း၊ မိမိတို့ဘဝတွင် မမြင်ဖူးသည့် ခေတ်မီ တူရကီ၊ အမေရိကန်လက်နက်များ အမြောက်အမြားမိပြီး၊ တပ်မတော်တွင် တပ်မတစ်ခု ထပ်တိုးချဲ့ဖွဲ့စည်း၍ ရလောက်အောင် များပြားသည့်လက်နက်များ ရန်ကုန်၊ မန္တလေးမြို့များထဲသို့ ရောက်လာသည်မှာ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုများကို ပြည်သူ များက သိလိုကြောင်းနှင့် ထိုအကြောင်းအရာများကို ရှင်းပြပေးစေလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ စာရင်းပြုစုထားသည်မှာ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုဝင်ဘာ ၂၃ ရက်အထိ တစ်နိုင်ငံလုံး၌ ဖမ်းဆီးရမိလက်နက် (လုပ်သေနတ်မပါ) ၁၄၁၂ လက်ရှိကြောင်း၊ လုပ်သေနတ်၊ ဘောပင်သေနတ်၊ တူမီးသေနတ်များ ပါဝင်ပါက ၆၀၈၇ လက်ရှိကြောင်း၊ ကျည်မျိုးစုံ ၁၅၀၀၀ ခန့်ရှိကြောင်း၊ လက်ပစ်ဗုံးမျိုးစုံ ၂၄၅၉ လုံး၊ လက်လုပ်မိုင်း၊ ဗုံးမျိုးစုံ ၃၀၀၀ ကျော်ခန့်ရှိကြောင်း၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ NLD အစွန်းရောက် အဖျက် သမားများ၊ တချို့ EAOs များအပါအဝင် ထိုလက်နက်များကိုအသုံးချ၍ နိုင်ငံအတွင်း၌ ပစ်ခတ်သတ်ဖြတ်မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒလန် တံဆိပ်တပ်၍ တွေ့ရာလူကို သတ်နေခြင်းများ၊ NLD အားပေး ထောက်ခံသူများအချင်းချင်းလည်း သတ်ဖြတ်၍ ဒလန်တံဆိပ် ကပ်ခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ပြည်သူ့အသက်၊ အိုး၊ အိမ်၊ စည်းစိမ်လုံခြုံရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဖော်ထုတ်တားဆီးမှုများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရာနှုန်းပြည့်တားဆီးရန် အခက်အခဲရှိကြောင်း၊ တင်သွင်းမှု နှင့်ပတ်သက်၍ ယုတ်မာကောက်ကျစ်သော အကြံအစည်ဖြင့် ကိုဗစ်ကာလ၌ ဖြေလျှော့ပေးမှုကို အခွင့်ကောင်းယူ၍ အောက်ဆီဂျင် အိုးများထဲ၌ ထည့်လာခြင်းများ၊ အခြားနည်းလမ်းများလည်းရှိမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံအချို့၏ အကြမ်းဖက်အဖွဲ့များကို အားပေးနေမှုများ၊ လှူဒါန်းထောက်ပံ့နေမှုများရှိကြောင်း၊ အဆိုပါ သေနတ်များ၊ ထောက်ပံ့ငွေများသည် ပြည်ပနိုင်ငံများက ထောက်ပံ့မှု များရှိကြောင်း၊ ထို့နောက် စာချုပ်ရောင်းဝယ်မှုများကို မည်သူက ဝယ်မည်ကို သိသာကြောင်း၊ အမည်ခံ၍ ငွေမည်းကို ငွေဖြူလုပ်ခြင်း ဖြစ်ကြောင်း၊ တချို့လက်နက်များသည် အသစ်စက်စက်များ ဖြစ်ကြောင်း၊ နည်းလမ်းနှစ်မျိုးဖြင့် ရရှိခြင်းဖြစ်ပြီး နံပါတ်(တစ်)က ဝယ်ယူခြင်းနည်းလမ်း၊ နံပါတ်(နှစ်)နည်းလမ်းက တချို့က K-12 ကဲ့သို့ လက်နက်မျိုးက လက်နက်စက်ရုံက ထုတ်သည့် မူရင်းအတိုင်းကို ရရှိခြင်းဖြစ်ကြောင်း၊ ထိုကိစ္စများကို တားဆီးရန်အတွက် နိုင်ငံ့ ကောင်းကျိုးနှင့် တည်ငြိမ်အေးချမ်းအောင် လိုလားသည့် ပြည်သူလူထု က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တတ်နိုင်သမျှ အကူ အညီပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သတင်း ဆက်လက်ဖော်ထုတ်ခြင်း၊ သတင်းနှင့် ပတ်သက်ပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက် မည်ဆိုပါက မအောင်မြင်စရာမရှိကြောင်း၊ ဖမ်းမိသည့် လက်နက် အရေအတွက်ကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် မည်မျှအထိ အန္တရာယ်များနိုင်သည်ကို