၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ

Type
77

 

 

ကျောက်မျက်သက်

 

ကျောက်မျက်ရတနာများကို လူသားတို့သည် အဆင်တန်ဆာအဖြစ် လှပစွာတန်ဖိုးထားဆင်မြန်းကြသည်။ ထိုကဲ့သို့ လှပစွာဆင်မြန်း တန်ဖိုးထားကြသော ကျောက်မျက်ရတနာများသည် ဘူမိအနေအထား ကြောင့် မြန်မာ့မြေတွင် ကျောက်မျက်ရတနာတွင်းထွက်အမျိုးအစား အားဖြင့်    ၇၅ မျိုးအထိ စုံလင်စွာဖြစ်ထွန်းတည်ရှိနေသည်။  ထိုသို့  အမျိုးအစားစုံလင်လှသော  မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာ သယံဇာတများသည်   နိုင်ငံတော်အတွက်   အကျိုးစီးပွားဖြစ်ထွန်း စေသည့်     အခွင့်အလမ်းများဖြစ်လာစေရန်     နိုင်ငံ၏သမိုင်းစဉ် တစ်လျှောက်လုံး ဖော်ဆောင်ပေးနိုင်ခဲ့သည်။
ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်းစေမှုကို    သမိုင်းစဉ် တစ်လျှောက်လုံးအတွက်သာမက     အနာဂတ်မျိုးဆက်များ၏ ရေရှည်အကျိုးဖြစ်ထွန်းမှုများ ဖော်ဆောင်ပေးနိုင်မည့်  ကျောက်မျက် ရတနာသယံဇာတများကို နိုင်ငံခြားငွေဖြင့် ရောင်းချနိုင်ရန် ပထမဆုံး အကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို တော်လှန်ရေးကောင်စီအစိုးရလက်ထက်   ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ် ၌ စတင်ပြုလုပ်ခဲ့သည်။ 
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ခဲ့မှုကို လေ့လာကြည့် မည်ဆိုလျှင် ၁၉၆၄ ခုနှစ် ပထမအကြိမ် ကျောက်မျက်ရတနာပြပွဲမှ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ အကြိမ်(၃၀)မြောက်ပြပွဲအထိ ပြပွဲပေါင်း  ၃၁ ပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌လည်းကောင်း၊ ၁၉၉၃ ခုနှစ် နှစ်လယ်ပြပွဲမှ ၂၀၀၆ ခုနှစ် မတ်လ (၄၃)ကြိမ်မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၅ ပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ ကျောက်မျက်ရတနာပြပွဲခန်းမ၌ လည်းကောင်း၊ ၂၀၀၆ ခုနှစ် ဇွန်လ၊ ဇူလိုင်လအထူးပြပွဲမှ ၂၀၁၀ ပြည့်နှစ် ဇွန်၊ ဇူလိုင်အထူးပြပွဲအထိ ပြပွဲ ပေါင်း ၁၃ ပွဲကို   ရန်ကုန်မြို့  မင်းဓမ္မလမ်းရှိ  မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌လည်းကောင်း ကျင်းပခဲ့နိုင်သည်ကို တွေ့ရှိရသည်။
ယခု (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌  ကျင်းပလျက်ရှိသည်။ ယခုပြပွဲတွင် ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများနှင့်   ကျောက်စိမ်းအတွဲများကို   ပြည်တွင်း  ပြည်ပရတနာကုန်သည်များကို      အိတ်ဖွင့်တင်ဒါစနစ်အသုံးပြု၍ နိုင်ငံခြားငွေဖြင့် ရောင်းချလျက်ရှိသည်။
“ပုလဲအတွဲတွေကို   အမေရိကန်ဒေါ်လာနဲ့     ကြမ်းခင်းဈေး    သတ်မှတ်ထားရှိပေမယ့်  ငွေပေးချေရာမှာ       ပြည်ပရတနာကုန်သည်တွေ အနေနဲ့  အမေရိကန်ဒေါ်လာ၊ ယွမ်နဲ့   အခုပြပွဲမှာ ပေးချေနိုင်တယ်။ ပြည်တွင်းရတနာကုန်သည်တွေကတော့  ကျပ်၊  အမေရိကန်ဒေါ်လာ၊   ယွမ်ငွေ ကြိုက်တာနဲ့ ပေးချေနိုင်တယ်။ ဒီလိုပဲ ကျောက်မျက်၊ ကျောက် စိမ်းအတွဲတွေကို ယူရိုငွေနဲ့ ကြမ်းခင်းဈေး သတ်မှတ်ထားရှိပေမယ့်      ပြည်ပကုန်သည်က အမေရိကန်ဒေါ်လာ၊ ယွမ်ငွေနဲ့ ပေးချေနိုင်တယ်။ ပြည်တွင်းကတော့ ကျပ်ငွေနဲ့ပါ ပေးချေနိုင်တယ်”ဟု မြန်မာ့ကျောက် မျက်ရတနာပြပွဲဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးကို အမေရိကန် ဒေါ်လာ တစ်ထောင်   သတ်မှတ်ထားပြီး   ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်သည်။ ထို့အတူ ကျောက်စိမ်းအချောထည်များအတွက် အနိမ့်ဆုံးအခြေခံဈေးကို ယူရို ၁၀၀၀    သတ်မှတ်ထားပြီး     ကျောက်စိမ်းရိုင်းအတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးကို ယူရိုငွေ ငါးထောင် သတ်မှတ်ထားကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ သိရသည်။
ပြပွဲတွင် ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်း အတွဲများကို ဝယ်ယူလိုသည့် ရတနာကုန်သည်များအနေဖြင့် အာမခံ စပေါ်ငွေများအား ကြိုတင်ပေးသွင်းထားရမည်ဖြစ်သည်။ အာမခံ စပေါ်ငွေအဖြစ် ပုလဲအတွဲများအတွက်  ပြည်ပရတနာကုန်သည်များကို အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့်  ပြည်တွင်းရတနာကုန်သည်များကို ၃၇ သိန်းကျပ်၊   ကျောက်မျက်အတွဲများအတွက်    ယူရို ၂၀၀၀ နှင့် ကျောက်စိမ်းအတွဲများအတွက်    ယူရိုနှစ်သောင်းကို    အနည်းဆုံး ပေးသွင်းကြရမည်ဖြစ်သည်။ 
