၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံတကာထူးခြားဖြစ်စဉ်သတင်းများ

 

၂၀၂၂ ခုနှစ်သည် အခြားသော နှစ်များနှင့်မတူဘဲ ပါကစ္စတန်နိုင်ငံတွင် ပြင်းထန်သည့် ရေကြီးရေလျှံမှုမှ စံချိန်တင် အပူလှိုင်းကျရောက်သည်အထိ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း အဖြစ်အပျက်အပြောင်းအလဲများစွာဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ထို့အပြင် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် နှင့် ပထဝီဝင်နိုင်ငံရေး မတည်ငြိမ်မှုများလည်း ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။

 

ဇန်နဝါရီ
ပါကစ္စတန်၌ နှင်းမုန်တိုင်းကြောင့် လူ ၂၂ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံမြောက်ပိုင်း အပန်းဖြေမြို့တွင် ဇန်နဝါရီ ၇ ရက်က တစ်ညလုံး နှင်းမုန်တိုင်းကျရောက်ခဲ့၍ ကားများပိတ်မိနေပြီး လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံးခဲ့သည်။  တောင်တန်းအပန်းဖြေစခန်းမြို့ ဖြစ်သည့် မူရီတွင် သောင်တင်နေသည့် မော်တော်ယာဉ်ပေါင်း ထောင်နှင့် ချီ၍ရှိပြီး ကားအိတ်ဇောပိုက်များတွင် နှင်းများဖြင့် ပိတ်ဆို့နေသည့် အတွက် ကာဗွန်မိုနောက်ဆိုက်ကြောင့်  အဆိပ်သင့်ကာ  လူအများအပြား သေဆုံးရခြင်းဖြစ်သည်ဟု  ရဲများက ပြောသည်။ 
ဖေဖော်ဝါရီ
ရုရှားက ယူကရိန်းကို စစ်ဆင်ရေးဆင်နွှဲ
ရုရှားက ယူကရိန်းနိုင်ငံကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ဆင်ရေးဆင်နွှဲမှုလည်း ဖြစ်ပွားခဲ့သည်။ ထိုသို့ စစ်မက်ဖြစ်မှုကြောင့် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာနှင့် စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေ ခဲ့ပြီး လူသန်းပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
ဧပြီ
သီရိလင်္ကာစီးပွားရေးအကျပ်အတည်းပေါ်ပေါက်
သီရိလင်္ကာနိုင်ငံ၏  စီးပွားရေးအကျပ်အတည်းသည်  များသော အားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကျိုး၏ အကျိုးဆက်အဖြစ် စတင်ခဲ့ သည်။ ၂၀၂၁ ခုနှစ်နှစ်လယ်ကတည်းက သီရိလင်္ကာနိုင်ငံသားများအတွက် စီးပွားရေးစတင်ခက်ခဲခဲ့သည်။ ငွေကြေးဖောင်းပွမှုကြောင့် လောင်စာဆီ နှင့် စားသုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သည်။ အစိုးရသည် တင်သွင်း ခွင့်များကို ပိတ်ပင်ခဲ့သည်။ 
ဧပြီလတွင် နိုင်ငံအတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်ခဲ့သည်။ ကျောင်း များပိတ်ခဲ့ရသည်အထိ အခြေအနေများဆိုးရွားလာခဲ့သည်။ သာမန် လူတန်းစားအတွက် အခြေခံအစားအသောက်များ လက်လှမ်းမမီအောင် ရှိခဲ့သည်။ အချိန်ကာလကြာမြင့်စွာ မီးဖြတ်တောက်ခြင်းလည်း ပုံမှန်လို ဖြစ်ခဲ့သည်။ အသက်ကယ်ဆေးဝါးများလည်း ပြတ်တောက်ခဲ့သည်။ ထို့ကြောင့် ပြည်သူများက သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာကို ရာထူးမှနှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ ဇူလိုင် ၉ ရက်တွင် ဆန္ဒပြသူများ သည်  ရာဂျာပက်ဆာအိမ်၌   ဝိုင်းဝန်းဆန္ဒပြကြသောကြောင့်    သမ္မတ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။   နောက်ပိုင်းတွင်   မစ္စတာ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီ သီရိလင်္ကာနိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။ 
မေ 
မျောက်ကျောက်ရောဂါတွေ့ရှိ
နိုင်ငံပေါင်း ၁၁၀ တွင်တွေ့ရှိခဲ့သည့် မျောက်ကျောက်ရောဂါကို ၂၀၂၂ ခုနှစ် မေလအစောပိုင်းကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Mpox အဖြစ် အမည်ပြောင်းခဲ့သည်။ 
ဒီဇင်ဘာ ၁၅ ရက်တွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားနေသူ    ၈၂၈၂၈  ဦးအထိရှိကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မှတ်တမ်းတင်ခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်မှာ အလွန်ပြင်းထန်ခြင်းမရှိဘဲ အလယ်အလတ်အဆင့်ရှိကြောင်း    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကဲဖြတ်ခဲ့သည်။   သို့သော်လည်း   ပြည်သူ့ကျန်းမာရေးအရေးပေါ်  အခြေအနေအဖြစ် ကြေညာခဲ့သည်။ 
ဇူလိုင်
ဥရောပတွင် စံချိန်တင်အပူလှိုင်းကျရောက်
ဥရောပတစ်ဝန်းတွင်   ၂၀၂၂  ခုနှစ်  ဇွန်  ၁၂ ရက်မှ   စက်တင်ဘာ  ၁၂ ရက်အထိ အပူလှိုင်းစံချိန်တင်ကျရောက်မှု ဖြစ်ပွားခဲ့သည်။ စံချိန်တင် အပူလှိုင်းကျရောက်မှုသည်   ပေါ်တူဂီနိုင်ငံ၌   ဇူလိုင်  ၁၄ ရက်တွင် ကျရောက်ခဲ့ပြီး ၄၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့သည်။ အပူလှိုင်း ကျရောက်မှုကြောင့် သေဆုံးသူပေါင်း ၂၆၀၀၀ ရှိခဲ့ပြီး ပြင်သစ်နိုင်ငံက ၁၁၀၀၀  ဖြင့် အများဆုံးဖြစ်သည်။ ဂျာမနီနိုင်ငံတွင်လည်း အပူလှိုင်း ကြောင့် သေဆုံးသူပေါင်း ၈၁၃၈ ဦးရှိပြီး ဗြိတိန်နိုင်ငံတွင် ၃၂၀၀  နှင့် စပိန်နိုင်ငံတွင် ၂၈၉၄ ဦးရှိကြောင်း သိရသည်။ 
ဩဂုတ်
အာဖရိကနှင့် ဥရောပ မိုးခေါင်ရေရှားမှုဖြစ်ပွား
အာဖရိကဦးချိုဒေသတွင် မှတ်တမ်းစတင်ကောက်ယူသည့်အချိန် မှစတင်ကာ အခြောက်သွေ့ဆုံးနှင့် အပူချိန်အမြင့်မားဆုံးနှင့် ကြုံတွေ့ခဲ့ ရသည်။ အထူးသဖြင့် ကင်ညာ၊ ဆိုမာလီယာနှင့် အီသီယိုးပီးယားနိုင်ငံ တို့တွင် လေးနှစ်ဆက် မိုးရွာသွန်းမှုမရှိသောကြောင့် လူပေါင်း ၁၃ သန်း ဝန်းကျင်  ထိခိုက်မှုဖြစ်ပွားခဲ့ကာ   အမျိုးသမီးနှင့်  ကလေးငယ်များ သောက်သုံးရေ ရှာဖွေရန်အတွက် ၁၄ ကီလိုမီတာခန့် လမ်းလျှောက်ရပြီး ထောင်နှင့်ချီသော တိရစ္ဆာန်များစွာလည်း သေဆုံးခဲ့ရသည်။ အာဖရိက အပြင် ဥရောပတွင်လည်း မိုးခေါင်ရေရှားမှု ဖြစ်ပွားခဲ့ရာ ပြင်သစ်နှင့် စပိန်နိုင်ငံတို့တွင် ရေကာတာများ၊ ကန်များ၊ မြစ်များ ခန်းခြောက်သည် အထိ ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ 
