၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်  မြန်မာအသင်းအပါအဝင် ၁၂ သင်းယှဉ်ပြိုင်မည်

 

 

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရသည့် အသင်းများ အားလုံး စုံလင်စွာထွက်ပေါ်လာပြီဖြစ်ကာ မြန်မာအသင်းအပါအဝင် အသင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုပွဲစဉ်များမှာ အောက်တိုဘာ ၂၄ ရက်က ပြီးဆုံး သွားပြီဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရသည့် အသင်းအားလုံးစုံလင်စွာ 
ထွက်ပေါ်လာခြင်းဖြစ်သည်။  ခြေစစ်ပွဲကို အုပ်စုရှစ်ခု ခွဲ၍ စက်တင်ဘာနှင့် အောက်တိုဘာတွင် ကျင်းပခဲ့ပြီး  အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး အသင်းများသာ ခြေစစ်ပွဲအောင်မြင်ခြင်းဖြစ်သည်။ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည့် ၁၂ သင်း အနက် ရှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်လာခြင်းဖြစ် ပြီး လေးသင်းမှာမူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ် သည်။ ခြေစစ်ပွဲမှ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊  အီရန်၊ တရုတ်(တိုင်ပေ)နှင့် အင်ဒို နီးရှားအသင်းတို့ အောင်မြင်လာသည်။ 
အိမ်ရှင်အိန္ဒိယအပါအဝင်   နောက်ဆုံးကျင်းပ သည့် ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ ဂျပန်အသင်း၊ ဒုတိယဆုရ သြစတြေးလျအသင်းနှင့် တတိယဆုရ တရုတ်အသင်း တို့မှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိသည်။ မြန်မာအသင်း သည် ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်သောကြောင့်   နောက်ဆုံးအဆင့်တွင်   ရလဒ်ကောင်း ရယူနိုင်ရန်   ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာအသင်း သည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။
နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး    အသင်းစုစုပေါင်း   ၁၂  သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။          ရဲရင့်လွင်