ရောင်းရငွေ၏တန်ဖိုးအပေါ် အခွန်၊ အခနှုန်းထား
ယခုကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ် (၅၇)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲများအတွက် ရောင်းရ ငွေ၏ တန်ဖိုးအပေါ် အခွန်၊ အခနှုန်းထားကို ရတနာခွန် ၁၁ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ သုံးရာခိုင်နှုန်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး ပုလဲ အတွဲများအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းဖြင့် သတ်မှတ် ကောက်ခံသွားမည်ဖြစ်သည်။
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြပွဲဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ရတနာပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြပွဲသို့ ပြည်တွင်း   ပြည်ပရတနာကုန်သည်များ အဆင်ပြေချောမွေ့စွာ တက်ရောက်ဝယ်ယူ နိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည်။
ပြပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုနှင့်စပ်လျဉ်း၍ “ကျောက်မျက် ရတနာပြပွဲတွေကို  မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ ပြပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင် ဖို့အတွက် ဗဟိုကော်မတီအောက်မှာ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ တွေကို ဖွဲ့စည်းထားပါတယ်။ ပြပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အာမခံစပေါ်ငွေ ပေးသွင်းမှု၊ ကျောက်အတွဲအတွက် ငွေပေးချေမှု၊ အခွန်ကောက်ခံမှုများ ချောမွေ့လွယ်ကူစေဖို့၊ ပြပွဲတက်ရောက်လာတဲ့ ရတနာကုန်သည်တွေ   ခရီးသွားလာရေး၊   တည်းခိုနေထိုင်ရေးတို့ အဆင်ပြေစေဖို့၊  ကျန်းမာရေးစောင့်ရှောက်မှု၊  လုံခြုံရေး စတာတွေ စိတ်ချ၊ ကောင်းမွန်စေဖို့ သက်ဆိုင်တဲ့  လုပ်ငန်းအမျိုးအစားအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းကော်မတီတွေ ဖွဲ့ပြီး စီစဉ်ဆောင်ရွက်ရပါတယ်” ဟု    မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။    
ခေတ်အဆက်ဆက်     နိုင်ငံခြားငွေဖြင့်     ရောင်းချခဲ့သည့် ကျောက်မျက်ပြပွဲပေါင်း ၉၆ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲပေါင်း ၁၉ ပွဲကို   အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့သည်။ ထိုပွဲများ အနက်မှ  ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ နှစ်လယ်ပြပွဲမှစတင်၍ ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့်  ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အထိ   ပြပွဲ ၁၇ ပွဲကို   နေပြည်တော်ရှိ    မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ 
အလေးချိန် ၃၈ ဒသမ ၁၂ ကရက်ရှိ 
မိုးကုတ်ပတ္တမြားကို ရောင်းချနိုင်ခဲ့
ပြပွဲများအတွင်း နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ် အကြိမ်(၅၀)မြောက် ကျောက်မျက်ရတနာပြပွဲ တွင် ယူရိုငွေ ၁၃၁၇ ဒသမ ၉၁ သန်းဖြင့် အများဆုံးရောင်းချရရှိ ခဲ့သည်။ ထို့အတူ နိုင်ငံခြားငွေယူရို ၃၃ ဒသမ ၃၃ သန်းဖြင့် ရောင်းချ ရရှိခဲ့သော     ကျောက်စိမ်းတွဲသည်   ဈေးအများဆုံးရောင်းရသော ကျောက်စိမ်းအတွဲအဖြစ် ၂၀၁၁ ခုနှစ် (၄၈)ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲတွင် ရောင်းချနိုင်ခဲ့သည်။   ဈေးအများဆုံးကျောက်မျက်ရိုင်း အနေဖြင့် ၁၉၉၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အမေရိကန်ဒေါ်လာ ၅၈၆၁၁၈၀ ဖြင့် အလေးချိန် ၃၈ ဒသမ ၁၂ ကရက် ရှိ မိုးကုတ်ပတ္တမြားကို ရောင်းချနိုင်ခဲ့သည်။
ထိုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်းဖြင့် ကျောက်မျက်ရတနာရောင်းဝယ်သူများအတွက် ငွေကြေးလည်ပတ်ခြင်း၊  ကျောက်မျက်ရတနာအချောထည် လုပ်ကိုင် သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ရတနာကဏ္ဍမှ လုပ်သားများအတွက်  အလုပ်အကိုင်များအဆင်ပြေခြင်း  စသည့် အခွင့်အလမ်းများကို ရရှိလာနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံ့အကျိုး စီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်သည့် ၂၀၂၂ ခုနှစ် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏စီစဉ်မှုဖြင့်  ဧပြီလ ၂၂ ရက်နေ့မှ  ၂၈ ရက်နေ့အထိ ခုနစ်ရက်တာ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ လျက်ရှိသည်ကို တင်ပြရေးသားလိုက်ရပါသည်။       ။