
နေပြည်တော် အောက်တိုဘာ ၁၆
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက Web Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး စီမံကြီးကြပ်မှု အဖွဲ့ဝင်များက သက်ဆိုင်ရာဒေသများမှ Zoom Application ဖြင့် တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က မိမိတို့ FAO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လယ်ယာ ကဏ္ဍ ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုကို ထင်ထင်ရှားရှား ဆောင်ရွက်နိုင်ခဲ့ကြ ပါကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် ငတ်မွတ်ခေါင်းပါးမှု၊ အဝလွန်မှု၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ဇီဝမျိုးကွဲများ ဆုံးရှုံးမှု၊ စားနပ်ရိက္ခာလေလွင့် ဆုံးရှုံးမှု၊ စားနပ်ရိက္ခာထုတ်လုပ်မှု ကွင်းဆက်အတွင်းမှ လုပ်သားများ၏ ဘဝ လုံခြုံရေး အားနည်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အစားအစာထောက်ပံ့ရေး ကွင်းဆက်ကို ထိခိုက်မှု၊ အစားအစာစနစ် (Food System) အပေါ် ဆိုးကျိုး သက်ရောက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပါကြောင်း။
စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်နိုင်သော်လည်း ကမ္ဘာ့လူဦးရေ (၂) ဘီလီယံ ခန့်သည် အာဟာရပြည့်ဝပြီး အန္တရာယ်ကင်းရှင်းသည့် အစားအစာများကို လုံလောက်စွာ မရရှိကြကြောင်း၊ နိုင်ငံ (၅၅) ခုက ကမ္ဘာ့ပြည်သူ (၁၃၅) သန်းမှာ ပြင်းထန်သည့် ငတ်မွတ်မှုကို ခံစားနေရပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ငတ်မွတ်ခေါင်းပါးသူ အရေအတွက် (၂) ဆ တိုးလာနိုင်ကြောင်း၊ စားနပ်ရိက္ခာ၊ အာဟာရနှင့် အသက်မွေးမှု အထောက်အပံ့များ အရေးပေါ် လိုအပ်လျက်ရှိ ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါကြောင်း။
တစ်ဖက်တွင်လည်း ကမ္ဘာ့လူဦးရေမှာ (၂၀၅၀) ပြည့်နှစ်တွင် (၁၀) ဘီလီယံ သို့ ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ယင်းအခြေအနေအရ စားနပ်ရိက္ခာ လိုအပ်ချက် သိသိသာသာ တိုးမြင့်လာမည်ဖြစ်ကြောင်း၊ လက်ရှိအစားအစာ စနစ်ကို ပြောင်းလဲနိုင်မှုမရှိခဲ့လျှင် အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာလုံလောက်စွာ မရရှိမှုနှင့် အာဟာရမပြည့်ဝမှုများကို ၂၀၅၀ ပြည့်နှစ်တွင် ကြီးကြီးမားမား ရင်ဆိုင်ရမည်ဟု ဖော်ပြထားပါကြောင်း။
ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတို့ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ဆယ်စုနှစ်ကျော် တွေ့ကြုံဖြတ်သန်း ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုတ်ယုတ်လာမှု တို့ကြောင့် စားသုံးသီးနှံ၊ သားငါးများ၌ ရောဂါဘယမျိုးစုံ ကျရောက်ပြီး ယင်းတို့ကို ဓာတုဆေးဝါးများ သုံးစွဲနှိမ်နင်းမှုကြောင့် စားနပ်ရိက္ခာ၏ ဘေးကင်းမှု၊ အာဟာရ ပြည့်ဝမှုတို့အပေါ် ကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေကြ ရပါကြောင်း။
နှစ်စဉ် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီး၊ မိုးခေါင်၊ မြေပြို၊ ပိုးမွှားကျရောက်မှုများကို ရင်ဆိုင်ဖြေရှင်းနေရသော အခြေအနေမှ ယခုနှစ်၌ ကမ္ဘာ့လူသားများ၏ အသက်ကိုပါ ခြိမ်းခြောက်အန္တရာယ်ပြုလာသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကိုလည်း နိုင်ငံတိုင်း ရင်ဆိုင်တွန်းလှန်နေကြရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ အကျပ်အတည်းများစွာ ရင်ဆိုင်နေကြရသည့်ကာလ၌ မိမိတို့၏ အန္တိမရည်မှန်းချက်ဖြစ်သော ငတ်မွတ်မှုနှင့် အာဟာရမပြည့်ဝမှု ကင်းစင်ရေး ပန်းတိုင်မှ သွေဖည်မသွားစေရန် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ တိုးပွား လာမည့် ကမ္ဘာ့လူဦးရေအတွက်၊ ကမ္ဘာမြေကြီး ရေရှည်တည်တံ့ သာယာဝပြော ရန်အတွက် မိမိတို့အပါအဝင် ကမ္ဘာသူကမ္ဘာသားများအားလုံး အတူတကွ လက်တွဲပြီး အာဟာရပြည့်ဝသည့် သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်ရေး ကြိုးပမ်း ကြခြင်းအားဖြင့် တည်တံ့ခိုင်မာသော အစားအစာစနစ်ကို ထူထောင်ကြရန် ဖြစ်ပါကြောင်း။
