၂၀၂၄ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့

Type
5

 

ကမ္ဘာ့မိုးလေဝသနေ့ဂုဏ်ပြုဆောင်းပါး

ကျော်လွင်ဦး(မိုးဇလ)

နိဒါန်း
ကမ္ဘာ့မိုးလေဝသနေ့ကို နှစ်စဉ် မတ်လ ၂၃ ရက်နေ့ သည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံ တွေက အမျိုးသားမိုးလေဝသနှင့် ဇလဗေဒဌာနများ အနေနဲ့ ခမ်းခမ်းနားနားကျင်းပကြတဲ့ ကမ္ဘာ့မိုးလေ ဝသနေ့ ဖြစ်ပါတယ်။ မိုးလေဝသ၊ ရာသီဥတုနဲ့ ဇလ ဗေဒဆိုင်ရာ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ဆောင်ပုဒ် တစ်ခုနဲ့ ကမ္ဘာ့မိုးလေဝသနေ့ကို   ၁၉၆၁  ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာမှာ ယခုနှစ် အတွက် ဆောင်ပုဒ်ကတော့ (At the Frontline of Climate Action- ရာသီဥတုကောင်းမွန်ရေး အလေး ထားဆောင်ရွက်ပေး) ဖြစ်ပြီး ရာသီဥတုပြောင်းလဲ လာမှုရဲ့ သိသာထင်ရှားလာတဲ့ သက်ရောက်မှုတွေကို လျော့ပါးသက်သာစေနိုင်ဖို့အတွက်    ရာသီဥတု ပြောင်းလဲလာမှုအပေါ် တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် တိုင်းမှာ   ကျွန်ုပ်တို့အားလုံး   တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြစေလိုတဲ့ ရည်ရွယ်ချက်များ နဲ့ကျင်းပကြမှာ ဖြစ်ပါတယ်။ 
ရာသီဥတုပြောင်းလဲလာမှုရဲ့ ခြိမ်းခြောက်မှုများ
ရာသီဥတုပြောင်းလဲလာမှုသည် ကျွန်ုပ်တို့ရဲ့ လူ့ယဉ်ကျေးမှုတစ်ရပ်လုံးအတွက် အမှန်တကယ် နဲ့ ငြင်းမရနိုင်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီး သက်ရောက်မှုတွေကို  ယခုပင် ကျွန်ုပ်တို့ မလုပ်ဆောင်ပါက ထိခိုက်ဆုံးရှုံးမှုတွေ ယခုထက် ပိုဆိုးလာတော့မှာဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန် နှစ်တွေကတည်းက   ဆယ်စုနှစ်   တစ်ခုစီသည် ယခင်နှစ်တွေထက် ပိုမိုပူနွေးလာခဲ့ပါတယ်။  ၂၀၂၃ ခုနှစ်သည် စံချိန်တင်အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ၁၈၅၀-၁၉၀၀ ပျမ်းမျှအပူချိန်ထက် ၁.၄၅°C ခန့် ပိုပူနေခဲ့ပါ တယ်။   အဓိကအကြောင်းရင်းက   လူတို့ကြောင့် ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့    အယ်လ်နီညိုရာသီဖြစ်စဉ်တို့ရဲ့ ပေါင်းစပ်သက်ရောက်မှုတွေကြောင့် ဖြစ်ပါတယ်။  အပူချိန်မြင့်တက်လာခြင်းကြောင့်   ပြင်းထန်တဲ့ သဘာဝဘေးတွေဖြစ်တဲ့ အပူလှိုင်းတွေဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းနှင့် ရုတ်တရက် ပြင်းထန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတွေ   ဆက်စပ်ဖြစ်ပေါ်စေပြီး   စံချိန်တင် မြင့်တက်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ စုဝေးနေတဲ့ လေထုအတွင်းက အပူစွမ်းအင်တွေကြောင့်လည်း မိုးလေဝသအခြေအနေ‌တွေကို ပိုပြီးပြင်းထန်စေပါ တယ်။  သမုဒ္ဒရာအပူချိန်တွေကလည်း   စံချိန်တင် မြင့်မားလာနေပြီး ပူနွေးလာမှုသည် အရှိန်မြင့်လာ ကာ  နှစ်ပေါင်းရာနှင့်ချီ၍ပင်   ဆက်လက်တည်ရှိ နေဦးမည်ဟု မျှော်လင့်ရပါတယ်။ သမုဒ္ဒရာအတွင်း အက်ဆစ်ဓာတ်များ မြင့်မားလာခြင်းကြောင့်လည်း အဏ္ဏဝါဂေဟစနစ်ကို     ထိခိုက်လာမည်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည် အရှိန် အဟုန်ဖြင့် မြင့်တက်လာပြီး မြေနိမ့်ပိုင်းဒေသတွေ နဲ့ ကမ်းရိုးတန်းဒေသခံတွေအတွက် ခြိမ်းခြောက်မှု တိုးလာနေပါတယ်။ ရေခဲမြစ်တွေနဲ့ ရေခဲလွှာတွေ လျော့နည်းလာနေတာကြောင့် အနာဂတ်အတွက် ရေသယံဇာတဖူလုံမှု၊ အရေးပါတဲ့ ဂေဟစနစ်တွေနဲ့ ပင်လယ်ရေမျက်နှာပြင်   မြင့်တက်လာမှုကို   ပိုမို ဆိုးရွားစေတော့မှာဖြစ်ပါတယ်။ ရေခဲပင်လယ်တွေ သည် ဆက်လက်ကျုံ့လာနေခြင်းနဲ့  အေးခဲနေတဲ့ ရေခဲပြင်ဒေသများ အရည်ပျော်လာတာတွေကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအလားအလာကို ပိုမိုမြင့်မားလာစေမှာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး 
