နေပြည်တော် ဇွန် ၂၃
နိုင်ငံတော်၏ အထူးစီမံကိန်းများ ဖြစ်သော ဝါသီးနှံနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိ စိုက်ပျိုးနေသော မျိုးများအပြင် ပြည်ပမှ မျိုးသစ်များ တင်သွင်း နိုင်ရေးကို မျိုးစေ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လျင်မြန် စွာ ဆောင်ရွက်ပေးနိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်တွင်း မျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်း၍ အရည်အသွေးကောင်းမျိုးစေ့များ မျိုးသန့်မျိုးပွား ထုတ်လုပ်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ ၏ (၂၂) ကြိမ်မြောက် အစည်း အဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။
အစည်းအဝေးတွင် မျိုးစေ့ ဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ယနေ့ကျင်းပသည့် မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီ၏ (၂၂)ကြိမ် မြောက် အစည်းအဝေးတွင် သီးနှံ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ များ (Technical Working Groups, TWGs) နှင့် မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ (Technical Seed Committee, TSC) တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့် စိစစ်ပြီး သဘောထားမှတ်ချက် များဖြင့် တင်ပြလာသော စမ်းသပ် စိုက်ပျိုးသီးနှံ ရှစ်မျိုး၏ မျိုးသစ် မျိုးကွဲ ၁၈ မျိုးနှင့် အချက်အလက် ပြည့်စုံစွာ စုစည်းတင်ပြလာသော သီးနှံ ၁၀ မျိုး၏ မျိုးသစ်မျိုးကွဲ ၂၅ မျိုး စုစုပေါင်း ၄၃မျိုးတို့ကို မျိုးသစ် အသိအမှတ်ပြုလက်မှတ် ထုတ် ပေးနိုင်ရေးအတွက် စိစစ်ဆွေးနွေး ရမည့် လုပ်ငန်းများကို တင်ပြရာ အစည်းအဝေး တက်ရောက်လာ ကြသည့် မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီဝင်များက လုပ်ငန်း တစ်ခုချင်းအလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
ဌာနများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက တင်ပြလာသော အပင်မျိုးသစ်များကို မျိုးစေ့ ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးများက စိစစ် သုံးသပ်ပြီး မျိုးသစ်အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးလာ လျက်ရှိရာ (၂၁) ကြိမ်မြောက် အစည်းအဝေးအထိ သီးနှံ ၇၆ မျိုး၏ မျိုးကွဲ ၁၃၆၀ နှင့် မိဘ မျိုးလိုင်း ၁၆၈ စုံ၊ စုစုပေါင်း ၁၅၂၈ မျိုးကို စိစစ်ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း။ နိုင်ငံတကာမှ တောင်သူ များနည်းတူ အသစ်ထွက်ပေါ် လာသော မျိုးသစ်မျိုးပြားများကို အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင် ရန် မျိုးသစ်များ မှတ်ပုံတင်နိုင်ရေး အတွက် စီမံဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မျိုးစေ့တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးထုတ်လုပ် ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းများ အတွက် အချိန်နှင့် စရိတ်သက်သာ စေပြီး ပွင့်လင်းမြင်သာမှုရှိသော အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း ကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်



