
မောင်မောင်ကျော်
လွတ်လပ်ရေး၏အစသည် ပင်လုံစာချုပ် ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးနှင့် ပတ်သက်လျှင် ပင်လုံညီလာခံသည်လည်း ကောင်း၊ ပင်လုံစာချုပ်သည်လည်းကောင်း မြန်မာ့သမိုင်းတွင် အရေးကြီးသော အချက်များ ဖြစ်ပြီး သိရှိထားသင့်သော အကြောင်းကိစ္စများ ဖြစ်ပါသည်။
လွတ်လပ်ရေးပေးမည်
ဗြိတိန်နိုင်ငံ၌ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ ကိုလိုနီဝါဒီ ဆာဝင်စတန်ချာချီ အစိုးရ၏နေရာ တွင် သဘောထားပျော့ပျောင်းသော လေဘာ ပါတီမှ ကလီမင့်အက်တလီ ဦးဆောင်သည့် အစိုးရ တက်လာခဲ့သည်။ ဗြိတိသျှအစိုးရ အပြောင်းအလဲသည် မြန်မာ့နိုင်ငံရေးကို တစ်နည်းတစ်ဖုံ အရွေ့တစ်ခုဖြစ်စေခဲ့သည်ဟု ဆိုနိုင်သည်။ ဗြိတိသျှအစိုးရသည် ဒုတိယကမ္ဘာ စစ်ကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေး အတွက် ၎င်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြ သော မြန်မာနိုင်ငံအပါအဝင် ကိုလိုနီနိုင်ငံများ အား စစ်ကြီးအပြီးတွင် လွတ်လပ်ရေးပေးမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရမည့် အရေး အသံထွက်လာသောအခါ ၁၉၄၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဗြိတိန်နိုင်ငံမှ မစ္စတာ ဒီချဲယား ခေါင်းဆောင်သော ဗြိတိသျှကွန်ဆာ ဗေးတစ်ပါလီမန်အမတ်တစ်စုသည် မြန်မာ နိုင်ငံ၏ အနာဂတ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို ရှာဖွေစုဆောင်းကာ ကော်မတီ၏အကြံပြုချက် အစီရင်ခံစာတစ် စောင်ကို ရေးသားပြုစုခဲ့ကြသည်။ ထိုအစီရင်ခံ စာကို ၁၉၄၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာပြည်အတွက် စီမံကိန်းကို ဗြိတိသျှ ပါလီမန်၌ တင်ပြခဲ့သည်။
ဗြိတိသျှအချို့သဘောထား
ယင်းစီမံကိန်းတွင် ဗြိတိသျှအောက် လွှတ်တော်အမတ်တစ်စု၏ တောင်တန်းဒေသ နှင့်ပတ်သက်သော သဘောထားအချက် အလက်တစ်ခုကို အောက်ပါအတိုင်း ဖော်ပြ ထားသည်-
“ရှမ်း၊ ချင်း၊ ကချင်၊ ကရင်နယ်ပယ်များ ပါဝင်သည့် သီးခြားနယ်များသည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ(စီရင်အုပ်ချုပ်မှု) ဥပဒေအရ သီးခြားတည်ရှိကြလျက် မိမိတို့ပူးပေါင်းပါဝင် လိုကြောင်း ဖော်ပြသည့်ကာလအထိ မြန်မာ ဒိုမီနီယံနိုင်ငံတွင် မပါဝင်စေရ၊ မြန်မာ ဒိုမီနီယံနိုင်ငံ ထူထောင်ရေးတွင် သီးခြား နယ်များသည် အကျုံးမဝင်”ဟု ဖော်ပြထားရာ မြန်မာနိုင်ငံအတွက် စီမံကိန်းတွင် မြန်မာ နိုင်ငံအား ဒိုမီနီယံအဆင့်အတန်းပေးသည့် တိုင်အောင် တောင်တန်းဒေသများအား လက်ရှိအနေအထားတွင်ပင် ဆက်လက်ထား ရှိရန် ရည်ရွယ်ထားသည်မှာ အထင်အရှား ဖြစ်သည်။