စိန်ခေါ်မှုများနဲ့ တုံ့ပြန်မှုများ
ရာသီဥတုဖောက်ပြန်မှု  လျော့ပါးရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြဖို့တော့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် လေထု အတွင်း အပူကိုထိန်းထားနိုင်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ တွေကို သိသိသာသာလျှော့ချရန် လိုအပ်ပါတယ်။ ထို့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ရုပ်ကြွင်း လောင်စာတွေအသုံးပြုမှုကို တဖြည်းဖြည်းရပ်တန့် ရန်နဲ့  သန့်ရှင်းတဲ့   စွမ်းအင်အရင်းအမြစ်တွေကို ပြောင်းလဲသုံးစွဲကြဖို့ဖြစ်ပါတယ်။ စက်မှုတော်လှန် ရေးမတိုင်မီက လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုမှာ ၂၈၀ ppm ဝန်းကျင်တွင် နှစ်ထောင် ပေါင်းများ တည်ရှိနေခဲ့ရာမှ ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းခြင်း၊ သစ်တောပြုန်းတီးခြင်းနဲ့ မြေယာ အသုံးပြုမှုပြောင်းလဲလာခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် တွင် ၄၁၇.၉ ppm အထိ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှု ၅၀  ရာခိုင်နှုန်းအထိ သိသိသာသာတိုးလာခဲ့ပါ တယ်။ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့ များအပါအဝင် ကာဗွန်ဒိုင်အောက်ဆိုက်သည် လူတို့ ၏လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေသော သက်တမ်း ရှည်ကြာအောင် တည်ရှိနေနိုင်တဲ့  ဖန်လုံအိမ်ဓာတ် ငွေ့တွေအနက် အရေးကြီးဆုံးဖြစ်ပါတယ်။ ကာဗွန် ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုရဲ့ ထက်ဝက်နီးပါးမှာလေထုထဲတွင်ကျန်ရှိနေပြီး လေးပုံတစ်ပုံကျော်ကို တော့ သမုဒ္ဒရာတွေက စုပ်ယူထားကာ ၃၀ ရာခိုင် နှုန်းနီးပါးကိုတော့   မြေပြင်ဂေဟစနစ်တွေဖြစ်တဲ့ သစ်တောတွေနဲ့  ရေတိမ်ဒေသတွေက   စုပ်ယူပါ တယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ ဆက်လက်ရှိနေ သရွေ့   လေထုထဲတွင်   ကာဗွန်ဒိုင်အောက်ဆိုက် ဆက်လက်တိုးတက်နေမှာဖြစ်ပြီး ကမ္ဘာ့အပူချိန်ကို မြင့်တက်လာစေမှာ  ဖြစ်ပါတယ်။  သက်တမ်းရှည် ကြာအောင်တည်ရှိနေမယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကြောင့်   လာမည့်ဆယ်စုနှစ်များစွာ အထိ   လက်ရှိ  အပူချိန်မြင့်တက်မှုတွေအတိုင်း ဆက်ရှိနေဦးမှာဖြစ်ပါတယ်။  ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပဲရစ်သဘောတူညီချက်အတိုင်း စက်မှုခေတ် ကာလမတိုင်မီကရှိခဲ့တဲ့ ကမ္ဘာ့အပူချိန်ထက်(၁.၅°C)ထက်မပိုအောင် ထိန်းထားနိုင်ဖို့အတွက် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို သိသိသာသာလျှော့ချ ရမှာဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွေမှာ ကမ္ဘာလုံးဆိုင်ရာ အသားတင်ထုတ်လွှတ်မှု သုညအထိဖြစ်လာစေမယ့် မျှော်မှန်းချက်ကိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ  ရာသီဥတုပြောင်းလဲမှုအတွက်   ဖန်လုံအိမ် ဓာတ်ငွေ့တွေ လျော့ပါးရေးဆိုင်ရာမူဝါဒတွေအပေါ် အရေးတကြီးလုပ်ဆောင်မှုတွေ မလုပ်ကြရင်တော့ ဤရာစုနှစ် အကုန်တွင် ကမ္ဘာကြီးပူနွေးလာမှုသည် စက်မှုခေတ်မတိုင်မီကာလ အပူချိန်ထက် (၂.