
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဂုဏ်ပြုဆောင်းပါး
ဒေါက်တာအေးအေးသင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)
အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (International Council Of Museums)ကို ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်များ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၁၉၄၆ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ၇၅ နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ
အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council of Museums -ICOM) ရုံးသည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တည်ရှိပါသည်။ ICOM သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကာ ၂၀၂၁ ခုနှစ်အထိ အဖွဲ့ဝင်ပေါင်း ၄၀ဝဝဝ ကျော်ရှိပြီး အမျိုးသား ကော်မတီများကိုယ်စီဖွဲ့စည်းထားသည့် နိုင်ငံပေါင်း ၁၁၉ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာကော်မတီ ၃၀ ကို ကိုယ်စားပြုသည့် ပြတိုက်ပညာ ရှင်များ အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားပါသည်။ နိုင်ငံများနှင့် ဒေသများ၊ အပြည်ပြည်ဆိုင်ရာကော်မတီများ စုစုပေါင်း ၁၄၁ ခုမှ ပြတိုက်ပညာရှင် များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာ ဖိုရမ်တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ပြတိုက်ကျင့်ဝတ် ဆိုင်ရာကိစ္စများတွင်လည်း ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ပြတိုက်ကျင့်ဝတ်များကို ဘာသာ စကား ၃၉ မျိုးဖြင့် ထုတ်ဝေထားပါသည်။ ICOM သည် အများနှင့် သက်ဆိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်ဘာသာစကားများကို အသုံးပြုပါသည်။ ICOM အဖွဲ့ဝင်ခြင်းဖြင့် နိုင်ငံတကာပြတိုက်အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ကာ ခေတ်မီနည်းပညာများ ဖလှယ်နိုင်ပြီး အချင်းချင်း အမြင်ချင်းဖလှယ် ဆွေးနွေးသုံးသပ်ခြင်းဖြင့် ပြတိုက် များ၏အနာဂတ် ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြတိုက်များသည်လည်း နိုင်ငံတကာပြတိုက်များနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်စေရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အဓိက ဦးဆောင်အဖွဲ့အစည်းအနေဖြင့် တာဝန်ယူ၍ ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီအဖွဲ့ဝင်အဖြစ် ဝင်ရောက် ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာပြတိုက်များ ကောင်စီ၏ဆောင်ရွက်ချက်များ
အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီသည် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ် ဖွဲ့နှင့် ကမ္ဘာ့အကောက်ခွန် အဖွဲ့အစည်းတို့နှင့် ပူးပေါင်းကာ ယဉ်ကျေး မှုဆိုင်ရာပစ္စည်းများ တရားမဝင်သယ်ယူပို့ဆောင်မှုများကို တားဆီး ကာကွယ်ခြင်း၊ ယဉ်ကျေးမှုနှင့် အသိပညာတိုးတက်စေရန် ဆောင်ရွက် ခြင်း၊ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက် ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ICOM မှ ပြတိုက်နှင့် ပတ်သက် သည့် ICOM News မဂ္ဂဇင်းကို အွန်လိုင်းမှ ဖြန့်ချိပေးခြင်းဖြင့်လည်း ကမ္ဘာတစ်ဝန်းရှိ ပြတိုက်များအကြောင်းကို မည်သူမဆို လေ့လာနိုင် စေရန် စီစဉ်ထားပါသည်။ ICOM သည် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ လူသားတို့၏ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးရန် ဖွဲ့စည်း ထားသည့် The International committee of the Blue Shield (ICBS) အဖွဲ့ဝင်လည်း ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ သမိုင်းကြောင်း
ယဉ်ကျေးမှုများဖလှယ်ခြင်း၊ ယဉ်ကျေးမှုများ တိုးတက်ထွန်းကား ခြင်း၊ လူသားအချင်းချင်း စာနာနားလည်ခြင်း၊ လူအချင်းချင်း ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့နှင့်ပတ်သက်၍ ပြတိုက်များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီက နှစ်စဉ်မေလ ၁၈ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ပြတိုက် များနေ့” အဖြစ် ၁၉၇၇ ခုနှစ်မှ စတင်သတ်မှတ်ကာ နှစ်စဉ် အစဉ် အလာမပျက် ကျင်းပပြုလုပ်ခဲ့သည်မှာ ၄၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” အထိမ်းအမှတ်အဖြစ် အခမ်း အနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြပွဲများကို တစ်နှစ်ပတ်လုံးဖြစ်စေ၊ မေလ တစ်လလုံးဖြစ်စေ၊ မေလ ၁၈ ရက်နေ့ တစ်နေ့တည်းဖြစ်စေ ကျင်းပ ပြုလုပ်လေ့ရှိကြသည်။ “အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” ကို နှစ်စဉ်ကမ္ဘာတစ်ဝန်းရှိ ပြတိုက်ထောင်ပေါင်းများစွာ ပါဝင် ဆင်နွှဲလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနလက်အောက်ရှိ ပြတိုက်များက “အပြည်ပြည်ဆိုင်ရာ ပြတိုက်များ နေ့” ရောက်တိုင်း ပြတိုက်ဝင်ကြေးအခမဲ့ဖြင့် ဧည့်သည်များကို ဝင်ရောက် လေ့လာခွင့်ပေးသည့်အပြင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (မြန်မာ)က ကြီးမှူး၍ အထိမ်းအမှတ်အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိပါသည်။
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆောင်ပုဒ်များ
အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီက “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” အတွက် လတ်တလောအဖြစ်အပျက်များနှင့် ကိုက်ညီသည့် ဆောင်ပုဒ်များကို ၁၉၉၂ ခုနှစ်မှစတင်၍ နှစ်စဉ်ချမှတ် ခဲ့ကြပြီး ပိုစတာများကိုမူ ၁၉၉၇ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များဆောင်ပုဒ်မှာ Museums and Cultural Landscape “ပြတိုက်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်းများ”၊ ၂၀၁၇ ခုနှစ်ဆောင်ပုဒ်မှာ Museums and the contested histories: Saying the unspeakable in museums “ယှဉ်ပြိုင်သမိုင်း၊ သိုင်းဝိုင်းပြောကြား၊ ပြတိုက်ထဲက ပြသပစ္စည်းများ”၊ ၂၀၁၈ ခုနှစ်ဆောင်ပုဒ်မှာ Hyperconnected Museums : New approaches, New Publics“ ခေတ်သစ်လူထုဆက်သွယ်ရေး၊ ပြတိုက် အချင်းချင်း ဆက်သွယ်ပေး”၊ ၂၀၁၉ ခုနှစ်ဆောင်ပုဒ်မှာ Museums Cultural Hubs: The Future of Tradition “ ရိုးရာယဉ်ကျေးမှု အစဉ်အလာများ၏ အနာဂတ်အရေး၊ ပြတိုက်များက ဗဟိုပြု ဖော်ဆောင်ပေး”၊ ၂၀၂၀ ပြည့်နှစ် ဆောင်ပုဒ်မှာ Equality: Diversity and Inclusion “မတူကွဲပြားပါဝင်ခြင်းများ၊ တန်းတူညီမျှပြတိုက်များ”၊ ၂၀၂၁ ခုနှစ် ဆောင်ပုဒ်မှာ The Future of Museum: Recover and Reimagine “ပြတိုက်များ၏ အနာဂတ်အရေး၊ ပြန်လည်ထူထောင် ပုံဖော်ပေး” တို့ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆောင်ပုဒ်
ယခုနှစ် ၂၀၂၂ ခုနှစ်၏ ဆောင်ပုဒ်မှာ The Power of Museums “လူ့ဘောင်လောက တိုးတက်ဖို့၊ ပြတိုက်စွမ်းအားဖြင့်မြှင့်တင်စို့” ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်ပုဒ် အတွက် ရေးဆွဲထားသည့် ပိုစတာပုံတွင် သက်တံရောင်စုံဖြာနေသော လက်မှ လွင့်တက်နေသည့် စွမ်းအားရှင်မျက်လုံး၏ အစွမ်းဖြင့် ဖန်ဆင်း ထားသော ရောင်စုံသက်တံများဖြာနေသည့် မှော်ငွေ့တန်းများအကြား တွင် သစ်ရွက်များ၊ ပန်းပွင့်များ ဝေဆာစွာပေါ်ထွက်လာပုံကို သရုပ် ဖော်ထားပါသည်။ ဤပုံတွင်ရေးဆွဲထားသော စွမ်းအားရှင် မျက်လုံး သည် သဘာဝလွန် ယုံကြည်မှုတစ်ခုပင်ဖြစ်ပြီး ဘီစီ ၆ ရာစုနှစ်ကပင် ရှေးဟောင်းဂရိနှင့် ရောမနိုင်ငံများ၌ ပေါ်ထွန်းခဲ့ကာ ယခုခေတ်အချိန် အထိပင် အဆောင်အဖြစ် အသုံးပြုလျက်ရှိကြသည်။ ထိုမျက်လုံးသည် မကောင်းဆိုးဝါးအန္တရာယ်များ၊ မကောင်းသည့် အကျိုးသက်ရောက် မှုများ ကျရောက်ခြင်းတို့ကို ဖယ်ရှားပေးပြီး ကံကောင်းခြင်းများကို ပေးစွမ်းနိုင်သည့်အပြင် စိတ်အေးချမ်းမှုကိုလည်း ပေးနိုင်သည်ဟု ယုံကြည်ကြသဖြင့် စွမ်းအားရှင်မျက်လုံးကို ကံကောင်းခြင်းအဆောင် အဖြစ် လက်ကောက်၊ ဆွဲကြိုးစသည်ဖြင့် ပြုလုပ်၍ ဆောင်ထားတတ် ကြလေသည်။
ပိုစတာပုံ၏ ဆိုလိုရင်းမှာ စွမ်းအားရှင်မျက်လုံးကဲ့သို့ စွမ်းအား ရှိသည့် ပြတိုက်များက လူ့ဘောင်လောကကြီးကို သာယာလှပစေရန် နှင့် တိုးတက်စေရန်အတွက် ခေတ်မီနည်းပညာရပ်များအသုံးချ၍ ပြည်သူလူထုကို အသိပညာပေးနိုင်သည့်အပြင် ကမ္ဘာကြီး စဉ်ဆက်မပြတ် ရှင်သန်တိုးတက်နေစေရန်တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ကြောင်း ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာကြီးစဉ်ဆက်မပြတ် ဖြစ်တည်နေစေရန်နှင့် လူ့ဘောင်လောကကြီး တိုးတက်ဖြစ်ပေါ်လာစေရန်တို့အတွက် ပြတိုက်များသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို စိန်ရတုပြည့်မြောက်ခဲ့ပြီဖြစ်သော အပြည်ပြည်ဆိုင်ရာပြတိုက်များ ကောင်စီ၏ (၄၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ တွင် ဂုဏ်ယူလေးစားစွာ ရေးသားတင်ပြရင်း ၂၀၂၂ ခုနှစ် အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ။
- Log in to post comments