ထို့အပြင် မဟာမိတ်တပ်များ ရန်ကုန်မြို့ ကို ပြန်လည်သိမ်းပိုက်ပြီးနောက် မြန်မာပြည် အနာဂတ်အရေးနှင့်ပတ်သက်သော သဘော ထားဖြစ်သည့် စက္ကူဖြူစီမံကိန်းကို ဗြိတိသျှ အစိုးရက ၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
စက္ကူဖြူစီမံကိန်း
ထိုစက္ကူဖြူစီမံကိန်းတွင် တောင်တန်း ဒေသများ၏ အနာဂတ်အရေးကို မြော်တွေးကာ ဗြိတိသျှတို့၏ သဘောထားနှင့်ပတ်သက်၍ “မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော ဗမာလူမျိုးများနှင့် ဘာသာ စကား၊ ဓလေ့ထုံးစံ၊ နိုင်ငံရေးတိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်ရာ ရှမ်းပြည်နယ်များနှင့် လူမျိုးစုနေထိုင်ရာ တောတောင်ထူထပ်သည့် နိုင်ငံအစွန်အဖျားဒေသများတွင်ပါဝင်သည့် သီးခြားနယ်မြေများ ကိုမူ ထိုလူမျိုးများက မိမိနေထိုင်ရာဒေသများကို မြန်မာပြည်နှင့်သင့်လျော်သောပုံစံဖြင့် ပူးပေါင်း လိုကြောင်း မိမိတို့၏ဆန္ဒကို ထုတ်ဖော်ခြင်း မပြုသေးမီကာလအတွင်း ဘုရင်ခံက အထူး စီမံအုပ်ချုပ်ထားလိမ့်မည်ဖြစ်ကြောင်း” တင်ပြ ထားသည်။
ထိုစဉ်က စက္ကူဖြူစီမံကိန်းအား မြန်မာတို့ အနေဖြင့် မည်သို့မျှလက်ခံနိုင်စရာအကြောင်း မရှိပေ။ မြန်မာတစ်မျိုးသားလုံးက လိုလားတောင့်တမျှော်မှန်းခဲ့ကြသော လုံးဝလွတ်လပ် ရေးတည်းဟူသော ရည်မှန်းချက်နှင့် အလှမ်း ဝေးနေသဖြင့် မြန်မာတစ်မျိုးသားလုံးက ယင်းစက္ကူဖြူစီမံကိန်းကို လက်မခံဘဲ ကန့်ကွက်ခဲ့ကြသည်။ စစ်ကြီးပြီးသည့်နောက် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား လွတ်လပ် ရေးပေးမည်ဆိုသော်လည်း တောင်တန်းပြည်မ ခွဲခြားအုပ်ချုပ်ရေး၊ တင်းပြည့်ကျပ်ပြည့် လွတ်လပ်ရေးမျိုးပေးရန် စိတ်ကူးမရှိခဲ့ပေ။ တောင်တန်းဒေသနှင့် ဝေးလံခေါင်သီသော အစွန်အဖျားဒေသများမှ တိုင်းရင်းသားများကို ပြည်မနှင့်သွေးကွဲစေရန် ခွဲခြားသည့်စနစ်ဖြင့် စီမံကာ အုပ်ချုပ်နိုင်ရန်ကြိုးပမ်းခဲ့သည်။
နိုင်ငံရေးအမြင်နိုးကြား
စစ်အတွင်းကာလက အိန္ဒိယနိုင်ငံသို့ ရှောင်တိမ်းခဲ့သော မြန်မာပြည်စစ်ပြေးဘုရင်ခံ ဆာဒေါ်မန်စမစ်အစိုးရ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် မြန်မာပြည်၏ အခြေအနေအရပ်ရပ်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြေပြန့်ဒေသတွင်သာမက တောင်ပေါ်ဒေသများပါမကျန် ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးပမ်းအားထုတ်မှုကြောင့် လူထု၏နိုင်ငံရေးအမြင် နိုးကြားထက်သန်မှုမှာ တိုးတက်ရှင်သန်လာပြီဖြစ်သည်။ နိုင်ငံတစ် ဝန်း လွတ်လပ်ရေးတောင်းဆိုမှုများမှာ တစ်စ တစ်စ အရှိန်အဟုန်မြင့်မားလာနေသည်။ နောက်ဆုံးတွင် ဆာဒေါ်မန်စမစ်အစား အသစ် ရောက်ရှိလာသည့် လေဘာပါတီအစိုးရဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော အခြေအနေအရပ်ရပ်၏ တောင်းဆို မှုနှင့်အညီ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့အား ဖိတ်ကြား၍ အစိုးရဖွဲ့ရန် လွှဲအပ်ရတော့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံအမှု ဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ရင်း မြန်မာပြည်အနှံ့သို့ ကွင်းဆင်း ၍ လွတ်လပ်ရေးအတွက် လူထုအားစည်းရုံးခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးစီးသည့် ဖဆပလအဖွဲ့ချုပ်သည်လည်း လွတ်လပ်ရေး တိုက်ပွဲကို အရှိန်အဟုန်တိုးမြှင့်၍ လုပ်ဆောင် လာခဲ့သည်။ မြန်မာလူထုတစ်ရပ်လုံးကလည်း ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် စုစုစည်းစည်း ညီညီညွတ်ညွတ် ရပ်တည်ခဲ့ကြ သည်။ ဤကဲ့သို့ လွတ်လပ်ရေးတောင်းဆိုမှု အထွတ်အထိပ်ကာလဖြစ်သည့် ၁၉၄၆ ခုနှစ် နိုဝင်ဘာလအတွင်း ဖဆပလအဖွဲ့ချုပ်သည် “၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာပြည်ကို လုံးဝ လွတ်လပ်ရေး တစ်နှစ်အတွင်း ရပါစေ့မည်ဟု ဗြိတိသျှအစိုးရက အတိအကျကြေညာရန်နှင့် အထက်ပါအချက်ကို သတ်မှတ်ရက်အတွင်း ထိထိရောက်ရောက် မရရှိသေးပါက ဖဆပလ ကိုယ်စားလှယ်များသည် အစိုးရအဖွဲ့မှ နုတ်ထွက်ကြမည်ဖြစ်ကြောင်း” ဗြိတိသျှအစိုးရ ထံ တင်ပြတောင်းဆိုခဲ့ကြသည်။
လန်ဒန်သို့ဖိတ်ခေါ်
ဖဆပလ၏ တောင်းဆိုချက်ကို တုံ့ပြန် သည့်အနေဖြင့် ဗြိတိသျှနန်းရင်းဝန် အက်တလီ က ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပါလီမန်အောက်လွှတ်တော်၌ မြန်မာနိုင်ငံနှင့် ပတ်သက်၍ “ဗြိတိသျှအဆက်ဆက်တို့က မြန်မာတို့အားပေးခဲ့သည့် ကတိစကားများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ရန် ဘုရင်မင်းမြတ် အစိုးရသည် ဘုရင်ခံအမှုဆောင် (ဝန်ကြီး)အဖွဲ့မှ မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို မကြာမီလန်ဒန်သို့ ဖိတ်ခေါ်ဆွေးနွေး မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိကျင်းပသော လန်ဒန်ဆွေးနွေးပွဲ သည် မြန်မာပြည်၏ ရှေ့ရေးကံကြမ္မာကို အဆုံး အဖြတ်ပေးမည့် သမိုင်းဝင်ဆွေးနွေးပွဲဖြစ်သည်။ လန်ဒန်ဆွေးနွေးပွဲသို့ ဘုရင်ခံအမှုဆောင် (ဝန်ကြီး)အဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်များ ကိုသာ ဖိတ်ကြားခဲ့သည်။ လန်ဒန်ဆွေးနွေးပွဲ သည် တောင်တန်းဒေသများနှင့် တိုက်ရိုက် မသက်ဆိုင်သဖြင့် တောင်တန်းဒေသများမှ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းဖြင့် ပြဿနာပို၍ရှုပ်ထွေးသွားနိုင်သည်ဟု