အီရန်အမျိုးသမီး မတရားသေဆုံးမှု
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအုပ်ချုပ်သူများသည် ၂၀၂၂ ခုနှစ်တွင် ၎င်းတို့၏ အုပ်ချုပ်မှုအပေါ် အထင်ရှားဆုံး စိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရ သည်။ အီရန်နိုင်ငံတွင် အသက် ၂၂ နှစ်ရှိ မာဆာအာမီနီသည်  သူ၏ ဆံပင်ကို ကောင်းစွာမဖုံးထားသောကြောင့်  ရဲတပ်ဖွဲ့များ၏  ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ   အဆိုပါဖမ်းဆီးထိန်းသိမ်းမှုအတွင်း    သေဆုံးသွား ခဲ့သည့်အတွက် လူထုက ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဆန္ဒပြခဲ့ကြ သည်။     နှိပ်စက်ညှဉ်းပန်းခံရမှုအတွင်း    သူသေဆုံးခဲ့သည့်အတွက် အဆိုပါသေဆုံးမှုကို ပြစ်တင်ရှုတ်ချရန် လူရာပေါင်းများစွာ စုဝေးဆန္ဒပြ ခဲ့ကြသည်။
ဇွန် မှ အောက်တိုဘာ
ပါကစ္စတန်နိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ   ရွာသွန်းမှုကြောင့်    ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကာ လူပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့သည့်အပြင် စီးပွားရေးတိုက်ရိုက်ဆုံးရှုံးမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း    ၃၀ ခန့်ရှိကြောင်း ခန့်မှန်း ထားသည်။  ရေကြီးရေလျှံမှုကြောင့်  သေဆုံးသူပေါင်း   ၁၇၃၉  ဦး ရှိသည့်အပြင် အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိသူ ၁၂၈၆၇ ဦး ရှိကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ကမ္ဘာတစ်ဝန်း၌ တောင်အာရှတွင်  ရေကြီးမှုဖြစ်ပွားပြီးနောက်ပိုင်း   လူသေဆုံးမှုနှုန်း အများဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ 
အောက်တိုဘာ 
တရုတ်သမ္မတရှီကျင့်ဖျင် တတိယအကြိမ် သမ္မတဖြစ်
ပုံမှန်အားဖြင့် တရုတ်နိုင်ငံ၏သမ္မတကြီးဖြစ်သည့် ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် မကြုံစဖူး ထူးကဲလှစွာ တတိယသက်တမ်းအတွက် ပြန်လည်အရွေးခံရပြီးနောက် မော်စီတုန်းလက်ထက်မှစကာ   နိုင်ငံ၏   သြဇာအရှိန်အဝါအကြီးဆုံး ခေါင်းဆောင်အဖြစ် အောက်တိုဘာ ၂၃ ရက်က သမိုင်းမှတ်တိုင်စိုက်ထူ ခဲ့သည်။ 
ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး တရုတ်နိုင်ငံကို အုပ်ချုပ် သွားမည့် အလားအလာရှိနေသော အသက် ၆၉ နှစ်ရှိ ရှီကျင့်ဖျင်သည် မော်စီတုန်းခေတ်နောက်ပိုင်းတွင်တွေ့ရသည့်    အာဏာရ       တရုတ် ကွန်မြူနစ်ပါတီ၏ ပထမဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သည်။ 
အောက်တိုဘာ
အိုမီခရွန်မျိုးကွဲ ပျံ့နှံ့မှုဖြစ်ပွားခဲ့
