၂၀၂၂ ခုနှစ်တွင်‌ ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၆ 


ရခိုင်ပြည်နယ်         တောင်ကုတ်မြို့နယ်ရှိ  မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ        ဆင်မ  ဇာနန်းလှ  အသက် ၃၃ နှစ်က  ဆင်ဖြူတော် (အထီး)ကလေး (၁)စီးကို ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆  နာရီခွဲတွင် မွေးဖွား ခဲ့ပြီး  ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင်  အရပ် အမြင့် ၂ ပေ  ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

 


အဆိုပါ   ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏        ကြန်အင် လက္ခဏာ ရှစ်ချက်အနက်  မျက်လုံးပုလဲရောင် ဖြစ်ခြင်း၊   ကျောကုန်းမှာ   ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊   အမွေး အဖြူရောင်ဖြစ်ခြင်း၊   အမြီးတံခါးပိတ်ဖြစ်ခြင်း၊    အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊  အသားအရေ  ပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီ နှင့်     နောက်ခြေသည်း      လေးခုစီပါရှိခြင်း၊  နားကြီးခြင်းစသည့်     ရတနာဆင်ဖြူတော်များ၏   ကြန်အင်လက္ခဏာ       ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး  ဖြစ်သည်။

 


လေ့ကျင့်သင်ကြားပေး


အထက်ပါ  ဆင်ဖြူတော်ကလေးမှာ  ယခုအသက် ၄၅  ရက်သား အရွယ်တွင်   အရပ်  အမြင့်   ၂ ပေ ၇ လက်မ၊  ကိုယ်လုံး  လုံးပတ် ၃ ပေ ၅ လက်မ၊ ကိုယ် အလေးချိန် ၂၀၂ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့် အတူ  ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့်  ဆင်ဖြူတော်ကလေးသည်   ငယ်စဉ်ကတည်းကပင်  လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်