ဘုရင်ခံ ဘက်က ယူဆထားသည်။ ထိုစဉ်ကာလက တောင်တန်းဒေသများနှင့်ပတ်သက်၍ ဗြိတိသျှ အစိုးရ၏ သဘောထားမှာ စက္ကူဖြူစာတမ်း တွင် ဖော်ပြထားသည့်အတိုင်း “တောင်တန်း သားများက မြန်မာပြည်မနှင့်ပူးပေါင်းလိုသည် ဟု ဆန္ဒပြုသည့်အချိန်အထိ တောင်တန်းဒေသ များကို ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက် တွင်ထားရှိရန်”ဟူ၍ဖြစ်သည်။
တလုံးတစည်းတည်း
သို့သော် နေ့စဉ်နှင့်အမျှဖြစ်ပေါ်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေ အနေနှင့်တစ်ပြေးညီ ထိတွေ့နေရသည့် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏အမြင်မှာ ပို၍လက်တွေ့ ကျသည်ကိုတွေ့ရသည်။ ဆာဟူးဘတ်ရန့်စ်က တောင်တန်းဒေသအရေးကို ဗြိတိသျှအစိုးရ အနေဖြင့် အမြင်သစ်ဖြင့်ချဉ်းကပ်၍ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်းကို “ဝန်ကြီးများအုပ်ချုပ် သော မြန်မာနိုင်ငံနှင့် တောင်တန်းဒေသများဟု ယခုခွဲခြားပြောဆိုနေရသော်လည်း စင်စစ်တွင် ၎င်းတို့သည် နိုင်ငံတစ်နိုင်ငံတည်း၏ အစိတ် အပိုင်းများသာဖြစ်ကြသည်။ ၎င်းတို့သည် အတိတ်ကာလကလည်း တစ်နိုင်ငံတည်း ဖြစ်ခဲ့၍ အနာဂတ်တွင်လည်း တစ်နိုင်ငံတည်း သာဖြစ်ရမည်။ ထို့ကြောင့် တတ်နိုင်သမျှစော၍ တလုံးတစည်းတည်းသော မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးသည် ကျွန်ုပ်တို့၏ အန္တိမ ရည်ရွယ်ချက်ပင် ဖြစ်သင့်ကြောင်း။
“စစ်ပြီးချိန်မှစ၍ ပြည်မနှင့်တောင်တန်း ဒေသများအကြားတွင် နိုင်ငံရေးအရဆက်ဆံမှု ပိုမိုတိုးတက်များပြားလာသည်က တစ်ကြောင်း၊ ပြည်မနှင့်တောင်တန်းဒေသများ ပူးပေါင်းရေး ကို အတင်းအကျပ်ဆောင်ရွက်မည် မဟုတ်ဘဲ တောင်တန်းဒေသများ၏ ဆန္ဒသဘောထား ပါသည့် ပူးပေါင်းမှုမျိုးဖြစ်ရန်သာ ဆောင်ရွက် သွားမည်ဟု ဖဆပလက ကြေညာထားသည်က တစ်ကြောင်း၊ ဗြိတိသျှတို့၏လက်အောက်တွင် မည်မျှပင် တိုးတက်ကြီးပွားမည်ဆိုစေကာမူ တောင်တန်းသားများသည် ဗြိတိသျှတို့၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် နေလိုသူ များဖြစ်ကြသည်ဟု မဆိုနိုင်သည်ကတစ် ကြောင်း ထိုအကြောင်းတို့ကြောင့် မြန်မာ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေး အတွက် ဗမာများနှင့်တောင်တန်းဒေသများ နားလည်မှုရရှိနိုင်သည့် အလားအလာများ လည်းရှိနေကြောင်း” သုံးသပ်တင်ပြခဲ့သည်။
စုံစမ်းရေးကော်မရှင်
