ဟနွိုင်း မေ ၁၄
ဒီဂျစ်တယ်နည်းပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက အတည်ပြုထားသည့် အစီအစဉ်သစ်အရ ဗီယက်နမ် နိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာလုပ်ငန်းသည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ထက်မနည်း နှစ်စဉ်ဝင်ငွေရရှိရန် မျှော်မှန်းထားကြောင်း ဗီယက်နမ်ရုပ်မြင်သံကြားက မေ ၁၄ ရက်တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။
အစီအစဉ်အရ ၂၀၃၀ ပြည့်နှစ်တွင် အဆိုပါလုပ်ငန်း၏ နှစ်စဉ်ဝင်ငွေတိုးတက်မှုနှုန်းကို ၁၂ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပို၍ ထိန်းသိမ်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ထို့ပြင် အဆိုပါအစီအစဉ်သည် ၂၀၄၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံကို ဒီဂျစ်တယ်နည်းပညာလုပ်ငန်းအတွက် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်များအနက် တစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဗီယက်နမ်နိုင်ငံသည် အဆင့်မြင့်နိုင်ငံများမှ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဒီဂျစ်တယ်နည်းပညာလုပ်ငန်း ၁၀ ခုထက်မနည်း ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်လျက်ရှိသည်။
ဆင်ဟွာ