၂၀၂၂ ခုနှစ်အတွင်း  အိုမီခရွန်မျိုးကွဲ လျင်မြန်စွာကူးစက်ပျံ့နှံ့မှုကို နိုင်ငံပေါင်းများစွာ   အလူးအလဲ  ခံစားခဲ့ရကြရသည်။     ၂၀၂၂   ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် BQ.1 နှင့် BQ.1.1 ဟုခေါ်သော BA.5 ၏ မျိုးကွဲနှစ်မျိုး  ပေါ်ထွက်လာခဲ့သည်။  သို့သော်လည်း  ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံထားသောသူများအနေဖြင့် အိုမီခရွန်နှင့် ၎င်း၏မျိုးကွဲများကြောင့်ဖြစ်သော ပြင်းထန်သောရောဂါနှင့် ဆေးရုံ တက်ရောက်ကုသခြင်းတို့မှ ကာကွယ်ပေးကြောင်း သိရသည်။  
အောက်တိုဘာ 
သူဌေးကြီးအီလွန်မက်ခ် တွစ်တာကို ဝယ်ယူ 
ဥပဒေဆိုင်ရာတိုက်ပွဲများဆင်နွှဲပြီးနောက် ဘီလီယံနာ အီလွန်မက်ခ် သည် တွစ်တာကို အမေရိကန်ဒေါ်လာ ၄၄ သန်းဖြင့်ဝယ်ယူခဲ့သည်။ ထိပ်တန်းအမှုဆောင်အရာရှိချုပ်များ ဖြစ်သည့် စီအီးအို ပရက်အဂ္ဂါဝယ်၊ စီအက်ဖ်အို နက်ဒ်ဆီဂေါနှင့် ဥပဒေရေးရာ မူဝါဒ၊ ကွပ်ကဲရေးနှင့်လုံခြုံရေးဆိုင်ရာအကြီးအကဲ ဗီဂျာရာဂက်ဒ်ဒီတို့ကို ဖြုတ်ချလိုက်ပြီး‌နောက် ဘီလီယံနာသူဌေးကြီးသည် အောက်တိုဘာ ၂၈ ရက်တွင် တွစ်တာကို ထိန်းချုပ်ကွပ်ကဲခဲ့သည်။ ထို့နောက် တွစ်တာ၏ကံဆိုးမိုးမှောင်ကျမှု နှင့် အငြင်းပွားမှုများ စတင်ခဲ့သည်။ “ကောင်းသောအချိန်များကို    ဖြတ်သန်းကြစို့” ၊ “ငှက်ငယ်လေးလွတ်မြောက်ပြီ”ဟုဆိုကာ အီလွန် မက်ခ်က  ကြွေးကြော်ခဲ့သည်။ ထို့အပြင် ဝန်ထမ်း ၇၅  ရာခိုင်နှုန်း အလုပ်ဖြုတ်ရန်လည်း ကြံရွယ်ခဲ့သည်။ 
အောက်တိုဘာ
အင်္ဂလန်နိုင်ငံတွင် ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ်ဖြစ်လာ
အင်္ဂလန်တွင် ၂၀၂၂ ခုနှစ်က ထူးခြားဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ မြောက်မြားလှစွာသော အရှုပ်တော်ပုံများနှင့် ရင်ဆိုင်ရပြီးနောက် ဇူလိုင် ၇   ရက်က    ဗြိတိန်ဝန်ကြီးချုပ်ဟောင်း   ဘောရစ်ဂျွန်ဆင်ရာထူးမှ နုတ်ထွက်ပြီး  အိန္ဒိယနွယ်ဖွားလွှတ်တော်အမတ် ရီရှီဆွန်နက်ခ်နှင့်   ပြိုင်ဆိုင်မှုပြင်းထန်သည့်    ခေါင်းဆောင်နေရာလုပွဲတွင်    လက်ဇ် ထရက်စ် အနိုင်ရရှိခဲ့ပြီး   ကွန်ဆာဗေးတစ်  ခေါင်းဆောင်သစ်အဖြစ် နာမည်စာရင်းတင်သွင်းခဲ့သည်။ ထို့နောက် စက်တင်ဘာ ၆ ရက်တွင် အခွန်များလျှော့ချပေးမည့်     သံမဏိကတိကဝတ်ဖြင့်     ဗြိတိန်၏ ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့သည်။ သို့သော်လည်း အောက်တိုဘာလတွင် လက်ဇ်ထရက်စ်   ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက်   ဆွန်နက်ခ်သည် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်  ရွေးချယ်မှုတွင်  အနိုင်ရခဲ့သည်။ အောက်တိုဘာ ၂၅ ရက်တွင် ချားစ်ဘုရင်-III က အစိုးရဖွဲ့ရန်  သူ့ကို ဖိတ်ကြားစဉ် ဆွန်နက်ခ်က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ သည်။ ထို့နောက်တွင်  ဆွန်နက်ခ်သည် အင်္ဂလန်နိုင်ငံ၏ ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။   
 

သတင်းအဖွဲ့- စုစည်းတင်ပြသည်