ဆာဟူးဘတ်ရန့်စ်သည် မြန်မာပြည်၏ နိုင်ငံရေးတိုးတက်မှု ပကတိအခြေအနေမှန်ကို ဗြိတိသျှတို့ဘက်မှ ခံစားမှုမပါဘဲ ပွင့်ပွင့်လင်း လင်းသုံးသပ်တင်ပြခဲ့ခြင်း ဖြစ်သော်လည်း နောက်ကွယ်မှ နိုင်ငံရေးရှုပ်ကွက်မြှုပ်ကွက် များကြောင့် တောင်တန်းပြည်မ ပူးပေါင်းရေးကို ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ခဲ့ရသည်။ ဆာဟူးဘတ်ရန့်စ်က တောင်တန်းဒေသနှင့် ပြည်မပူးပေါင်းရေးကို အကောင်အထည်ဖော် နိုင်မည့် အကောင်းဆုံးနှင့် အမြန်ဆုံးနည်းလမ်း ကို စုံစမ်းလေ့လာရန် ဗြိတိသျှ-မြန်မာနှင့် တောင်တန်းဒေသမှ ပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းရေးကော်မရှင်ကိုဖွဲ့၍ ဆောင်ရွက်သင့် ကြောင်း အကြုံပြုခဲ့သည်။
ဗြိတိသျှအစိုးရသည် တောင်တန်းဒေသ များပါ ပါဝင်သည့် တလုံးတစည်းတည်းသော မြန်မာနိုင်ငံဖြစ်လာရေးကို ရည်ရွယ်သည်ဟုဆို သော်လည်း ၎င်းတို့အမြင်တွင်တောင်တန်းသား များသည် မြန်မာပြည်မနှင့် ပူးပေါင်းရန် ဆန္ဒ မရှိသေးဟု ယူဆထားကြသည်။ ထို့ကြောင့် လည်း တောင်တန်းသားများ၏ဆန္ဒအမှန်ကို စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း ဗမာနှင့် တောင်တန်းသားများအကြား လွတ်လပ်စွာ ကူးလူးဆက်ဆံခွင့် ရှိစေမည်ဖြစ်ကြောင်း ကြားကာလတွင် တောင်တန်းဒေသကိစ္စများကို ဆောင်ရွက်နိုင်ရန် ဗြိတိသျှတို့ဘက်မှ တောင်တန်းဒေသဆိုင်ရာ အကြံပေးကောင်စီ ကို ဖွဲ့စည်းရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့က အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။
အောင်ဆန်း-အက်တလီစာချုပ်
ဤသို့ဖြင့် ဗြိတိသျှအစိုးရနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့တို့သည် တောင်တန်းဒေသ အရေးနှင့်ပတ်သက်၍ အခြေအတင်ဆွေးနွေး ခဲ့ကြသည်။ နောက်ဆုံးတွင် ရှဉ့်လည်းလျှောက် သာ ပျားလည်းစွဲသာဖြစ်စေရန် နှစ်ဖက်သော အဖွဲ့အစည်းများ၏ လိုအင်ဆန္ဒများကို ပေါင်းစပ်ကာ အစည်းအဝေးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် သမိုင်းဝင်သော အောင်ဆန်း-အက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှနန်းရင်း ဝန် အက်တလီတို့ အောင်ဆန်း-အက်တလီ စာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ ကြသည်။
အောင်ဆန်း-အက်တလီ စာချုပ်တွင် အချက် (၁၂) ချက်ပါဝင်ပြီး တောင်တန်းဒေသ များနှင့်ပတ်သက်သည့် သဘောတူညီချက်များ ကို သီးခြားဖော်ပြထားသည်။ လန်ဒန်ဆွေးနွေး ပွဲတွင် ပင်လုံအစည်းအဝေးပြုလုပ်ရန် သဘော တူညီခဲ့ပြီး ပင်လုံကွန်ဖရင့် သို့မဟုတ် အထူး ကွန်ဖရင့်တွင် မြန်မာအစိုးရနှင့် ပူးတွဲပေါင်း ဖက်ပုံနှင့်ပတ်သက်၍ မိမိတို့ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုနိုင်ရန် ပင်လုံကွန်ဖရင့်တွင် နယ်ခြားဒေသရှိခေါင်းဆောင်များ၊ ကိုယ်စား လှယ်များကို မေးမြန်းရန်နှင့် ကွန်ဖရင့်ပြီးဆုံး သည့်အခါ ဗြိတိသျှအစိုးရနှင့်မြန်မာအစိုးရတို့ နယ်ခြား လူမျိုးများ ထုတ်ဖော်ပြောဆိုသောထင်မြင်ချက်များနှင့်အညီ လိုလားချက်များကို ဖြည့်စွမ်းရန် အကောင်းဆုံးနည်းစနစ်ကို သဘောတူညီချက်ယူမည်ဟု ပါရှိသည်။
