နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ရှေးဦးစွာ NHP သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဝင်းဦးက UEC အနေဖြင့် ယခု PR စနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးပါတီငယ်များ အများအပြားဖြစ်နေသည့်အတွက် ၎င်းတို့အနေဖြင့် မဟာမိတ်ဖွဲ့ရန် ကိစ္စရပ်များရှိနေသည်ဟုလည်း ကြားနေရပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး UEC အနေဖြင့် အပြည့်အဝအကူအညီပေးရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများလည်းရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ယခင်ရွေးကောက်ပွဲတွင်လည်း အတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ ပြီးခဲ့ သည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်း ခဲ့သည်များလည်း ရှိပါကြောင်း၊ ဥပဒေနှင့်အညီ ၎င်းတို့ သဘောတူညီ သည်ဆိုပါက အစည်းအဝေးများ၊ မှတ်တမ်းများ၊ လိုအပ်သည့် အချက် အလက်များ၊ ပုံစံများနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီများ ပူးပေါင်း၍ရပါကြောင်း၊ UEC အနေဖြင့် ၎င်းတို့အဆင်ပြေအောင် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဝင်းဦးက ၂၀၂၀ ပြည့်နှစ် တွင် နှင်းဆီပါတီမှ ဦးကျော်မြင့် တရားစွဲခံရပြီးနောက်တွင် နှင်းဆီ ပါတီကို ဖျက်သိမ်းလိုက်ကြောင်း၊ ပိုင်ဆိုင်မှုများကိုလည်း ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ကြောင်း၊ အစောပိုင်းက UEC ကရှင်းပြခဲ့ သည့်အထဲတွင် NLDပါတီဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းအပါအဝင်၊ သမ္မတ၊ ဒုတိယဥက္ကဋ္ဌနှင့် CEC အဖွဲ့များကို ယခုလက်ရှိတွင် တရားဝင် တရားစွဲဆိုထားသည်ဟု သိရကြောင်း၊ ထိုသို့ တရားစွဲခံထားရသည့် NLD ပါတီကို UEC အနေဖြင့် ဖျက်သိမ်းရန် ရှိ မရှိ သိလိုကြောင်းနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဖျက်သိမ်းမည်ဆိုသည်ကို သိလို ကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်ကြီး၏ သဘောထားကို မေးလိုကြောင်း မေးမြန်းရာ သတင်းထောက်မှ မိမိတို့သည် မီဒီယာ ဖြစ်သည့်အလျောက် ကြားနေအဖြစ်သာ ရပ်တည်လိုကြောင်း ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆက်လက်ဖြေကြားရာတွင် လက်ရှိသတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရှင်းလင်းပြောကြား သွားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့် သတင်းများနှင့် ထုတ်ပြန်ချက်များတွင်လည်း NLD ပါတီ၏ ပါဝင်ပတ်သက်မှုများကို အားလုံးကြားသိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် အစည်းအဝေးနှင့် အခမ်းအနားသုံးကြိမ်တိုင်တိုင် ကြီးကြီး မားမား ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်သည့်အချိန်တိုင်း NLD ပါတီကိုလည်း ဖိတ်ကြားခဲ့ကြောင်း၊ ယင်းသို့ဖိတ်ကြားရာတွင် နိုင်ငံပိုင် မီဒီယာမှ ဖိတ်ကြားခဲ့သကဲ့သို့ UEC Website ၊ E- mail တို့အပြင် စာလမ်းကြောင်းမှလည်း ဖိတ်ကြားခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန် တွင် အခြေစိုက်သည့် ရန်ကုန်ကော်မရှင်အဖွဲ့ခွဲတို့မှတစ်ဆင့်လည်း ဖိတ်ကြားခဲ့ကြောင်း၊ ဖိတ်ကြားသည့် နည်းလမ်းငါးမျိုးခန့်နှင့် ဖိတ်ကြားခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့် အစည်းအဝေးများတွင် ၎င်းပါတီအနေဖြင့် အဆက်အသွယ်ရရှိခြင်း၊ တက်ရောက်ခြင်း မရှိခဲ့ ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အစောပိုင်း က တင်ပြခဲ့သကဲ့သို့ နိုင်ငံရေးပါတီ စစ်ဆေးခြင်းကို ၃၈ ပါတီကို စစ်ဆေးခဲ့ကြောင်း၊ NLD ပါတီကို စစ်ဆေး၍ မပြီးသေးကြောင်း၊ နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန် တာဝန်ရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် NLD ပါတီ ဖျက်သိမ်းရန်ကိစ္စကို ယခင်သတင်းစာရှင်းလင်းပွဲများတွင် မိမိဖြေကြားခဲ့သကဲ့သို့ ကြိုတင် ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း၊ သို့သော် ဥပဒေ၊ နည်းဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ NLD ပါတီအား အလုံးစုံဖျက်သိမ်းရန် UEC ကိုတင်ပြထားသည်ဟု သိရကြောင်း၊ အဆိုပါကိစ္စသည် မှန်ကန်မှု ရှိပါသလား၊ မှန်ခဲ့မည်ဆိုပါက UEC အနေဖြင့် မည်သို့ပြောလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက် ရက်စွဲပါစာဖြင့် အကြံပြုတင်ပြခြင်းစာအား လက်ခံရရှိကြောင်း၊ မိမိတို့ပြောလိုသည်မှာ အဆိုပါအကြံပြုစာတွင် လိုအပ်သည့်သက်သေအထောက်အထားများ ပြည့်စုံစွာမပါရှိကြောင်း၊ UEC အနေဖြင့်လက်ရှိတွင် ပါတီများကို စစ်ဆေးဆဲဖြစ်ပြီး NLD ပါတီ ကိုလည်း မစစ်ဆေးရသည်များလည်းရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ် ရွေးကောက်ပွဲများတွင် မှတ်ပုံတင်မရှိ၍ မဲပေးခွင့်ဆုံးရှုံးခဲ့သည့် ပြည်သူ များစွာရှိခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲတွင် UEC အနေဖြင့် မည်သို့ဖြေရှင်းသွားမည်ကို သိလိုကြောင်းမေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ မဲမသမာမှုဖြစ်နိုင်သည့် မဲဆန္ဒရှင် ၁၁ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ ယင်းတို့အထဲတွင် မှတ်ပုံ တင်မရှိသူ ၄ သန်း ၈ သိန်းခန့်ရှိကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ထိုသို့ မဲမသမာမှုမပါရှိစေရန် မဲဆန္ဒရှင်များ သည် မှတ်ပုံတင်ရှိရမည်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရကြောင်းကို ခိုင်လုံစေသည့် မှတ်ပုံတင်ပါရှိရမည်၊ သက်ဆိုင်ရာ ဒေသတွင်လည်း နေထိုင်သူဖြစ်ရမည်ဆိုသည့် ဥပဒေမူကြမ်းကိုလည်း ရေးဆွဲထားကြောင်း၊ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကလည်း မိုးပွင့်စီမံချက်ဖြင့် မှတ်ပုံတင်များအမြန် ရရှိစေရေး ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အပိုင်း နှစ်ပိုင်းရှိကြောင်း၊ ပထမတစ်ပိုင်းတွင် မှတ်ပုံတင်လိုအပ်နေသည့် သူများကို ဌာနဆိုင်ရာနှင့် နိုင်ငံတော်က ဆောင်ရွက်ပေးနေသကဲ့သို့ ကာယကံရှင်များကိုယ်တိုင်ကလည်း မိမိ၏မှတ်ပုံတင်ရရှိရန် ကိုယ်တိုင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ယခုကိစ္စအားလုံး အဆင်ပြေသွားလိမ့်မည်ဟုထင်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မိမိအနေဖြင့် PR စနစ်ကိစ္စကို (၉/၂၀၂၁) သတင်းစာ ရှင်းလင်းပွဲတွင်လည်း မေးမြန်းခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း PR စနစ်ကို စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲကို စိတ်ဝင်စား သည့် ပုဂ္ဂိုလ်များက ယခုသတင်းစာရှင်းလင်းပွဲတွင် မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ၎င်းတို့ကိုယ်စားမေးမြန်းခြင်းဖြစ်ကြောင်း၊ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက အဆိုပါ PR စနစ်မှာ အများအပြားရှိပြီး လွန်စွာကျယ်ပြန့်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ သွားရမည်ဖြစ်သဖြင့် မဲဆန္ဒနယ်မြေကို ကိုယ်စားပြုသည့် PR စနစ်ကိုကျင့်သုံးမည်လား၊ Parliment Access ဆိုသည့် ကိုယ်စားပြု သည့်စနစ်ကို ကျင့်သုံးမည်လား၊ ထိုသို့ကျင့်သုံးမည်ဆိုပါက တိုင်းရင်း သားများ၏အခွင့်အရေး မည်မျှရရှိနိုင်မည်ဟု သိလိုကြောင်း၊ ပြီးခဲ့ သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် မိမိအား NLD ပါတီက နိုင်ငံရေး အမှုဖြင့် ထောင်ချထားသဖြင့် အကျဉ်းထောင်ထဲတွင် ရောက်နေ ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘာမှမသိခဲ့ရ ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုသည့်အဖွဲ့များ ရှိကြောင်း၊ အဆိုပါအဖွဲ့များက ရွေးကောက်ပွဲအစီရင်ခံစာများကို တင်ပြခဲ့သည် များလည်းရှိကြောင်း၊ ယခု ၂၀၂၀ ရွေးကောက်ပွဲပြီးသည့် အချိန်တွင် လည်း ထိုအဖွဲ့များက ၎င်းတို့၏ တွေ့ရှိချက်များကို တင်ပြခဲ့ခြင်းများ လည်း ရှိခဲ့ကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်းတို့ တင်ပြလာသည့် အစီရင်ခံစာများအပေါ် ဖတ်ရှုလေ့လာပြီး ၎င်းတို့၏ တင်ပြချက်များ မှန် မမှန်နှင့် အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှုများ ပြုလုပ်ခဲ့ခြင်းရှိ မရှိသိလိုကြောင်း၊ ရွေးကောက်ပွဲဥပဒေ တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို တရားစွဲဆိုခွင့်မရှိဆိုပြီး အတိအလင်းပြဋ္ဌာန်းထားသည် ကို ဖတ်ရပါကြောင်း၊ ယခုအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို တရားစွဲထားသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ဦးလှသိန်းကို မည်သည့်ဥပဒေနှင့် တရားစွဲထားသည်ကို သိလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နောက်ကြောင်းမပြန်ရ ဟူသည့် ဥပဒေလည်းရှိပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေ မျိုး နောင်အလားတူဖြစ်ပေါ်လာပါက လက်ရှိသတင်းနှင့် ပြန်ကြားရေး လုပ်ဆောင်နေသည့် ကော်မရှင်အဖွဲ့ဝင်ဖြစ်သည့် ဦးခင်မောင်ဦး နှင့် ကော်မရှင်မှ တာဝန်ရှိသူများအနေဖြင့်လည်း နောက်လူများက ယင်းသို့လုပ်ဆောင်မည်ဆိုသည့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာနိုင်သဖြင့် မိမိတို့နိုင်ငံအတွက်လည်း မကောင်းသည့် အတိတ်နိမိတ်ဖြစ်သည့် အတွက် အဆိုပါကိစ္စအတွက် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ထား သည်ကို သိလိုကြောင်းမေးမြန်းသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်၏ သဘောကို အစောပိုင်းက Presentation ဖြင့် မိမိတင်ပြခဲ့ သည်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများအတွက် ပို၍ အကျိုးများသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မဲများကို အချိုးကျရရှိ မည်ဖြစ်ပြီး မဲများမဆုံးရှုံးသဖြင့် တိုင်းရင်းသားဒေသများနှင့် အားလုံး အတွက် အကျိုးများမည်ဖြစ်ကြောင်း၊ PR စနစ်တွင် မျှမျှတတဖြင့် ကိုယ်စားလှယ် များ ရရှိမည်ဖြစ်သဖြင့် တိုင်းရင်းသားများအတွက် ပို၍အကျိုးများ မည်ဖြစ်ကြောင်း၊ PR စနစ်ကို သွားသည့်အချိန်တွင် PR စနစ်၏ သဘောတရားအရ မဲဆန္ဒနယ်မြေကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်၍ ရသည့်မဲအတိုင်း အချိုးကျခံစားသည့်သဘောမှာ PR စနစ်၏ အခြေခံသဘောတရားဖြစ်ကြောင်း၊ ထိုစနစ်တွင် စနစ်အမျိုး အစားအများ အပြားရှိကြောင်း၊ သို့သော် List PR စနစ်ကို အများဆုံး ကျင့်သုံးကြသည်ကို တွေ့ရကြောင်း၊ ထိုစနစ်တွင်လည်း Close List နှင့် Open List ဟူ၍ နှစ်မျိုးရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် နောက်တစ်လနှစ်လခန့်အထိ ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးပြီးပါက တိတိကျကျဖြေကြားပေးနိုင် မည်ဟု ပြောလိုကြောင်း၊ ရွေးကောက်ပွဲတွင် တာဝန်ရှိသည့် တာဝန်ရှိ သူအသီးသီးကို အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဥပဒေတွင် ပုံမှန်အရ မိမိ၏လုပ်ငန်းတာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သဘောရိုးဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်သည့်ကိစ္စများကို Immunity ပေးထားသည်ဆိုသည့်ကိစ္စကို ယခင်ကလည်း မိမိ ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ အကယ်၍ တရားစွဲဆိုခံရသော်လည်း ၎င်းပုဂ္ဂိုလ်အနေဖြင့် ပြန်လည်၍ ခုခံချေပပိုင်ခွင့်ရှိကြောင်း၊ မှန်မှန် ကန်ကန် လုပ်ဆောင်ထားသည်၊ သဘောရိုးဖြင့်ဆောင်ရွက်ထားသည် ဆိုပါက ဥပဒေအရ အရေးယူမည်မဟုတ်ကြောင်း၊ သို့သော် လုပ်ပိုင်ခွင့် ကိုအကြောင်းပြု၍ အစောပိုင်းက မိမိဖတ်ကြားခဲ့သည့် ပြစ်မှုဆိုင်ရာအကြောင်းအရာများကို ကျူးလွန်မည်ဆိုပါက မည်သူမဆို အရေးယူခံရနိုင်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောအွန်လိုင်းမီဒီယာနှင့် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက PR စနစ်ဆိုသည်မှာ အချိုးကျ ကိုယ်စားပြုစနစ် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို စိတ်ဝင်စားသည့် ပုဂ္ဂိုလ်တစ်ဦးက မေးမြန်းပေးရန် ပြောဆိုလာခဲ့သဖြင့် ထပ်မံမေးမြန်းလိုကြောင်း၊ ရွေးကောက်ပွဲပြီးပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် ပါဝင်မည်ဖြစ်ကြောင်း၊ PR စနစ်သည် အချိုးကျကိုယ်စားပြုစနစ် ဖြစ်ခြင်းကြောင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် အခြား ရွေးကောက်ခံကိုယ်စားလှယ်များနည်းတူ ထပ်မံမဲထည့်ခွင့် ရှိ မရှိ သိလိုကြောင်းမေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့တွင်ပါပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ၊ နိုင်ငံတော်၏ သမိုင်းနှင့်ဖြစ်စဉ် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲတင်မြှောက်ခြင်းနှင့် လွှတ်တော်ဖွဲ့စည်းခြင်း အပိုင်းများကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ထိုပြဋ္ဌာန်းချက်များ အတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ Voter Right သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ မူလ အခွင့်အရေးနှင့် တာဝန်အခန်းတွင်လည်း ပါဝင်ကြောင်း၊ နိုင်ငံသား တိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသကဲ့သို့ ရွေးကောက်ခံပိုင်ခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အပေါ်တွင် သတင်းထောက်ကြီး မေးမြန်းခဲ့ သည့် မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ကျန်ခဲ့သည့် အဖြေအား ဖြည့်စွက်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အချို့ လာရောက် လေ့လာခဲ့ကြကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့မှ လူပေါင်း ၈၀၀၀ ကျော်နှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များမှ လူပေါင်း ၆၄၁ ဦးရှိကြောင်း၊ အဆိုပါအဖွဲ့များအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း ကနဦးအစီရင်ခံစာနှင့် အသေးစိတ်အစီရင်ခံစာများ တင်ရ ကြောင်း၊ သို့သော် ကနဦးအစီရင်ခံစာအချို့သာ ရရှိခဲ့ပြီး အသေးစိတ် အစီရင်ခံစာများ ရရှိခဲ့ခြင်းမရှိကြောင်း၊ အဆိုပါအစီရင်ခံစာများ အထဲတွင် ထူးခြားသည်မှာ မဲဆန္ဒရှင် ၁၁ သန်းကျော် မှားယွင်းနေ သည့်ကိစ္စနှင့် ကြိုတင်မဲပြဿနာများ အနည်းငယ်သာ ပါဝင်သည်ကို တွေ့ရကြောင်း ဖြည့်စွက်ဖြေကြားသည်။
ဒေါ်သဇင်ဦးက PR စနစ်လေ့လာနေသည့် လူငယ်တစ်ယောက် အနေဖြင့် မေးခွန်းမေးလိုပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် PR Design ကို ရွေးကောက်ပွဲမကျင်းပမီ မည်မျှအလို တွင် အတည်ပြုပြဋ္ဌာန်းနိုင်မည်ကို သိလိုကြောင်းမေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR Design နှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပါကြောင်း၊ အထိုက်အလျောက် တိုးတက်မှုရရှိနေပြီ ဖြစ်ကြောင်း၊ နောက်တစ်လ၊ နှစ်လခန့်အကြာတွင် Design ကိစ္စအား အကျေအလည်ဆွေးနွေးပြီးပါကDesign ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေကိစ္စကိုလည်း မိမိတို့ ကြိုတင်လျာထားပြီးဖြစ်သည့် အတွက် ဥပဒေမူဘောင်အရ Design ကို ရပြီးပါက ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အဓိက ဆောင်ရွက်ရမည့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်းများကိုလည်း ကနဦးအဆင့် Knowledge ပေးပြီးဖြစ်ကြောင်း၊ Design ရပြီး ပါကလည်း ထပ်မံအသိပညာပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မဲဆန္ဒရှင်များကို အသိပေးခြင်းနှင့် ကျန်သည့်အပိုင်းများကို ပူးပေါင်း၍ ကဏ္ဍအစုံတွင် ပါဝင်ပတ်သက်သည့်သူများက ဝိုင်းဝန်းဆောင်ရွက် မည်ဆိုပါက အချိန်မီဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲမကျင်းပမီ အချိန်အတော အတွင်း အချိန်မီပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများသည် မူဝါဒ အလွဲအမှားများနှင့် အောက်ခြေစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တင်ဒါ ထွက်သည့် လုပ်ငန်းရှင်များမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ PAE နှုန်းထားများနှိမ့်ချပြီး QC