နေပြည်တော် မေ ၃၁
၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်းအကွက်(၁၃)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင် ကို ဦးဆောင်စိုက်ပျိုးပေးသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာန ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း။
တက်ညီလက်ညီ ပူးပေါင်းပါဝင်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ ၌ “နိုင်ငံတော် သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်”ဟု အခြေခံမူချမှတ်ထားပြီး နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၉၀ ၌ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော်အားကူညီရန် တာဝန် ရှိကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားတိုင်းသည် တစ်ဦးချင်းအနေဖြင့်သာမက တစ်နိုင်ငံလုံးအနေ ဖြင့်ပါ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကို တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပေးမှာကြားလိုကြောင်း။
သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်း ခြင်းသည် ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန် ရေးနှင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယခင်နှစ်များတွင် သစ်ပင်စိုက်ပျိုးပွဲတော်များကို မိုးရာသီဖြစ်သည့် ဇွန်လနှင့် ဇူလိုင်လများတွင်သာ ကျင်းပခဲ့သည်ဖြစ်သော်လည်း ယခုနှစ်တွင် မိုးဦးကျ စောပြီး ရာသီဥတုပြောင်းလဲလာခြင်းကြောင့် မေလ အတွင်းမှစ၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် များ ဒေသအသီးသီးတွင် ဆောင်ရွက်နေကြပြီဖြစ် ကြောင်း၊ ဇွန်နှင့် ဇူလိုင်လများတွင်လည်း နိုင်ငံနှင့် အဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သစ်ပင်စိုက်ပွဲတော်များကို ဆက်လက်ကျင်းပသွား ကြရန် မှာကြားလိုကြောင်း။
အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်
သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး အကျိုး ကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သစ်တော သစ်ပင်များနှင့် သစ်တောဂေဟစနစ်သည် လူသန်းပေါင်းများစွာ၏ လိုအပ်သည့် အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင် အစရှိသည့် သစ်တောထွက်ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေး နေသကဲ့သို့ ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိ ပေးကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ကို စုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့် လေကို သန့်စင်ပေးခြင်း၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ပေးခြင်း၊ ဝတ်မှုန်ကူးပေးခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်ဆင့် ဖြစ်ပေါ်စေခြင်း စသည့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများစွာကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြာသာဒ်နှင့် အခြား ထာဝရကုသိုလ်များကဲ့သို့ပင် တူညီသည့် ကုသိုလ် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း။
ယင်းသို့ သစ်ပင်စိုက်ပျိုးကြရာတွင်လည်း တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရန် အရေးကြီးပြီး စိုက်သမျှသစ်ပင် ရှင်သန်စေရန်အတွက် အောင်လုံ သန်စွမ်းသည့် သက်တမ်းရင့်ပျိုးပင်များဖြစ်ရန် အရေးကြီးသည့်အတွက် ပျိုးသက် နှစ်နှစ်သားနှင့် အထက်၊ အမြင့် နှစ်ပေအထက် သစ်ပင်များရရှိအောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း။
စဉ်ဆက်မပြတ် ဆောင်ရွက်
သစ်စေ့မှ စိုက်ပျိုးနိုင်သည့် အမြင့် နှစ်ပေနှင့် အထက် အရွယ်ပျိုးပင်တစ်ပင် ဖြစ်လာသည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ် ခဲ့ရသည်ဖြစ်သည့်အတွက် တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်စေရေး၊ အကျိုးရှိစေရေး ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း။