၈°C) ဝန်းကျင်သို့  ဦးတည်သွားနိုင်ကြောင်း   သုံးသပ်ရပါ တယ်။ ထို့အတူ အားလုံးအတွက် တတ်နိုင်သော၊ ယုံကြည်စိတ်ချရသော၊   ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်မီသောစွမ်းအင်ကို  ရယူသုံးစွဲနိုင်စေရမယ်လို့  ရည်မှန်းထားတဲ့   ကုလသမဂ္ဂရဲ့   ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်    အောင်မြင်စေရန်အတွက် စွမ်းအင်စနစ်များသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုတို့ရဲ့   အဓိကမောင်းနှင်အားပင်  ဖြစ်ပါ တယ်။ စွမ်းအင်ကဏ္ဍကနေ ဖန်လုံအိမ်ဓာတ်ငွေ့ လေးပုံသုံးပုံခန့်ကို ထုတ်လွှတ်တဲ့အတွက် ၂၀၅၀ ပြည့်နှစ်မှာ   အသားတင်ထုတ်လွှတ်မှု  သုညအထိ ဖြစ်လာစေမယ့်  မျှော်မှန်းချက်ကိုရရှိရန်   ကာဗွန် ထုတ်လွှတ်မှုတွေကို လျင်မြန်စွာလျှော့ချဖို့ အထူးပဲ အရေးကြီးလှပါတယ်။   ရုပ်ကြွင်းလောင်စာတွေနဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတတ်တဲ့ ကျွန်ုပ်တို့ရဲ့ စွဲလမ်းမှုတွေကို ချိုးဖျက်ပြီး ပိုပြီးသန့်ရှင်းစိမ်းလန်း စေမယ့်အနာဂတ်ကို ဆုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တိုးတက်လာခဲ့ပြီး ယနေ့ခေတ်တွင်  တစ်ကမ္ဘာလုံး  ပျမ်းမျှလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုရဲ့(၃၀ ရာခိုင်နှုန်း)နီးပါးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ထုတ်လုပ်ခြင်းဖြစ် ပါတယ်။ ၂၀၂၃ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (၅၁၀) gigawatts (GW) နီးပါး  ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် (၅၀ ရာခိုင်နှုန်း)ခန့် တိုးလာခဲ့တော့ လွန်ခဲ့တဲ့  ဆယ်စုနှစ်နှစ်ခုအတွင်း  အလျင်မြန်ဆုံး တိုးတက်မှုနှုန်း ဖြစ်ခဲ့ပါတယ်။ သို့ရာတွင် အသား တင်ထုတ်လွှတ်မှု သုညဆီသို့လျှော့ချမယ့် ဦးတည် ကြိုးပမ်းမှုတွေသည်     စိန်ခေါ်မှုများစွာရှိနေတဲ့ ရေအရင်းအမြစ်လိုအပ်ချက်     အများအပြားတော့ ရှိနေမှာ ဖြစ်ပါတယ်။ 
ရာသီဥတုပြောင်းလဲမှု   လျော့ပါးရေးအတွက် တုံ့ပြန်မှုတွေအနေနဲ့ကတော့ ကမ္ဘာ့မိုးလေဝသအဖွဲ့ ချုပ်အနေနဲ့   ဖန်လုံအိမ်ဓာတ်ငွေ့တွေ   လေ့လာ စောင့်ကြည့်တဲ့(Global Greenhouse Gas Watch-G3W)  ကွန်ရက်စနစ်ထူထောင်ပေးပြီး   ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ  ပဲရစ်သဘောတူညီချက်အရ လျော့ပါးသက်သာစေရေး လုပ်ဆောင်ချက်တွေကို ပိုမိုခိုင်မာသော သိပ္ပံဆိုင်ရာသတင်းအချက်အလက် တွေပံ့ပိုးပေးဖို့နဲ့ တိုင်းထွာစောင့်ကြည့်ရေးလှုပ်ရှားမှုတွေကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြင့် အားကောင်း လာစေမှာဖြစ်ပါတယ်။ Global Greenhouse Gas Watch-G3W ရဲ့ အရေးကြီးတဲ့ ပဏာမခြေလှမ်းက အဓိကဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ ပထဝီဝင်ဒေသ အလိုက် ပျံ့နှံ့တည်ရှိနေမှုနဲ့ အတိုးအလျော့အ‌ခြေအနေ တွေနဲ့ပတ်သက်တဲ့ အချက်အလက်လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးဖို့ရည်ရွယ်ပြီး မြေပြင်နဲ့ ဂြိုဟ်တု မှ လေ့လာ၊ တိုင်းထွာတဲ့ အချက်အလက်တွေနဲ့အတူ သင်္ချာပုံစံမော်ဒယ်တွေမှာ ပေါင်းစပ်ခန့်မှန်းတွက် ချက်မယ့် မူဘောင်တစ်ရပ်ကို အထောက်အကူပြု ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့မိုးလေဝသအဖွဲ့ ချုပ်အနေနဲ့ Global Greenhouse Gas Watch-G3W မှ မြေပြင်နဲ့ လေထုအတွင်းရှိ   လစဉ်ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့၊   မီသိန်းဓာတ်ငွေ့တွေရဲ့ အညွှန်းကိန်းတွေကို   လစဉ်ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအတွက် အလွန်တန်ဖိုးရှိတဲ့   သတင်းအချက်အလက်တွေ ဖြစ်လာပါလိမ့်မယ်။ ရာသီဥတုပြောင်းလဲမှုလျော့ပါး ရေးအတွက် သန့်ရှင်းတဲ့စွမ်းအင်တွေ အသုံးပြုရန် တုံ့ပြန်မှုအစီအစဉ်တွေအနေနဲ့ကတော့ မိုးလေဝသ နဲ့ ရာသီဥတုတို့သည် လေ၊ နေရောင်ခြည်နဲ့ရေအား လျှပ်စစ်စနစ်တွေရဲ့ လည်ပတ်နိုင်မှုနှင့် စွမ်းဆောင် ရည်တို့အပေါ်  သက်ရောက်မှုရှိတဲ့အတွက်   ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့ အစည်းတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသွင် ကူးပြောင်းမှုကို ပံ့ပိုးပေးရန်အတွက် ရည်မှန်းထား သော ဝန်ဆောင်မှုတွေနဲ့ သတင်းအချက်အလက်တွေ ကို ပံ့ပိုးပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင် လျက်ရှိနေပါတယ်။ 
ရာသီဥတုပြောင်းလဲမှုအပေါ် 
လိုက်လျောညီထွေရှိစေရေး  
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး   ရည်မှန်း ချက်တွေ    အောင်မြင်မှုရရှိရန်မှာ     ရာသီဥတု လုပ်ဆောင်ချက် (Climate Action)အပေါ် မူတည် နေပြီး အားလုံးအနီးကပ်ဆက်စပ်မှုတွေ ရှိနေကြပါ တယ်။ ယနေ့ခေတ်တွင် မိုးလေဝသအခြေအနေတွေ ရဲ့ အကျိုးသက်ရောက်မှု၊ သဘာဝအတိုင်းဖြစ်ပေါ် နေတဲ့ ရာသီဥတုဖောက်ပြန်မှုနဲ့ လူတို့ကြောင့်ဖြစ်ပေါ် လာတဲ့   ရာသီဥတုပြောင်းလဲမှုတို့ကို   ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ အောင်မြင်တဲ့ လုပ်ငန်းစီမံချက်တွေ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။  ထိရောက်တဲ့ လိုက်လျောညီထွေဖြစ်ဖို့    ဆောင်ရွက်ချက်တွေမှာ ဒေသတစ်ခုချင်းစီရဲ့ လိုအပ်ချက်တွေကို အဆုံးအဖြတ် ပေးဖို့အတွက် ကျိုးကြောင်းဆီလျော်ပြီး အရည်အသွေး မြင့်မားတဲ့အချက်အလက်တွေ  အချိန်နှင့်တစ်ပြေးညီပံ့ပိုးပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ရာသီဥတုဘေးတွေကို ပိုမိုကောင်းမွန်စွာ   စီမံခန့်ခွဲ မယ်ဆိုပါက   ကမ္ဘာလုံးဆိုင်ရာ၊   ဒေသဆိုင်ရာနဲ့ နိုင်ငံအလိုက်   ရာသီဥတုသိပ္ပံဆိုင်ရာသတင်းအချက် အလက်တွေ၊ ခန့်မှန်းသုံးသပ်ချက်တွေကို လုပ်ငန်း စဉ်တွေ၊   မူဝါဒတွေနဲ့အတူ     လက်တွေ့ပေါင်းစပ် ဆောင်ရွက်သွားကြဖို့  အလွန်အရေးကြီးပါတယ်။ ရာသီဥတုအပေါ် လိုက်လျောညီထွေဖြစ်အောင် ပံ့ပိုး ပေးဖို့အတွက် သိပ္ပံနှင့်ရာသီဥတုဆိုင်ရာ ဝန်ဆောင် မှုတွေ အရှိန်အဟုန်ဖြင့် တိုးတက်လာနေပြီး  နိုင်ငံ အလိုက်နဲ့ အပြည်ပြည်ဆိုင်ရာ  ရာသီဥတုဆိုင်ရာ ဝန်ဆောင်မှုတွေထဲမှာ   အရည်အသွေးမြင့်မားတဲ့ တိုင်းထွာချက်တွေ၊   ရာသီဥတုတွက်ချက်မှုဆိုင်ရာ သင်္ချာပုံစံတွေရဲ့ ရလဒ်တွေအပါအဝင် အရေးကြီးတဲ့ ရာသီဥတုညွှန်းကိန်းတွေ၊ မြေပုံတွေ၊ ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်မှု ဆန်းစစ်ချက်တွေ၊ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်တွေအထိ ပါဝင်ပါ တယ်။ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ   သတင်း အချက်အလက်တွေကို စိုက်ပျိုးထုတ်လုပ်မှု၊ ကျန်းမာ ရေးအခြေအနေတွေ၊ အန္တရာယ်မြင့်မားတဲ့ဒေသမှာ နေထိုင်ကြတဲ့ လူဦးရေပျံ့နှံ့မှုကုန်စည်ပို့ဆောင်မှု အတွက်    ကုန်စည်စီးဆင်းနိုင်မယ့်    လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေနဲ့ ပတ်သက်တဲ့ မြေပုံတွေနှင့် အခြားသောလူမှုစီးပွားဆိုင်ရာအချက်အလက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ရာသီဥတုဘေးတွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်ကြမှာ ဖြစ်ပါတယ်။  ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အနေနဲ့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးကဏ္ဍ၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲ မှုကဏ္ဍတွေကို  အဓိကထားပြီး  ရာသီဥတုဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