အလွန်အမင်းစစ်ဆေးသဖြင့် ထိခိုက် နစ်နာဆုံးရှုံးမှုများ များစွာတွေ့ခဲ့ရကြောင်း၊ ထိုအခက်အခဲများကြုံတွေ့ ရသည့်အပြင် လတ်တလောဘဏ်လုပ်ငန်းများကြောင့် နှောင့်နှေးမှု များစွာ ကြုံတွေ့နေရကြောင်း၊ လေဘာအခက်အခဲများ၊ အရောင်းအဝယ် လုပ်၍ ငွေချေရာတွင် အခက်အခဲများ များစွာတွေ့ရကြောင်း၊ ထိုကိစ္စ နှင့်ပတ်သက်ပြီး ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တင်ဒါလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရန် အစီအစဉ် ရှိ မရှိသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက တင်ဒါလုပ်ငန်းနှင့် ပတ်သက်ပြီး ကြုံတွေ့ရသည့် အခက်အခဲကို သိရှိကြောင်း၊ အဓိကကြုံတွေ့ရသည့် အခက်အခဲများ နှစ်ပိုင်းရှိကြောင်း၊ နံပါတ်(တစ်)အပိုင်းမှာ ဘဏ်လုပ်ငန်း စနစ်များကြောင့် ဖြစ်နေသည်များရှိကြောင်း၊ နံပါတ်(နှစ်)အနေဖြင့် တင်ဒါခေါ်ထားပြီး ပြည်ပမှတင်သွင်းသည့် အခက်အခဲများ ကြုံတွေ့ နေရခြင်းများရှိကြောင်း၊ ငွေရေးကြေးရေး စျေးမြင့်သွားမှုကြောင့် ယခင်က တင်ဒါခေါ်ယူသည့် စျေးနှုန်းနှင့် မကိုက်ညီသည့်အဖြစ်မျိုး ရှိကြောင်း၊ အပိုင်းနှစ်ပိုင်းနှင့် ဖြေရှင်းဆောင်ရွက်နေကြောင်း၊ နံပါတ်(တစ်)အပိုင်းမှာ ပစ္စည်းတင်သွင်းသည့်အပိုင်းဖြစ်ကြောင်း၊ ပစ္စည်းတင်သွင်းသည့်အပိုင်းမှာ အဓိကအားဖြင့် ကုန်းလမ်းထက် ဆိပ်ကမ်းမှ ပစ္စည်းတင်ပို့ခြင်း ပိုများသည်ဟု သိရှိရကြောင်း၊ ဆိပ်ကမ်း၌ရောက်ရှိသည့် ပစ္စည်းများနှင့်ပတ်သက်ပြီး ကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံကို ဝင်ရောက်လာသည့် ကုန်သင်္ဘောများရှိကြောင်း၊ ကုန်သင်္ဘောဝင်ရောက်မှုနှင့် တချို့ တစ်ကမ္ဘာလုံး၌ ဖြစ်ပျက်နေသည့် ကွန်တိန်နာများ ရှားပါးမှုကြုံတွေ့နေဆဲဖြစ်ကြောင်း၊ ၎င်းကိုလည်း ဖြေရှင်းဆောင်ရွက်နေဆဲဟု ပြောလိုပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ပတ်သက်ပြီး ဘဏ်လုပ်ငန်းတချို့ ပြဿနာအခက်အခဲများ ကြုံတွေ့ နေခြင်းကို သိရှိကြောင်း၊ ဘဏ်လုပ်ငန်းစနစ်၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာလခန့်တွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်၊၊
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက NUG ၊ PDF ၊ CRPH အဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့် ကိစ္စများ နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ပြောသွားကြောင်း၊ NUG ကလည်း ငွေတိုက် စာချုပ်များ ရောင်းနေသည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စများကို မည်သို့အရေးယူသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက NUG ၊ CRPH အဖွဲ့များနှင့် ပတ်သက်ပြီး ငွေကြေးထောက်ပံ့နေသူများရှိကြောင်း၊ ၎င်းတို့အနေဖြင့် ငွေတိုက် စာချုပ်ရောင်းနေသည်မျိုးရှိကြောင်း၊ ၎င်းတို့အတွက် လော်ဘီလုပ်နေ သည့် မီဒီယာများလည်းရှိကြောင်း၊ လော်ဘီလုပ်နေသည့် မီဒီယာများ က မည်မျှရောင်းလိုက်ရသည်ဟူ၍ ပြောနေခြင်းများကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်စပ်ပြီး ပြောလိုကြောင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေး ကူညီပေးခြင်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဥပဒေပြဋ္ဌာန်းချက်နှင့် အရေးယူနိုင်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူက အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ (ငွေဒဏ်လည်းပါဝင်ကြောင်း) ချမှတ်ရမည်ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပွားနေသည့် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအဖွဲ့အစည်းများက ဖွဲ့စည်းထားသည့် ငွေတိုက်စာချုပ်ဝယ်ယူသူများလည်း အကြမ်းဖက်မှု ကို အားပေးကူညီရာရောက်သည်ဟုပြောလိုကြောင်း၊ နိုင်ငံတွင်း ဝယ်ယူသူရှားကြောင်း၊ ပြည်ပမှထောက်ပံ့သည်ကို တစ်နည်းအားဖြင့် ငွေမည်းကို ငွေဖြူလုပ်ရန်အတွက် အဓိကရည်ရွယ်သည်ဟု ယူဆရ ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)တွင် ပုဒ်မ ၄၁၊ ပုဒ်မ ၄၂ ပုဒ်မခွဲ(က)မှ(ဃ) အထိပါကြောင်း၊ မည်သို့ပြစ်ဒဏ်ပေးနိုင် သည်ဟုပါရှိကြောင်း၊ ပုဒ်မ ၄၁ (က) တွင် မည်သူမဆို အကြမ်းဖက်မှု တစ်ခုခုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန်ဖြစ်စေ၊ ယင်းပြစ်မှု ဖြစ်မြောက်အောင် ပံ့ပိုးထားသည်ဖြစ်စေ၊ ဆောင်ရွက်စေရန်အလို့ငှာ တရားဝင်သောနည်းလမ်း၊ တရားမဝင်သော နည်းလမ်းများဖြင့်၊ ယင်းနည်းလမ်းနှစ်မျိုးလုံးဖြင့် ရရှိသည့်ရန်ပုံငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အကြမ်းဖက်သမားတစ်ဦးဦး သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခုခုက အသုံးပြုရန်ရည်ရွယ်ပြီး အသုံးပြုမည်ကို သိလျက်နှင့်ဖြစ်စေ၊ ဥပဒေနှင့်မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် သောနည်းဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် တမင်ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းသည် ပုဒ်မ၄၁(ဃ)၊ ပုဒ်မ ၄၁(က)ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်း၊ စည်းရုံးခြင်း၊ ကြံရာပါဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြစ်လျှင် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ရာရောက်သည်ဟု ပြဋ္ဌာန်း ထားသည်ကိုလည်း အားလုံးသိရှိစေလိုကြောင်း၊ ပုဒ်မ(၄၂)တွင် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကိုကျူးလွန်ရာ ရောက်သည့် အကြောင်းများဖြစ်ကြောင်း၊ မည်သည့်အကြမ်းဖက်အုပ်စုပိုင် ပစ္စည်း (သို့မဟုတ်) အကြမ်းဖက်သမားပိုင်ပစ္စည်းကို တိုက်ရိုက်၊ သွယ်ဝိုက် ၍ဖြစ်စေ ရောင်းချခြင်း၊ တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း၊ အကြမ်း ဖက်သမားပိုင်ပစ္စည်းများ ပါဝင်ပတ်သက်သည့် အရောင်းအဝယ် လုပ်ငန်း တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဖြစ်မြောက်အောင်ပံ့ပိုးခြင်း၊ ထို့နောက် အကျိုးအမြတ်ဖြစ်စေရန် အတွက် အကြမ်းဖက်သမားပိုင်ပစ္စည်းများ အပါအဝင်၊ ပါဝင်ပတ်သက် သည့် ငွေကြေးဝန်ဆောင်မှု၊ အခြားဝန်ဆောင်မှုများကို ထောက်ပံ့ ပေးနေမှုများ၊ အကြမ်းဖက်သမားပိုင်ပစ္စည်းမှန်းသိလျက် မိမိလက်ဝယ် ထားရှိခြင်း၊ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းများသည် ၎င်းဥပဒေ နှင့် ငြိစွန်းကြောင်းကို ပြောလိုကြောင်း၊ အကြမ်းဖက်ဥပဒေ ပုဒ်မ (၅၆)တွင် ပြဋ္ဌာန်းထားသကဲ့သို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ
၅၁၇ (၁)အရလည်း ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည်ဟု ယူဆရန် အကြောင်းရှိသည့်ပစ္စည်း (သို့မဟုတ်) ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းကို ဖျက်ဆီးရန်၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း စေရန် (သို့မဟုတ်) အခြားနည်းဖြင့် ဆောင်ရွက်စေရန်ဆိုပြီး အမိန့်
ချမှတ်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားကြောင်း၊ တချို့လည်း သိလျက် နှင့် လုပ်နေတာရှိကြောင်း၊ တချို့လည်း လော်ဘီအနေနှင့် လုပ်ဆောင် နေခြင်းရှိကြောင်း၊ Kpay မှတစ်ဆင့် ငွေပွားပေးခြင်း၊ K pay မှတစ်ဆင့် ဆောင်ရွက်ခြင်းများရှိကြောင်း၊ ယင်းသည်လည်း အဆိုပါဥပဒေနှင့် ငြိစွန်းနိုင်ကြောင်းကို ပြည်သူလူထုကို အသိပေးလိုကြောင်း ပြန်လည် ဖြေကြားသည်။
Myanmar Public Press News Agency မှ ဒေါက်တာစိုးမြင့်ဦးက ကျန်းမာရေးဝန်ကြီးဌာန၌ Non CDM အဖြစ် ရပ်တည်နေသည့် ဝန်ထမ်းများကို CDM ပြန်ဝင်သည့်သူများက ပညာပြခြင်း၊ နှိပ်စက် ခြင်းများရှိကြောင်း၊ ယင်းသို့ဖြစ်နေသည်ကို ဝန်ထမ်းအချို့က မိမိတို့ကို အကြောင်းကြား ဆက်သွယ်လာကြောင်း၊ ယင်းနှင့် ပတ်သက်၍ အဆင့်ဆင့်တိုင်ကြားသော်လည်း ဝန်ကြီးပင် မလွန် ဆန်နိုင်သည့် အခြေအနေမျိုးဖြစ်နေသည်ဟု ၎င်းတို့ယူဆရသည်ဟု ပြောကြကြောင်း၊ ၎င်းကိစ္စများကိုလည်း ဝန်ထမ်းများ စိတ်ဓာတ် မပျက်ပြားအောင် မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စကို ပြောပြသည့်အတွက် ကျေးဇူး တင်ပါကြောင်း၊ တချို့ဝန်ထမ်းအသိုင်းအဝိုင်းတွင်လည်း ကြားရပါ ကြောင်း၊ CDM လုပ်သည့်အဖွဲ့များ ပြန်ဝင်လာသည့်အချိန်တွင် ယခင် က Non CDM အဖွဲ့များကို ထိုကိစ္စများနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် အနှောင့်အယှက်ဖြစ်ဖွယ်ရှိသည်ကို မိမိတို့သိရကြောင်း၊ တိကျသည် ဆိုလျှင် တိုင်ကြား၍ရကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများကိုလည်း ပြော၍ရကြောင်း၊ တချို့ဌာနဆိုင်ရာအကြီးအကဲများ ပြော၍မရပါဟု ပြောဆိုနေကြသည်ကိုလည်း ကြားသိရကြောင်း၊ ပြောလို့ရသည့် နည်းလမ်းများ ရှိကြောင်း၊ နည်းလမ်းများအတိုင်း လုပ်ဆောင်ပေးရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော် Online Agency သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးနေသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးမှုအပေါ် နိုင်ငံသားများကို အသက်အပိုင်းအခြားလိုက် ထိုးပေးနေ ခြင်းကိုတွေ့ရကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုအပေါ် ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးနှံ့ခွင့် ရရန်အတွက် တုံကင်များပေးထားကြောင်း၊ ထိုတုံကင်ပြားများကို ဈေးကွက်စီးပွားရေးဖော်ဆောင်ပြီး ရောင်းစား နေခြင်းများကို တွေ့ရကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ရိုက်ခတ်မှု၊ လုပ်ငန်းများပိတ်ဆို့မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဝင်ငွေ နည်းမှု၊ နိုင်ငံရေးပြဿနာကြောင့် ဝင်ငွေများ နည်းပါးမှု စသည့် ပြဿနာများ ရင်ဆိုင်နေရကြောင်း၊ အဆိုပါပြဿနာများအကြား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ၅၀၀၀ ၊ ၁၀၀၀၀ ကျပ် တောင်းစားမှုကို မိမိထံတွင် အသံဖိုင်နှင့်တကွ သက်သေရှိ ကြောင်း၊ အဆိုပါဖြစ်ရပ်များသည် မိမိတို့ မြန်မာနိုင်ငံတွင် အနီ၊ အစိမ်း နိုင်ငံသားအားလုံး ခံစားခွင့်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံခန့်ခွဲပေးထားသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးပိုင်ခွင့်ကို ထိုကဲ့သို့ အဂတိလိုက်စားပြီး မလျော်ဩဇာသုံး၍ ဈေးကွက်စီးပွားရေး ဆန်ဆန်ဖြင့် သုံးဦးလျှင် ၂၅၀၀၀ ကျပ်၊ တစ်ဦး လျှင် ၁၀၀၀၀ ကျပ်၊ လင်မယားနှစ်ဦးလျှင် ၂၀၀၀၀ ကျပ်ဖြင့် တောင်းစားနေသည့် အသံဖိုင် ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုကို ကောင်းစေလိုခြင်းကြောင့် လုပ်ပေးသည့်အပေါ် အကျင့်ပျက်ခြစားနေမှုများ တွေ့ရကြောင်း၊ အဆိုပါပြဿနာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးနိုင်မည်ဆိုသည်နှင့် ထပ်မဖြစ် အောင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုဆောင်ရွက်သွားမည်ကို သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပျံ့ပျံ့နှံ့နှံ့ ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ယခင်သတင်းစာရှင်းလင်းပွဲ များတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ EAOs များ ရှိနေသည့်ဒေသများ၊ EAOs များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်ဒေသများအထိ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တချို့ရပ်ကွက်များ၊ ကျေးရွာများအကြောင်း သတင်းထောက်၊ မီဒီယာများ ပြောပြချက်များအရ သိရကြောင်း၊ ထိုကဲ့သို့ပြောပြခြင်းကို မိမိတို့အနေဖြင့် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အဓိကအားဖြင့် တစ်နိုင်ငံလုံးရှိ အကျုံးဝင်သည့်လူထုကို ပျံ့ပျံ့နှံ့နှံ့ထိုးရမည်ဖြစ်ကြောင်း၊ အဆိုပါ
ဆေးထိုးမှုကို လုပ်ငန်းတစ်ခုသဖွယ်မလုပ်စေလိုကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပြီး စာရင်းများကို ပြုစုထားခြင်းက ကျန်းမာရေး ဝန်ကြီးဌာနနှင့် IT နည်းပညာကျွမ်းကျင်သူများ ပူးပေါင်းပြီး စာရင်း ဇယားဖြင့် ပြုစုထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန နှင့် IT နည်းပညာကျွမ်းကျင်သူများ ပြုလုပ်ထားသည့် စာရင်း ဇယားသည် လဝကများ၊ မြို့နယ်အခြေခံများနှင့် လုပ်ထားခြင်းကြောင့် လွဲမှားစရာမရှိကြောင်း၊ မည်သူကအကျုံးဝင်ပြီး မည်သူထိုးရမည်ကို စာရင်းဖြင့်လာခြင်းဖြစ်ကြောင်း၊ အဆိုပါစာရင်းအတိုင်း ထိုးပေး နေခြင်းဖြစ်ကြောင်း၊ သို့သော် အထက်ပါဖြစ်စဉ်များ ဖြစ်နိုင်ခြေမရှိဟု မငြင်းပါကြောင်း၊ ဖြစ်နိုင်ခြေအားဖြင့် နည်းပါးကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရန်မည်သူများ အကျုံးဝင်ပြီး ထိုးရမည်ဟူ၍ ရှိနိုင်ကြောင်း၊ သတင်းထောက်ကြီးပြောခဲ့သည့် အထောက်အထားများ ကို မိမိတို့အား ပေးခဲ့ရန်ပြောကြားလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက် ပြီး မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ငန်းတစ်ခုဟု ပြောလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မိမိဖြေကြားသည့် အဖြေအပေါ် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အောက်ခြေအထိ ပျံ့ပျံ့နှံ့နှံ့ဖြစ်အောင် ပြုလုပ်ထားခြင်းကို ဆက်လက်ပြီး ရှင်းလင်း သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မိမိအနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးတွင် ပျံ့နှံ့စွာ ထိုးနှံရန်နှင့် ရည်မှန်းချက်က ဒီဇင်ဘာလအကုန်တွင် အသက် ၁၈ နှစ်နှင့် အထက် လူဦးရေ ၃၄ ဒသမ ၄ သန်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၇ ဒသမ ၂ သန်းကို ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် နေ့စဉ်တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေး ထိုးသည့်အဖွဲ့ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း၊ နေ့စဉ် ကာကွယ်ဆေး အရေအတွက် ၂ သိန်းမှ ၃ သိန်းအကြား ထိုးနှံနေကြောင်း၊ မိမိတို့အနေဖြင့် များများနှင့်မြန်မြန် ထိုးလိုပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် သတ်မှတ်ထားသည့် သတ်မှတ်ချက်သည် ယခုအခါ အသက် ၄၀ နှစ် အထိဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများကို အုပ်စုအများကြီးဖြင့် ထိုးပေးလျက် ရှိ ကြောင်း၊ ထိုကဲ့သို့ ထိုးပေးသည့်အခါ ကာကွယ်ဆေးထိုးသည့်အဖွဲ့ များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို အနည်းငယ် ရှင်းပြလိုကြောင်း၊ ကာကွယ်ဆေးထိုးသည့်အဖွဲ့သည် ဌာနပေါင်းစုံက ပါရကြောင်း၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းအဖွဲ့များ၊ ကျန်းမာ ရေးဝန်ကြီးဌာနမှ အဖွဲ့များပါရကြောင်း၊ volunteer များလည်း ပါကြောင်း၊ ရပ်ကွက်တစ်ခုတွင် ကာကွယ်ဆေးထိုးမည့် စာရင်းများ ကောက်ပြီး စာရင်းသွင်းရကြောင်း၊ အဆိုပါစာရင်းများသည် ကွန်ပျူတာအတွင်း ၎င်း၏ အမည်၊ အသက်၊ မှတ်ပုံတင် စသည့် အချက်များသွင်းပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးလိုက် ကြောင်း၊ အဆိုပါလူအား ရက်စေ့လျှင် ဒုတိယအကြိမ် ကာကွယ်ဆေး လာထိုးရန်ချိန်းပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးကြောင်း၊ ထိုကဲ့သို့ ကာကွယ်ဆေးထိုးပြီးနောက် VMIS စနစ်ဖြင့် ထုတ်ထားသည့် ကာကွယ်ဆေးထိုးလက်မှတ်ကို ပေးလိုက်ကြောင်း၊ ထိုလက်မှတ်တွင် QR Code နှင့် ၎င်း၏ အချက်အလက်များပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဌာနပေါင်းစုံက ဝိုင်းဝန်း၍ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း၊ တတ်နိုင်သလောက် သတင်းထောက်ကြီး ပြောကြားခဲ့သည့်အချက်များမဖြစ်အောင် မိမိတို့အနေဖြင့် ကြိုးစား ကြောင်း၊ သို့သော် အဖွဲ့အစည်းအများကြီးဖြင့် ဆောင်ရွက်ရခြင်း ကြောင့် တချို့နေရာများတွင် ဟာကွက်ရှိကောင်း ရှိမည်ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း မိမိတို့အနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးသည့်လူဦးရေပေါင်း ၁၁ သန်းကျော်၊ တစ်ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၈ သန်း စုစုပေါင်းလူဦးရေ ၁၅ သန်း၊ ၁၆ သန်းကျော်ကို ကာကွယ်ဆေးအကြိမ်ရေပေါင်း ၂၆ သန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)