သစ်ပင်စိုက်ပျိုးချိန်မှစ၍ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ ခါးဆွခြင်း၊ မီးဘေးကာကွယ်ခြင်း၊ ကျွဲ၊ နွားတိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိအောင် ကာကွယ်ခြင်း စသည့်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း များကို ရာသီအလိုက် ဆက်လက်လုပ်ဆောင်မှသာ စိုက်ပျိုးပြီးအပင်များ ရာနှုန်းပြည့် ရှင်သန်ကြီးထွားအောင်မြင်နိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည် နှင့်အညီ ထင်း၊ မီးသွေးကို လောင်စာအဖြစ် အသုံးပြု ကြဆဲဆိုသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက် ဒေသများတွင် နေထိုင်ကြပြီး ချက်ပြုတ်စားသောက် ရန်အတွက် အများစုသည် ထင်းကို အဓိကထား သုံးစွဲကြသည်ဖြစ်သည့်အတွက် သဘာဝသစ်တော များအပေါ် မှီခိုအားထားနေကြကြောင်း၊ ယင်းကို လျှော့ချရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျေးရွာပိုင် ထင်းစိုက်ခင်းများကို တစ်ရွာလျှင် အနည်းဆုံး နှစ်ဧက စိုက်ပျိုးတည်ထောင်ကြရန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သကဲ့သို့ သစ်ပင်စိုက်ပျိုးရေးကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း ၂၈၇၁၅ ဧက၌ အပင် ၂၃၉၇၃၀၅၁ ပင် စိုက်ပျိုး ခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း ၂၄၂၆၉ ဧက၌ အပင်ပေါင်း သန်း ၂၀ ခန့် စိုက်ပျိုး သွားရန် စီမံထားသည်ဟု သိရကြောင်း။
နိုင်ငံအတွင်း ဖောက်လုပ်ထားသည့် ဆက်သွယ်ရေး လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည် ရေးနှင့် ခရီးသွားပြည်သူလူထုအနေဖြင့် စိတ်ချမ်းမြေ့ စွာ ခရီးသွားလာနိုင်ရေးအတွက် တောပါးနေရာများ၌ သစ်တောကွက်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်က လမ်းပိုင်း ၆၆၃ ပိုင်းတွင် အပင်ပေါင်း ၂၇၈၅၇၃ ပင် စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် မိုးရာသီ၌ လမ်းပိုင်း ၈၅၉ ပိုင်းတွင် အပင်ပေါင်း ၂ သိန်း ၅ သောင်းကျော် စိုက်ပျိုးသွားကြ မည်ဖြစ်ကြောင်း။
တာဝန်ယူဆောင်ရွက်ရမည်
ထို့ပြင် စိုက်ပျိုးပြီးသည်နှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လည်း လိုအပ်ကြောင်း၊ စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တောသယံဇာတ ဆန်းစစ် လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသော ကြောင့် တဖြည်းဖြည်းနှင့် သစ်တောဖုံးလွှမ်းမှုဧရိယာ လျော့နည်းလာပြီး သစ်တောများ ပိုမိုပျက်စီးလာသည် ကို စိစစ်တွေ့ရှိရကြောင်း။
သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် ရာသီဥတုဆိုးရွားစွာ ပြောင်းလဲ လာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာပြီး ရေချိုများ ခန်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာ ပျက်စီးယိုယွင်းခြင်း၊ တောင်ပေါ် ဒေသ မြေဆီလွှာများ ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ များ လျော့နည်းပျောက်ဆုံးခြင်းစသည့် ဂေဟစနစ် များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများနှင့် ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ ကြောင်း။
တစ်ဖက်က သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းတို့ကို အရှိန်အဟုန်နှင့် ဆောင်ရွက်နေသကဲ့သို့ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini-budget)နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး သဘာဝတော များ ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် သစ်အလုံးလိုက်နှင့်ခွဲသား ပြည်ပသို့ ရောင်းချခြင်း ကိုလည်း ခွင့်မပြုဘဲ ကုန်ချောထုတ်လုပ်ပြီးမှသာ တင်ပို့ရောင်းချရေး ထိန်းသိမ်းဆောင်ရွက်နေ ကြောင်း။
အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်
နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော် ၏ မြို့တော်ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေသည် ဖြစ်သည့်အတွက် Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေ တစ်ခုဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တော သစ်ပင်များနှင့် စိမ်းလန်းစိုပြည်စေရေး သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့ကို လည်း အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း။