စည်းလုံးညီညွတ်မှု
ယင်းကို သုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံ အား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် သဘောတူသော်လည်း တောင်တန်းဒေသများ ကိုမူ တောင်တန်းဒေသ ခေါင်းဆောင်များ ကိုယ်တိုင် ပြည်မနှင့်အတူ လွတ်လပ်ရေးရယူ လိုပါသည်ဟု အခိုင်အမာလက်မှတ်ထိုးမှသာ ပြည်နယ်နှင့်ပြည်မ ပေါင်းစည်းပါဝင်သော ပုံသဏ္ဌာန်ဖြင့် လွတ်လပ်ရေးပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မြန်မာပြည်လွတ်လပ်ရေး အတွက် အောင်ဆန်း-အက်တလီ စာချုပ်မဖြစ် ပေါ်မီ လန်ဒန်တွင် ဆွေးနွေးနေစဉ်ပင် ပဒေသရာဇ်စော်ဘွားများက မြန်မာပြည်မနှင့် ပူးပေါင်းရေးကို ကန့်ကွက်ခဲ့ကြပြီး ပြည်တွင်း မှ နိုင်ငံရေးသမားအချို့ကလည်း ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ဗြိတိသျှလူမျိုးအချို့က လည်း နှောင့်ယှက်ခဲ့ကြသည်။ မြန်မာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းအားထုတ်ကြရာ၌ အခက်အခဲများ၊ အနှောင့်အယှက်များ၊ အဟန့်အတားများနှင့် ကြုံတွေ့ခဲ့ရသည်။ အဓိကမှာ စည်းလုံးညီညွတ် မှုကို အခိုင်အမာ တည်ဆောက်နိုင်မှသာ လွတ်လပ်ရေးအောင်ပန်းနှင့် နီးစပ်နိုင်မည်ဖြစ် ၍ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို သက်သေထူနိုင်ရန် ပင်လုံညီလာခံအောင်မြင် စေရန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပင်လုံတွင် တစ်နေ့လုံးဆွေးနွေးကြပြီးနောက် ပင်လုံ စာချုပ်မူကြမ်းကို အပြီးသတ်သဘောတူညီမှု ရရှိခဲ့သည်။ မြန်မာတို့နှင့်ပူးပေါင်း၍ လွတ်လပ် ရေးအရယူမည်ဟူသော သဘောတူညီချက် ကိုရရှိခဲ့ပြီး ထိုနေ့ည၌ ရှမ်းစော်ဘွားများ တည်ခင်းသော ညစာစားပွဲတွင် ဗိုလ်ချုပ်အောင် ဆန်းက “အချင်းချင်း သဘောကွဲလွဲမှုမျိုး ဆိုတာကတော့ နည်းနည်းပါးပါးတော့ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်စော်ကားလို့ အသက်ကိုစွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်ကြတာမျိုး ကတော့ အားလုံးနဲ့သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာပဲ။ တိုက်ခိုက်ကြတဲ့အခါ စစ်သေနာပတိဟာ ကရင် ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ကချင်၊ ချင်း ဖြစ်ချင်ရင်လည်းဖြစ်မယ်။ ဘယ်သူဖြစ်ဖြစ် တစ်မိန့်တည်းလိုက်နာ ဆောင်ရွက်ကြရမှာပဲ။ တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအား စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင် မယ်”ဟု ပြောကြားခဲ့သည်။
ပင်လုံစာချုပ်လက်မှတ်ရေးထိုး
ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တောင်တန်းဒေသမှ တိုင်းရင်း သားကိုယ်စားလှယ် ၂၂ ဦးတို့သည် အချက် (၉)ချက်ပါသော မြန်မာနိုင်ငံနှင့် တောင်တန်း ဒေသများပူးပေါင်းရေး ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပင်လုံစာချုပ် သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခိုင်အမာစိုက်ထူပြသည့် သမိုင်းမှတ်တိုင်ဖြစ် သလို လွတ်လပ်ရေး အမြုတေလည်းဖြစ်သည်။ မြန်မာနိုင်ငံ တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်ရေး၊ လုံးဝလွတ်လပ်သော နိုင်ငံ ဖြစ်ရေး၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သည် အရေးပါဆုံးအရေးဖြစ်သည်ကို မြင်တွေ့ ရပြီဖြစ်သည်။
ပင်လုံစာချုပ်တွင် တိုင်းရင်းသား ခေါင်းဆောင်များ၏ဆန္ဒဖြင့် လက်မှတ်ရေးထိုး ခဲ့ကြပြီး တစ်နှစ်အတွင်း မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရသည်နှင့် အကွဲကွဲအပြားပြားမဖြစ်အောင် ကျားကန် စုစည်းခဲ့ရသည့် မြန်မာပြည်သည် ယိမ်းယိုင် ချည့်နဲ့ အကွဲကွဲအပြားပြားဖြစ်ခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်က စိတ်သဘောထား တူမျှစွာ နားလည်မှုဖြင့် ပေါင်းဖက်ခဲ့ကြသူများ ယနေ့မျက်မှောက်နှင့်အနာဂတ်တွင် ဥမကွဲ သိုက်မပျက် ကောင်းတူဆိုးဖက် ရာသက်ပန် ပေါင်းဖက်နေထိုင်လိုစိတ်များ ခိုင်မြဲနေစေရန် အလို့ငှာ (၂၁)ရာစုပင်လုံတွင် တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးပါဝင်ကြရန် လိုအပ် ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပင်လုံမြေတွင် အခိုင် အမာစိုက်ထူနိုင်သောကြောင့် လွတ်လပ်ရေးကို ရရှိခဲ့ခြင်းဖြစ်သည်။ (၂၀)ရာစုပင်လုံ၏ အောင်မြင်မှုကြောင့် လွတ်လပ်ရေးအောင်ပန်း ကိုဆင်မြန်းနိုင်ခဲ့ခြင်းဖြစ်သည်။ (၂၁)ရာစု ပင်လုံညီလာခံများ အောင်မြင်မှုရအောင် ညီညီညွတ်ညွတ် လက်တွဲပါဝင်ဆောင်ရွက်ခြင်း ဖြင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်း သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပါသတည်း။ ။
ကိုးကားချက်
ဦးလနန်ဘောက်၊ ဖက်ဒရယ်ပေါ် အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ခြင်း။
၁၉၄၅-၁၉၄၈ မြန်မာ့နိုင်ငံရေး။
- Log in to post comments