
နေပြည်တော် အောက်တိုဘာ ၂၄
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-II) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်း သန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး နှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ် အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက် အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြိုင်ပွဲ ကျင်းပရေးဦးစီကော်မတီ နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်တို့က (၂၄) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
အဖွင့်အမှာစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ရှိကြသည့် လူမျိုး တိုင်းတွင် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု များနှင့် ရိုးရာဓလေ့ထုံးစံအမွေအနှစ်များ ရှိကြစမြဲဖြစ်ပါကြောင်း၊ အလားတူ မိမိတို့ မြန်မာတိုင်းရင်းသားများတွင်လည်း မြန်မာ တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာ များ ထင်ရှားခိုင်မာစွာရှိကြပါကြောင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးဓလေ့များနှင့် မြန်မာ့မူ၊ မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာ ဘိုးဘွားအစဉ်အဆက်က ဖန်တီးပုံဖော် တည်ဆောက် ထိန်းသိမ်းလာခဲ့ကြသည် မှာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီဖြစ်ပါ ကြောင်း။
မြန်မာ့ရှေးဟောင်း မြို့ပြနိုင်ငံများမှ တွေ့ရှိခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများ၊ စာပေအထောက် အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်းများအရ မြန်မာလူမျိုး များသည် ရှည်လျားသည့် သမိုင်းကြောင်း တစ်လျှောက်တွင် ဘာသာတရားဆိုင်ရာ အဆုံးအမများ၊ အဆင့်အတန်းမြင့်မား သည့် ယဉ်ကျေးမှုထုံးဓလေ့များ၊ သိမ်မွေ့ နက်နဲသည့် အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုကို ခြေခြေမြစ်မြစ်ထူထောင်ခဲ့ကြပြီး အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာနေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာ တွေ့ရှိရပါကြောင်း။
ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်
သတင်းအချက်အလက်နှင့် နည်းပညာ များ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လျက်ရှိ သည့် မျက်မှောက်ကာလတွင် ယဉ်ကျေးမှု တစ်သားတည်းဖြစ်ခြင်း၊ ယဉ်ကျေးမှု နှစ်ခြမ်းကွဲခြင်းနှင့် ယဉ်ကျေးမှုမျိုးကွဲများ ပေါင်းစပ်ခြင်းတို့ကို နိုင်ငံအသီးသီး ကြုံတွေ့ရလျက်ရှိပါကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန် ပျောက်ကွယ်သွားပါက နိုင်ငံနှင့်လူမျိုး အပေါ် အထင်ကြီးလေးစားမှုလျော့နည်း ပြီး အမျိုးသားရေးအားမာန်များ ခန်းခြောက်လာမည် ဖြစ်ပါကြောင်း၊ အမျိုးသားရေးအားမာန်ခန်းခြောက်လာ သည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာ ကို နှောင့်ယှက်ထိပါးလာကြမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်း များနှင့် အမျိုးသားရေးအနှစ်သာရများ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်း မရှိရအောင်၊အမျိုးသားရေးစိတ်ဓာတ် ခိုင်မြဲအောင် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လျက်ရှိနေ ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ နိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ကောင်းမြတ် သည့် ဂုဏ်ဒြပ်နှင့် အစဉ်အလာ၊ အမျိုးသား ရေးစံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေဖို့ ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်း များကို နိုင်ငံတော်က အလေးထား
ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ ထိုကဲ့သို့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေးလုပ်ငန်းများအနက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ ကျင်းပခြင်းသည် လည်း တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက် ကြသည့် အဆင့်အမြင့်ဆုံး အမျိုးသားရေး အားထုတ်မှုတစ်ရပ်ဖြစ်သည်ဟု ပြော ကြားလိုပါကြောင်း။
အားရကျေနပ်ဖွယ်ရာတွေ့ရ
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် ပြိုင်ပွဲ အမျိုးအစားများကို အရေအတွက်အရ ရော အရည်အသွေးအရပါ တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်စီစဉ်ပေးခဲ့ပါကြောင်း၊ ယခုနှစ် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်လည်း မိမိတို့၏ စိတ်ဆန္ဒအလျောက် မြန်မာ့အနုပညာကို စိတ်ပါဝင်စားမြတ်နိုးသူများ တိုးပွားလာ မှု၊ မိဘပြည်သူများ၏ အားပေးမှု၊ နိုင်ငံတော်၏ အားပေးချီးမြှင့်မှု၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များမှ တာဝန်ရှိသူ များ၏ ထောက်ပံ့ကူညီမှုတို့ကြောင့် ယခင် နှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲထက်ပြိုင်ပွဲဝင်ဦးရေ တိုးတက် များပြားလာသည်ကိုလည်း အားရကျေနပ် ဖွယ်ရာတွေ့ရပါကြောင်း။
ထို့ကြောင့် မြန်မာတို့၏ ထူးခြား မြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ် ဇာတိဂုဏ် ပိုမိုထွန်းတောက် ရေး၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြံစွာဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှု ကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားကြ ပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ပြည်သူအားလုံးနှင့် အနုပညာရှင်များ၊ လူငယ်လူရွယ်များ အားလုံးအနေဖြင့် နှစ်ပေါင်းထောင်ချီပြီး ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးတိုးတက်စည်ပင်ခဲ့သည့် မြန်မာ လူမျိုးတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေး မှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင် အမျိုးသားရေးစရိုက်လက္ခဏာများ ကမ္ဘာ့ အလယ်တွင် တင့်တယ်စွာ ဆက်လက် ရှင်သန်နေစေရေးအတွက် အနုပညာ စွမ်းအားနှင့် ကြိုးပမ်းဆောင်ရွက်ပေးကြ ရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှု အန္တရာယ်ကို ခုခံကာကွယ်နိုင်ရေး၊ ဘိုးဘွားတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့် ကမ်းအမွေဆက်ခံမည့် မျိုးဆက်သစ် လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအား ပြည့်ဝခိုင်မာလာစေရေး အနုပညာစွမ်းအားနှင့် ကြိုးပမ်းဆောင် ရွက်ပေးကြရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီး ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာ တည်တံ့စေရေးအတွက် ဦးတည်ပြီး အမျိုးသားယဉ်ကျေးမှု အဆင့်အတန်း အစဉ်ထာဝရမြင့်မားစေရအောင် အနု ပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ပေးကြရေး တိုက်တွန်းမေတ္တာ ရပ်ခံလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြိုင်ပွဲကျင်းပရန် စီစဉ် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အနုပညာရှင်များက ဂီတ စာဆိုအလင်္ကာကျော်စွာ ဦးမောင် မောင်လတ် ရေးစပ်သီကုံးထားသော “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ဖွင့်ပွဲ ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး နှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင် ရေး၊ မျိုးဆက်သစ်လူငယ်များအကြား တွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်း ကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ရေး စသည့် ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်