ပြောလိုကြောင်း၊ နောက်ပိုင်း တွင် အသုံးပြုလာသောလက်နက်များဖြစ်သည့် TNT ယမ်းနှင့် ပတ်သက်ပြီး ပြောပြရမည်ဆိုပါက Trinitrotoluene သည် ပြင်းအား မြင့်သည့် ဖောက်ခွဲရေးပစ္စည်းဖြစ်ကြောင်း၊ မိမိတို့လက်တွေ့သုံးနေသည့် ဖောက်ခွဲရေးပစ္စည်းများထဲ၌ ပြင်းအားအမြင့်ဆုံး ယမ်းများဖြစ် ကြောင်း၊ ထိုပစ္စည်းများဖြင့် လုပ်ဆောင်ရန်အထိ အကြံအစည်ရှိပြီး၊ စုဆောင်းထားပြီးဖြစ်ကြောင်း၊ မည်မျှမိသည်ကိုလည်း ပြောပြီးဖြစ် ကြောင်း၊ ယခုခန်းမအတွင်းပြသထားသော ပုံများကိုကြည့်မည်ဆိုပါ က ထင်ရှားစွာသိမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို ပြောလိုသည်မှာ အကြမ်းဖက်သမားများကို အားမပေးရန်နှင့် အကြမ်းဖက်လုပ်ရပ် များကို အားပေးမည်ဆိုပါက အချင်းချင်းသတ်ဖြတ်သကဲ့သို့ တရားမဲ့ သတ်ဖြတ်မှုများ ဖြစ်လာနိုင်ပြီး ကြိုတင်၍ကာကွယ်ကြရန် မေတ္တာ ရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက ၁၉၄၈ ခုနှစ် ဗကပများ တောခိုသည့်အချိန်တွင် ကိုင်စွဲသည့် လက်နက် ပမာဏထက် NUG ၊ PDF လက်နက်ကိုင်သောင်းကျန်းမှုက အဆ များစွာပိုများနေကြောင်း၊ ဇေယျာသော်ကဲ့သို့ NLD အမတ်များ၊ အခြား မြို့နယ်များတွင်လည်း NLD အမတ်များ ပါဝင်တိုက်ခိုက် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်နေသည့် လှုပ်ရှားမှုများသည် NLD ပါတီက လက်နက် ကိုင် တော်လှန်နေပြီလားဟု ယူဆ၍ရပါသလား၊ NLD ပါတီက လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို တရားဝင်ဆင်နွှဲနေသည့် ပါတီဟု ကြေညာ၍ရနိုင်ပြီလားကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ရှိဖြစ်ပျက်နေသည့် အခြေ အနေနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက အများစုက ပါဝင်ပတ်သက်မှု ရှိကြောင်း၊ တချို့ NLD ပါတီဝင်များထဲ၌ ဗဟိုကော်မတီဝင် တချို့အပါ အဝင် ငြိမ်းချမ်းစွာနေလိုသည့် ဆန္ဒရှိသောသူများရှိကြောင်း၊ အနည်းစု ဖြစ်ကြောင်း၊ ရွေးချယ်ခံထားသည့် ကိုယ်စားလှယ်များထဲ၌လည်း ဒီမိုကရေစီသည် အကြမ်းဖက်နည်းလမ်းဖြင့်မရနိုင်၊ အကြမ်းမဖက် သည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ကို ယုံကြည်၍ ယခုအချိန် အထိ ရှိနေသည့်လူများလည်း ရှိသေးသည်ကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက ရန်ကုန်မြို့တွင် ဖြိုးဇေယျာသော်နှင့် NLD ၊ ၈၈ အစွန်းရောက် အကြမ်း ဖက် သာသနာဖျက်၊ ပြည်ဖျက်၊ မိစ္ဆာပါတီမှ ကိုဂျင်မီနှင့် ဖြိုးဇေယျာ သော်ကို ဖမ်းဆီးပေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ ယခင်က ရန်ကုန်မြို့တွင် နေ့စဉ်ရက်ဆက် လူသတ်မှု များကြားရပါကြောင်း၊ ၎င်းတို့ကို ဖမ်းပြီးနောက် အသံတိတ်သွား သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ဖြိုးဇေယျာသော်က လက်နက်များပေးပြီး လိုက်လံသတ်ဖြတ် လုပ်ကြံ ခိုင်းခဲ့သည်များ ရှိပါကြောင်း၊ ထိုသို့ လိုက်လံလုပ်ကြံသတ်ဖြတ်ခိုင်းမှု ပေါင်း မည်မျှရှိသည်၊ ဖြိုးဇေယျာသော်၏ ခိုင်းစေမှုကြောင့် အပြစ်မဲ့ ပြည်သူသေဆုံးမှုပေါင်း မည်မျှရှိသည်၊ ဖြိုးဇေယျာသော်ကို အပြစ်မဲ့ သေဆုံးရသူများအတွက် ဥပဒေနှင့် ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ် ပေးသွားမည်လား ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းအနေဖြင့် တိုက်ရိုက်ပါဝင် ပတ်သက်မှုနှင့် နောက်ကွယ်မှ လက်နက်ပေးပြီး မည်သူကိုသတ်ဟူ၍ ပါဝင်ပတ်သက်မှုများရှိကြောင်း ပြောကြားပြီးနောက် ဖြိုးဇေယျာသော် ၏ မှတ်စုစာအုပ်များကို ပြသသည်။ အနည်းဆုံး ၎င်းပါဝင်ပတ်သက် သည့် အမှုပေါင်း ၂၆ မှုရှိကြောင်း၊ အနည်းဆုံးသာပြောခြင်းဖြစ် ကြောင်း၊ ထပ်မံဖော်ထုတ်လျက်ရှိကြောင်း၊ ယင်းစာအုပ်ထဲတွင် ၎င်းတို့လုပ်ခဲ့သည်များ အသေးစိတ်ပါကြောင်း၊ မည်သို့လုပ်ဆောင်မည် ဟူ၍ အသေးစိတ်ပါကြောင်း၊ ယင်းစာအုပ်ထဲတွင် လက်လုပ်မိုင်း ပြုလုပ်သည့်နေရာတွင် မည်သို့လုပ်ရမည်ဟုပါကြောင်း၊ ထို့ကြောင့် ပြောလိုသည်မှာ အကြမ်းဖက်သမားဖြစ်ရုံသာမက အကြမ်းဖက် လုပ်ဆောင်သူ၊ အကြမ်းဖက်ခေါင်းဆောင်ဖြစ်ကြောင်း၊ ဥပဒေအရ ထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက NLD ၊ PDF အစွန်းရောက်အကြမ်းဖက် သာသနာ ဖျက်၊ ပြည်ဖျက်၊ မိစ္ဆာပါတီ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၃ ပါး သေဆုံးခဲ့ရပါကြောင်း၊ ၎င်းအကြမ်းဖက်သမားများ၏ နောက်ကွယ်တွင် ဘာသာခြားအဖွဲ့အစည်းများ ရှိနေပါသလား၊ သံဃာတော်များကို သတ်ဖြတ်သည့် အကြမ်းဖက်သမားမည်မျှအတိုင်း အတာအထိ ဖမ်းမိထားပါလဲ၊ PDF အဖွဲ့ဝင်များကို မိဘများက အမွေပြတ်စွန့်လွှတ်နေပါကြောင်း၊ အမွေပြတ်စွန့်လွှတ်ပြီးလျှင် ၎င်းတို့ သည် ဥပဒေကြောင်းအရ အရေးယူမခံရတော့ဘူးလားဆိုသည်ကိုလည်း သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သံဃာတော်များ သတ်ဖြတ်မှုတွင်ပါဝင် သည့် တချို့တရားခံများကို မိပြီးဖြစ်ကြောင်း၊ ငါးဦးခန့်မိပြီးပြီဟု သိရပါကြောင်း၊ စာရင်းအတိအကျမသိရသေးကြောင်း၊ လိုက်လံစုံစမ်း နေဆဲဖြစ်ကြောင်း၊ နောက်ကွယ်က ပါရှိမှုအနေဖြင့် သိရသလောက် သံဃာတော်များကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်မှုများရှိကြောင်း၊ နောက်ကွယ်က အခြားအဖွဲ့အစည်းပါဝင်မှု ယခုချိန်ထိ ထင်ရှားစွာ တွေ့ရှိခြင်းမရှိကြောင်း၊ အမွေပြတ်ကြေညာခြင်းနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားရုံးတွင် ဦးတိုက်လျှောက်ထားပြီးမှ တရားဝင်ဖြစ်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကို ခိုလှုံခွင့် ပေးထားသည့် အဆောက်အဦများ၊ မည်သူပင်ဖြစ်စေ အကြမ်းဖက် သမားဟုသတ်မှတ်ထားသည့် အဖွဲ့ဝင်ဖြစ်ပါက မည်သည့်အိမ်တွင် နေသည်ဖြစ်စေ ၎င်းသည် အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက် သမားများကို ခိုလှုံခွင့်ပေးထားသည့် အဆောက်အဦများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ တိုက်ခန်းငှားရမ်းနေပြီး အကြမ်းဖက်မှုကျူးလွန်ကြောင်း ဖော်ထုတ်ရရှိလျှင် နေအိမ်တိုက်ခန်း ငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်းကို စစ်ဆေး တွေ့ရှိရလျှင် ငှားရမ်းသည့်ပိုင်ရှင်များမှာ တာဝန်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်သည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့်အမှုများဖြင့် ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး စစ်ဆေး ပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည် ဖြစ်ကြောင်းကို အသိပေးထားပါကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)