၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန် ဇူလိုင် ၂၇

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအား ဆက်လက်ကျင်းပသည်။

ဆုပေးပွဲတွင် အမျိုးသမီး ၄၃-၄၆ ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုကို (ကယားပြည်နယ်အသင်း) မှ ဒီမြာ၊ ဒုတိယဆုကို (မန္တလေးတိုင်းဒေသကြီးအသင်း)မှ ယမင်းသော်တာ၊ တတိယဆုကို (မွန်ပြည်နယ်အသင်း) မှ ယွန်းပိုးအိမ်၊ ပူးတွဲတတိယဆုကို (ဧရာဝတီတိုင်းဒေသကြီးအသင်း) မှ ဆုရည်ထက်တို့က ရရှိကြရာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းကလည်းကောင်း၊ အမျိုးသမီး ၄၉-၅၃ ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုကို (ရှမ်းပြည်နယ်အသင်း) မှ ဆုလေပြေထွန်း၊ ဒုတိယဆုကို (ကရင်ပြည်နယ်အသင်း) မှ အေးမြတ်သူ၊ တတိယဆုကို (စစ်ကိုင်းတိုင်းဒေသကြီးအသင်း)မှ ကျိန်ရှန်စံ၊ ပူးတွဲတတိယဆုကို (နေပြည်တော်ကောင်စီအသင်း) မှ ဂျူးဂျူးစံသာတို့နှင့် အမျိုးသမီး ၄၀-၄၃ ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုကို (ရန်ကုန်တိုင်းဒေသကြီးအသင်း) မှ သူသူဟန်၊ ဒုတိယဆုကို (ရှမ်းပြည်နယ်အသင်း) မှ ဖိုးမြာ၊ တတိယဆုကို (ကရင်ပြည်နယ်အသင်း) မှ မင်းမင်းဟေမာန်၊ ပူးတွဲတတိယဆုကို (ချင်းပြည်နယ်အသင်း)မှ ချမ်းမြေ့စံတို့က ရရှိကြရာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြဟန်ကလည်းကောင်း။

အမျိုးသား၅၁-၅၄ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုကို (ရန်ကုန်တိုင်းဒေသကြီးအသင်း) မှ ခန့်ထူး လျှံမိုးနေ၊ ဒုတိယဆုကို (ပဲခူးတိုင်းဒေသကြီးအသင်း) မှ ထက်ဝေယံကျော်၊ တတိယဆုကို (ချင်းပြည်နယ်အသင်း) မှ အောင်ကျော်ဇင်၊ ပူးတွဲတတိယဆုကို (မွန်ပြည်နယ်အသင်း) မှ စွမ်းထက်ဦးတို့နှင့် အမျိုးသား ၄၈-၅၁ ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုကို (ရန်ကုန်တိုင်းဒေသကြီးအသင်း) မှ ထွန်းလင်းအောင်၊ ဒုတိယဆုကို (မွန်ပြည်နယ်အသင်း) မှ ထက်မြတ်ထွန်း၊ တတိယဆုကို (ချင်းပြည်နယ်အသင်း) မှ ရဲသီဟလင်း၊ ပူးတွဲတတိယဆုကို (နေပြည်တော်ကောင်စီအသင်း) မှ ဖြိုးပြည့်စုံတို့က ရရှိကြရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသည့် (ကယားပြည်နယ်အသင်း) မှ ဒီမြာနှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း) မှ ထွန်းလင်းအောင်၊ ရွှေတံဆိပ် ငါးခု၊ ကြေးတံဆိပ် လေးခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ထို့နောက် ရွှေတံဆိပ်ခုနစ်ခု၊ ငွေတံဆိပ်တစ်ခုဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက စုပေါင်းတံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်