အားလုံးအတွက် ကြိုတင်သတိပေးစနစ်များ
(Early Warnings for All)
သဘာဝဘေးဆိုင်ရာ   ကြိုတင်သတိပေးစနစ် များသည်   လူ့အဖွဲ့အစည်းကို   အန္တရာယ်ပြုနိုင်တဲ့ ဆိုးရွားတဲ့မိုးလေဝသ၊ ဇလဗေဒနဲ့ရာသီဥတုအခြေ အနေဆိုင်ရာဖြစ်ရပ်တွေနဲ့  လိုက်လျောညီထွေ တုံ့ပြန်နိုင်ရေး ကူညီပေးဖို့အတွက် အရေးကြီးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ကြိုတင်သတိပေးစနစ်တွေ ဟာ သဘာဝဘေးဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေထက် ကုန်ကျစရိတ်သက်သာခြင်း၊ အသက်ဆုံးရှုံးမှုတွေကို ကယ်တင်နိုင်ခြင်းနဲ့    စီးပွားရေးဆုံးရှုံးမှုတွေကို လျှော့ချကာ   ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်ထက် ဆယ်ဆနီးပါး     အကျိုးကျေးဇူးရရှိစေပါတယ်။ ကြိုတင်သတိပေးချက်ဝန်ဆောင်မှုတွေသည် ရေရှည် ဖွံ့ဖြိုးမှုရည်မှန်းချက်တွေရဲ့  လုပ်ငန်းတိုးတက်မှုကို အထောက်အပံ့ဖြစ်စေပြီး အဖွဲ့အစည်းတွေရဲ့ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းတွေကို   ပိုပြီးရရှိစေပါတယ်။  ဥပမာအနေနဲ့  ဆိုးရွားတဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ဆက်စပ်တဲ့ ဆင်းရဲမွဲတေမှုတွေအတွက် အန္တရာယ် ကျရောက်မှုမှ လျှော့ချပေးနိုင်ခြင်း၊ စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံမှုတို့ ကို ကြိုတင်ကာကွယ်ပေးနိုင်ခြင်း၊ ပျက်စီးဆုံးရှုံးမှု နည်းပါးစေခြင်း၊   ကျန်းမာရေးအတွက်    အပူဒဏ် အန္တရာယ်ကြိုတင်သတိပေးချက်တွေနဲ့ မြို့တော်ကြီး တွေ ရေရှည်တည်တံ့ရေးအတွက် ပိုမိုအထောက် အကူဖြစ်စေပါတယ်။ ၁၉၇၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် အတွင်း ပြင်းထန်တဲ့ မိုးလေဝသ၊ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာဘေးတွေကြောင့် စီးပွားရေးဆုံးရှုံး မှုမှာ  ဒေါ်လာ  (၄.၃)  ထရီလီယံရှိပြီး   သေဆုံးသူ  (၂) သန်းကျော်ရှိခဲ့ပါတယ်။ စီးပွားရေးဆုံးရှုံးမှုတွေ မြင့်တက်လာသော်လည်း   ကြိုတင်သတိပေးချက် များ   ပိုမိုကောင်းမွန်လာကာ    ညှိနှိုင်းပေါင်းစပ်မှု ကောင်းမွန်တဲ့ သဘာဝဘေးအန္တရာယ်  စီမံခန့်ခွဲမှု တွေကြောင့် ထိခိုက်သေဆုံးသူဦးရေ လျော့နည်းသွား ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၉ ခုနှစ်အတွင်း မိုးလေဝသ၊ ရာသီဥတုနှင့် ဇလဗေဒနဲ့ဆက်နွှယ်တဲ့ဘေးတွေကြောင့် သေဆုံးသူ ၅၅၀၀၀၀ ကျော် ရှိခဲ့ပေမယ့်  ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်ကြားတွင် သေဆုံးသူ ၁၈၅၀၀၀ အောက်ကို ကျဆင်းသွားခဲ့ ပါတယ်။  ဒါပေမယ့်  သေဆုံးမှုကိန်းဂဏန်းတွေက လက်မခံနိုင်အောင် မြင့်မားနေဆဲဖြစ်ပြီး သေဆုံး သူ (၉၀ ရာခိုင်နှုန်း)ကျော်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှ ဖြစ်ပါတယ်။ အလျင်အမြန်လုပ်ဆောင်ဖို့   လိုအပ် ချက်တွေရှိပေမယ့်လည်း   ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ထက်ဝက်လောက်ကသာ ပြည့်စုံတဲ့ဘက်စုံ သဘာဝ ဘေးကြိုတင်သတိပေးစနစ်ရှိကြတယ်လို့  သတင်း ပို့ထားကြပါတယ်။ ဒီလိုအခြေအနေကနေ ပြောင်းလဲ သွားစေဖို့အတွက်   ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာမှ    ဆက်စပ်ဌာနအဖွဲ့အစည်းတွေ စုပေါင်းပြီး   ၂၀၂၇  ခုနှစ်   နှောင်းပိုင်းလောက်မှာ လူသားတိုင်း ကြိုတင်သတိပေးစနစ် လွှမ်းခြုံမှုရရှိ စေမယ့်လုပ်ငန်းစဉ်အသစ်တစ်ခုဖြစ်တဲ့ Early War-nings for All (အားလုံးအတွက် ကြိုတင်သတိပေး ချက်များ)  စနစ်ကို   စတင်အကောင်အထည်ဖော် နေပြီး ယခုအခါ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေ၊ မိုးခေါင်မှုနဲ့ ရေလွှမ်းမိုးမှုဆိုင်ရာ   စီမံခန့်ခွဲမှုတွေ အပါအဝင်  ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ရဲ့    လုပ်ငန်း အစီအစဉ်တွေက Early Warnings for All ရဲ့ ဦးစား ပေးအစီအစဉ်တွေကို  ပံ့ပိုးဖို့အတွက်  ကောင်းစွာ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှု
ကူးစက်ရောဂါဖြစ်ပွားမှု၊ ပဋိပက္ခ၊ ရာသီဥတု ပြောင်းလဲမှုနဲ့  ပိုမိုနက်ရှိုင်းလာတဲ့  မညီမျှမှုတွေ အကြောင်းရင်းတွေ ပေါင်းစပ်မှုကြောင့်  ကမ္ဘာလုံး ဆိုင်ရာ ငတ်မွတ်မှုနဲ့စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာဟာ  ၂၀၁၅ ခုနှစ်မှစတင်ကာ စိုးရိမ်ဖွယ်ရာ တိုးမြင့်လာမှုကိုပြသခဲ့ပြီး ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ၂၀၂၂ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ (၇၃၅) သန်း သို့မဟုတ် ကမ္ဘာ့လူဦးရေရဲ့ (၉.၂ ရာခိုင်နှုန်း) သည် ကာလရှည်ငတ်မွတ်ခေါင်းပါးမှုအခြေအနေ တွင် ကြုံတွေ့ခဲ့ရပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာနေပါတယ်။ ရာသီဥတု ပြောင်းလဲမှုသည် မိုးခေါင်ခြင်းနဲ့ ပူပြင်းခြောက်သွေ့ ခြင်းကဲ့သို့သော ဆိုးရွားတဲ့ မိုးလေဝသအခြေအနေ တွေကို မကြာခဏဖြစ်ပေါ်စေပါတယ်။ ဆင်းရဲမွဲတေ မှု   ပိုမိုဆိုးရွားလာခြင်း၊    ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆက်နွှယ်နေတဲ့ အစားအစာနဲ့ကျန်းမာရေးဆိုင်ရာ မလုံခြုံမှုတို့ကလည်း ပြဿနာတွေကို တွန်းအားပေး လျက်ရှိပါတယ်။ ကောက်ပဲသီးနှံ၊  မွေးမြူရေးနဲ့ ရေလုပ်ငန်းအပါအဝင် စိုက်ပျိုးရေးကဏ္ဍအနေနဲ့ ရာသီဥတုဖောက်ပြန်မှုနဲ့  ရာသီဥတုပြောင်းလဲမှု တို့ကြောင့်    ထိခိုက်နိုင်မှုအများဆုံးကဏ္ဍဖြစ်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျှော့ချရေးနဲ့ ရာသီဥတု သက်ရောက်မှုတွေကို လိုက်လျောညီထွေတုံ့ပြန်ကြ မယ့်၊ လုပ်ငန်းအစီအစဉ်တွေ   ဆောင်ရွက်ကြမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့   (၉၀ ရာခိုင်နှုန်း)   ကျော်က စိုက်ပျိုးရေးကဏ္ဍအပေါ်  လိုက်လျောညီထွေဖြစ် အောင် ပံ့ပိုးပေးဖို့လိုအပ်ကြောင်း တင်ပြချက်တွေအရ သိရှိရပါတယ်။ 
စိုက်ပျိုးရေးအသိုက်အဝန်းအား ရေရှည်တည်တံ့ ပြီး စီးပွားရေးအရအကျိုးရှိစေမယ့် စိုက်ပျိုးရေးစနစ် တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်က အဖွဲ့ဝင်နိုင်ငံတွေကို မိုးလေဝသ၊ ရာသီ ဥတုတို့နဲ့ ဆက်စပ်တဲ့ဝန်ဆောင်မှုတွေ ကူညီပံ့ပိုးပေး ခြင်း၊ အယ်လ်နီညို၊ လာနီညာနဲ့အခြားသော ရာသီ ဥတုဆိုင်ရာဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်မှုအခြေအနေတွေ နဲ့ပတ်သက်ပြီး ရာသီဥတုခန့်မှန်းချက်တွေ ထုတ်ပြန် ပေးလျက်ရှိပါတယ်။
ကျန်းမာရေးကဏ္ဍ
