
နေပြည်တော် မတ် ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်အစိုးရအဖွဲ့၏ ဖိတ်ကြား ချက်အရ စိန့်ပီတာစဘတ်မြို့၌ (၂၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဖိုရမ် နှင့်အတူ ပူးတွဲကျင်းပသည့် “Baltic Sea Day” သို့ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ online ဖြင့် တက်ရောက်သည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနား တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လူသား များအတွက် ပင်လယ်သမုဒ္ဒရာ၏ အရေးပါမှု၊ အဏ္ဏဝါရေပြင် အသုံးပြုသူများအတွက် ဟန်ချက် ညီသော အစီအမံများချမှတ်ရန် လိုအပ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေထုညစ်ညမ်း မှု ကာကွယ်တားဆီးရေးနှင့် သက်ဆိုင်သည့် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းများအား ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုများနှင့် မြန်မာနိုင်ငံအနေဖြင့် ရေနံယို ဖိတ်မှုကြောင့် အဏ္ဏဝါဂေဟစနစ် နှင့် လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်မှုများ မရှိစေ ရန် ကာကွယ်ရေးအစီအမံများ ရေးဆွဲဆောင်ရွက်လျက်ရှိမှု၊ ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွား ပေါ်ပေါက်ရသော ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက် ခြင်း၊ သမုဒ္ဒရာအတွင်း အက်စစ် ဖြစ်ထွန်းခြင်း၊ ပင်လယ်ရေမျက်နှာ ပြင် မြင့်တက်ခြင်း၊ ပင်လယ်ရေထု ညစ်ညမ်းခြင်း စသောသဘာဝ ဘေးအန္တရာယ်များ၊ မျက်မှောက် ခေတ်နှင့် အနာဂတ်မျိုးဆက်များ အတွက် နိုင်ငံတော်က ရေရှည် တည်တံ့ သာယာဝပြောသော လူ့အဖွဲ့အစည်းအဖြစ် ဖော်ဆောင် ရန်ဟူသည့် မဟာဗျူဟာချမှတ် ဆောင်ရွက်နေမှုများကို ဆွေးနွေး ပြောကြားသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင် ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရက နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ယခု (၂၃) ကြိမ်မြောက်ကို မတ်၂၂ နှင့် ၂၄ ရက်များတွင် ပင်လယ်ရေထု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာစဘက်အစိုးရ အဖွဲ့မှ အကြီးအကဲများ၊ သဘာဝ အရင်းအမြစ်များနှင့် ဂေဟစနစ် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဘာသာရပ်ကျွမ်းကျင် သူများ၊ သိပ္ပံပညာရှင်များ၊ သုတေသန ပညာရှင်များနှင့် တရုတ်၊ ဗီယက်နမ်၊ ဘီလာရူစ်နိုင်ငံ တို့ အပါအဝင် စုစုပေါင်းလူဦးရေ ၁၀၀၀ ကျော် တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ သက်ဆိုင်ရာ ဌာနအကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်