ယင်းသို့ ဆောင်ရွက်နေမှုများသည် မိမိတို့ အတွက်သာမက အနာဂတ်မျိုးဆက်သစ်များအတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်းစိုပြည်သည့် ကျန်းမာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်းကောင်းမွန် သော မြို့ပြများကို ထာဝရကောင်းမွန်နေသော အမွေ အဖြစ်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်နေခြင်းပင် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ တော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက် နေစဉ်ကာလအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက် ရှိသည့် မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကို လျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် ပြန်လည်မျှတ လာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည်တည်တံ့ စေရေး၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများ တည်ထောင် ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်လုပ်ငန်းစဉ် များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့် “သစ်ပင်စိုက်ပျိုးရေးပွဲတော် များ နိုင်ငံအနှံ့ကျင်းပ၍ စိမ်းလန်းသည့် မြန်မာ့ရေမြေ တောတောင်ဖြစ်အောင် ဖန်တီးပုံဖော်ကြရမည်” ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဦးဆောင်စိုက်ပျိုးပေး
ထို့နောက် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃) ရှိ အမှတ်(၁) နေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်ကိုလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပျဉ်းကတိုးပျိုးပင်ကို လည်းကောင်း သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြ သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများသည် ရန်အောင်မြင် ကြိုးဝိုင်းအကွက်(၁၃) ရှိ အမှတ်(၁) နေရာတွင် ပျိုးပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရန်အောင်မြင် ကြိုးဝိုင်းအကွက်(၁၃)၌ အခမ်းအနားသို့ တက်ရောက် လာကြသူများ တပျော်တပါး ပျိုးပင်များ စိုက်ပျိုးနေမှု ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ရန်အောင်မြင်ကြိုးဝိုင်းအကွက် (၁၃) ရှိ အမှတ်(၂) နေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ယင်းမာပျိုးပင်ကိုလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပန်းမဲဇလီပျိုးပင်ကို လည်းကောင်း ကျောင်းသား ကျောင်းသူများနှင့်အတူ သတ်မှတ် နေရာများတွင် စိုက်ပျိုးပေးကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြ သူများက ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃) ရှိ အမှတ်(၂)နေရာတွင် ပျိုးပင်များကို သတ်မှတ်နေရာ များ၌ စိုက်ပျိုးပေးကြသည်။
ယနေ့အခမ်းအနားတွင် စိန်ပန်းနီ၊ တပေဘူတ၊ ကျူးလစ်၊ ငုရွှေဝါ၊ ပျဉ်းမ၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သင်းဝင်၊ အင်ကြင်း၊ ယမနေ၊ ယင်းမာ၊ ကျွန်း၊ ဆီသပြေ၊ မဟော်ဂနီ၊ ဒဟတ်၊ သခွတ်၊ မဲဇလီ၊ ထနောင်း၊ ရင်းတိုက်၊ မြန်မာရှား၊ ပနားမားငု၊ ပန်းမဲဇလီ၊ တမာ၊ သင်္ကန်း၊ ဝါးမင်း၊ ပန်းပိတောက်၊ စွယ်တော်၊ ငုစပ်၊ မယ်ဇယ်၊ ယူကလစ်၊ ခရေ၊ ဖျောက်ဆိပ်၊ ဝါးဘိုးနှင့် ထီးရိုးဝါး စသည့်ပျိုးပင် ၃၅ မျိုး၊ ပျိုးပင်အရေအတွက် ၂၇၃၉ ကို စိုက်ပျိုးခဲ့ကြ ကြောင်း သိရှိရသည်။
ထင်းစိုက်ခင်း တစ်ရွာ နှစ်ဧကစိုက်ပျိုး
ယခု၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်း၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ပျိုးခြင်း၊ ကျေးရွာ ထင်းစိုက်ခင်း တစ်ရွာ နှစ်ဧကစိုက်ပျိုးခြင်း၊ လူထုဖြန့် ပျိုးပင်များအနေဖြင့် ပျိုးပင်ပေါင်း ၃၀ ဒသမ ၅၇ သန်း စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် FAO ၏ ၂၀၂၀ ပြည့်နှစ် တွက်ချက်မှုအရ နိုင်ငံကုန်းမြေအကျယ် အဝန်း၏ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု တိုးတက် ကောင်းမွန်လာစေရန်နှင့် သစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံပိုင်သစ်တော စိုက်ခင်းများကို တိုးမြှင့်တည်ထောင်ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အထိ ၁၀ နှစ်တာကာလအတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (MRRP)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းစီမံချက်နှင့်အညီ အဖိုးတန် သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ထင်းရှူးစိုက်ခင်းများအပြင် ရေဝေရေလဲနှင့် ဒီရေ တောစိုက်ခင်းများကို ဧက ၄၂၀၀၀ ကျော် တည် ထောင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းတွင် လည်း ဧက ၂၂၀၀၀ ကျော် စိုက်ပျိုးတည်ထောင်နိုင် ခဲ့ကြောင်း၊ စီးပွားရေးစိုက်ခင်းများကို အောင်မြင် အောင် တည်ထောင်ထိန်းသိမ်းနိုင်မည်ဆိုပါက နောင် ကာလတွင် နိုင်ငံတော်အတွက် သစ်လိုအပ်ချက်ကို သဘာဝတောများ ထိခိုက်ခြင်းမရှိစေဘဲ ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်