ရာသီဥတုပြောင်းလဲလာမှုရဲ့ သက်ရောက်မှုတွေ ကြောင့် လူသားတွေရဲ့ကျန်းမာရေးကို ခြိမ်းခြောက် လျက်ရှိပြီး ဆိုးရွားတဲ့ မိုးလေဝသဘေးတွေအနက် အပူချိန်မြင့်တက်ခြင်းက သဘာဝဘေးတွေ အားလုံး အနက်  သေဆုံးမှုအများဆုံးဖြစ်ပြီး   ထိခိုက်လွယ် တဲ့   လူဦးရေအုပ်စုကတော့  အန္တရာယ်အများဆုံး ဖြစ်ပါတယ်။ ၂၀၀၀-၂၀၁၉ ခုနှစ်မှ တစ်ကမ္ဘာလုံးတွင် အပူဒဏ်နဲ့ဆက်စပ်ပြီး နှစ်စဉ်သေဆုံးမှု (၄၉၀,၀၀၀) ခန့်ရှိခဲ့တယ်လို့    ခန့်မှန်းရပြီး     ကမ္ဘာ့နိုင်ငံတွေရဲ့ ထက်ဝက်ခန့်တွင်သာ အပူဒဏ်အန္တရာယ် သတိပေး ချက်များကို ထုတ်ပြန်နိုင်သေးကြောင်း ကမ္ဘာ့မိုးလေ ဝသအဖွဲ့ချုပ်ရဲ့   ၂၀၂၃ ခုနှစ်  ကျန်းမာရေးကဏ္ဍ အတွက် ရာသီဥတုဝန်ဆောင်မှုတွေ အစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။  ရာသီဥတုပြောင်းလဲမှုကြောင့် ရာသီဥတုဒဏ်ခံနိုင်သောကူးစက်ရောဂါတွေ၊ အစား အစာနဲ့ ရေမှကူးစက်တတ်သောရောဂါ ကူးစက်မှု တွေကိုလည်း  ပိုမိုဆိုးရွားစေပါတယ်။   ကမ္ဘာလုံး ဆိုင်ရာ  ကျန်းမာရေးကဏ္ဍ  ကောင်းမွန်လာစေဖို့ အတွက် သုတေသနနှင့် လူမှုရေးသိပ္ပံအသိုက်အဝန်း များအနေနဲ့လည်း ရာသီဥတုနဲ့ ကျန်းမာရေးစိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အတူတကွ ကြိုးစား နေကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်တို့အနေနဲ့ ရာသီဥတုပြောင်းလဲမှု၊ လွန်ကဲ တဲ့  မိုးလေဝသဖြစ်စဉ်တွေ၊   အခြားပတ်ဝန်းကျင် ဆိုင်ရာအန္တရာယ်တွေကြောင့် လူသားတို့ရဲ့ ကျန်းမာ ရေးကို ပိုမိုကောင်းမွန်စွာ  ကာကွယ်နိုင်ဖို့အတွက် ရာသီဥတုနဲ့သိပ္ပံဆိုင်ရာဝန်ဆောင်မှုတွေ ပေါင်းစပ် ထုတ်လုပ်အသုံးချနိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါတယ်။ 
ရေအရင်းအမြစ် စီမံခန့်ခွဲမှု
ရေသည် အသက်ရှင်သန်မှုအတွက် မရှိမဖြစ် လိုအပ်သော်လည်း    လိုအပ်ချက်ထက်များခြင်း သို့မဟုတ်   လုံလောက်မှုနည်းပါးပါက   လူ့အသက်၊ လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးကို ခြိမ်းခြောက် ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ရေသံသရာလည် ခြင်းသည် ဟန်ချက်မညီစွာ လည်ပတ်နေပါတော့ တယ်။ မိုးခေါင်မှုနဲ့ ရေကြီးရေလျှံမှုဖြစ်ရပ်တွေက မကြာခဏဖြစ်ပေါ်လာနေပြီး ပိုမိုပြင်းထန်လာကာ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့စီးပွားရေးကို အကြီး အကျယ်ထိခိုက်နေပါတယ်။ လက်ရှိတွင် လူဦးရေ (၃.၆) ဘီလီယံသည်  တစ်နှစ်လျှင်  အနည်းဆုံး တစ်လ ရေလုံလောက်စွာမရရှိမှုနဲ့ ရင်ဆိုင်နေရပြီး ၂၀၅၀ ပြည့်နှစ်တွင် (၅) ဘီလီယံကျော်အထိ တိုးလာ နိုင်မယ်လို့   ခန့်မှန်းထားကြပါတယ်။   ရာသီဥတု ပြောင်းလဲမှုဟာ ရေနဲ့ဆက်စပ်တဲ့ဘေးအန္တရာယ် များအတွက်   ကျွန်ုပ်တို့၏   ဘေးဒဏ်ခံရနိုင်မှုကို မြင့်တက်လာစေမည်ဖြစ်ပြီး       ရေအရင်းအမြစ် လုံလောက်စွာမရရှိခြင်းကြောင့်လည်း  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါမယ်။ 
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်သည် ပိုမိုကောင်းမွန် တဲ့ စောင့်ကြည့်တိုင်းထွာခြင်း၊ အချက်အလက်တွေ မျှဝေခြင်းနဲ့ စီမံခန့်ခွဲခြင်း၊   နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း၊ ရေအရင်းအမြစ် အကဲဖြတ်ဆန်းစစ် ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးလာစေဖို့  ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် တိကျမှန်ကန် တဲ့  ဇလဗေဒဆိုင်ရာ  သတင်းအချက်အလက်တွေအချိန်နဲ့တစ်ပြေးညီ ဖြန့်ဝေပေးပို့နိုင်ရေးနဲ့ ဘက်စုံ ရေအရင်းအမြစ်စီမံခန့်ခွဲမှုဗျူဟာတွေ   ချမှတ်နိုင်ဖို့ အတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနတွေရဲ့  စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လျှပ်တစ်ပြက် ရေကြီးမှု၊ မိုးခေါင်မှုနှင့် ရေကြီးမှု အန္တရာယ်တွေလျော့ပါးစေဖို့   လိုအပ်တဲ့အစီအမံ တွေပြုလုပ်နိုင်ဖို့ ကူညီပေးလျက်ရှိပါတယ်။ ရေသည် အားလုံးအတွက် ကြိုတင်သတိပေးချက်တွေ(Early Warnings for All) လုပ်ငန်းစဉ်နှင့် ရာသီဥတုဆိုင်ရာ လုပ်ဆောင်မှု(Climate Action) တွေအတွက် ဗဟို ချက်ဖြစ်တဲ့အတွက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီး အနေနဲ့ ဇလဗေဒဆိုင်ရာရေရှည်မျှော်မှန်းချက်တွေနဲ့ လုပ်ငန်းစဉ်တွေချမှတ်ထားပြီး ဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ အနာဂတ် 
ဆုံးဖြတ်ချက်ချမှတ်ဖို့ အထောက်အကူဖြစ်စေ တဲ့ မိုးလေဝသ၊ ရာသီဥတုနဲ့ ဇလဗေဒခန့်မှန်းချက်၊ အချက်အလက်တွေအတွက်   လိုအပ်ချက်တွေက လာမည့်နှစ်တွေမှာ ပိုမိုလျင်မြန်စွာ တိုးလာဖွယ်ရှိနေ ပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်အနေနဲ့ စူပါကွန်ပျူတာ တွေ၊ ဂြိုဟ်တုမှ လေ့လာစူးစမ်းတဲ့နည်းပညာ၊ စမတ် မိုဘိုင်းလ်ကိရိယာတွေနဲ့   ဉာဏ်ရည်တုနည်းပညာ တို့ရဲ့ စွမ်းအားတွေကိုအသုံးပြုနေပြီး ပုဂ္ဂလိကကဏ္ဍ တွေနဲ့   ပူးပေါင်းဆောင်ရွက်မှု    ပိုမိုခိုင်မာလာဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်ုပ်တို့၏ အနာဂတ် ကမ္ဘာကိုပုံဖော်ပေးမယ့် ကမ္ဘာကြီးရဲ့ ယနေ့လုပ်ဆောင် ချက်တွေက အထူးအရေးကြီးနေပြီဖြစ်လို့  လူသား အားလုံးနဲ့    အနာဂတ်မျိုးဆက်သစ်တွေအတွက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများစွာကို ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့အတူ ကျွန်ုပ်တို့အားလုံး စည်းလုံး ညီညွတ်စွာနဲ့  Climate   Action တွေ  အမြန်ဆုံး ဆောင်ရွက်ကြရတော့မှာဖြစ်ပါတယ်။
နိဂုံး
မြန်မာနိုင်ငံမှာ   ပစ္စုပ္ပန်နဲ့အနာဂတ်မျိုးဆက်သစ်တွေ ချမ်းသာသုခရရှိစေရေးအတွက် ရေရှည် တည်တံ့သော၊ ကြွယ်ဝချမ်းသာမှုရှိသော၊ အားလုံး ပါဝင်သော   ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး  ကာဗွန် ထုတ်လွှတ်မှုလျော့နည်းသော    လူမှုအဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရန်အတွက် ချမှတ်ထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ  ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒနဲ့ မဟာဗျူဟာတွေနဲ့အညီ ရာသီဥတုပြောင်းလဲမှု ကြောင့် ထိခိုက်မှုကိုသက်သာစေရန်နဲ့ လိုက်လျော ညီထွေတုံ့ပြန်ဆောင်ရွက်နိုင်ကြဖို့ သက်ဆိုင်ရာကဏ္ဍ အလိုက် Climate Action တွေ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနကလည်း မိုးလေဝသ၊ ဇလဗေဒ၊ ရာသီ ဥတုဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်း၊ ခန့်မှန်းချက်၊ သတိပေးချက်တွေနဲ့အတူ မြေငလျင်၊ ဆူနာမီကဲ့သို့ သဘာဝဘေးတွေအပါအဝင် ဘက်စုံသဘာဝဘေးကြိုတင်သတိပေးချက်တွေ ပိုမိုထိရောက်မှုရှိစေဖို့ အတွက် နိုင်ငံတော်အစိုးရ၏  ဦးဆောင်လမ်းညွှန်မှု၊ ပို့ဆောင်ရေးနှင့်     ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်ပံ့ပိုးမှုတွေနဲ့  သက်ဆိုင်ရာဌာန၊  အဖွဲ့ အစည်းတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနဲ့    ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တွေကို    ရည်ညွှန်းကိုးကားလျက် ၂၀၂၄  ခုနှစ် မတ်လ ၂၃  ရက် နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့မိုးလေဝသနေ့အား  ကြိုဆို၊   ဂုဏ်ပြုတင်ပြ အပ်ပါတယ်။         ။