ထို့ကြောင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ်ကို “အာဟာရတိုး၊ လူ့အကျိုးကို၊ ဖွံ့ဖြိုးစေရန်၊ တို့ရည်သန်၍၊ ဧကန်ဖွင့်လှစ်၊ ကမ္ဘာသစ်” (Grow, nourish, sustain. Together. Our actions are our future.)”ဟု သတ်မှတ်ထုတ်ပြန်ထားပါကြောင်း။
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည့် အားလျော်စွာ ပြည်သူများ၏ နေ့စဉ်စားရေးအတွက် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရန် လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒ များ၊ စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာ၊ နှစ်တိုနှစ်ရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည်စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ်လျက် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practice-GAP) နှင့် Organic နည်းစနစ်များ ထွန်းကားလာစေရေး ဆောင်ရွက်လျက်ရှိ ရာတွင် GAP Guidelines ကို အာဆီယံ GAP နှင့်အညီ ထုတ်ပြန်နိုင်ခဲ့ပြီး သီးနှံ အမယ်အသစ်များ တိုးတက်သတ်မှတ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
အလားတူ တိရစ္ဆာန်မွေးမြူရေးနှင့် ငါးမွေးမြူရေး လုပ်ငန်းများတွင်လည်း ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practice- GAHP) နှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice- GAqP) များနှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
၂၀၂၀ ပြည့်နှစ် မတ်လအတွင်း မြန်မာနိုင်ငံတွင် စတင်ပျံ့နှံ့ခဲ့သည့် ကိုဗစ်- ၁၉ ဗိုင်းရပ်ကြောင့် အသွားအလာကန့်သတ်မှု၊ ကုန်စည်စီးဆင်းမှု ကြန့်ကြာမှု၏ အကျိုးဆက်အဖြစ် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများအပါအဝင် ကဏ္ဍအသီးသီးက ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်မသွားစေရန် နိုင်ငံတော်က စီမံခန့်ခွဲဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်လည်း စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၊ လယ်ယာလုပ်သားများအတွင်း ရောဂါမပြန့်ပွား ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အသိပညာပေးခြင်း၊ သီးနှံ၊ သားငါး ထုတ်လုပ်မှုကို မထိခိုက်စေရေးအတွက် ကိုဗစ်-၁၉ ၏ စီးပွားရေး အပေါ် ထိခိုက်မှုသက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP) လုပ်ငန်းစဉ်များတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိုးစပါးမျိုးစေ့ထုတ် ဧက (၁) သိန်းအတွက် သွင်းအားစုများရရှိရေး တောင်သူများအား ထောက်ပံ့ ကူညီခြင်း၊ ကျေးလက်နေ မိသားစုများအတွက် ကျေးရွာ (၁၇၁၀) တွင် Village Revolving Fund Project ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ဆောင်ရွက် ပေးခြင်း၊ Cash for Work စီမံကိန်းများ ဆောင်ရွက်ပေးခြင်း၊ အသေးစား၊ အလတ်စား မွေးမြူရေးလုပ်ငန်းရှင်များအား မွေးမြူရေးဆိုင်ရာ သွင်းအားစုများ ရရှိရေး ထောက်ပံ့ငွေ/ချေးငွေ ပံ့ပိုးကူညီခြင်း၊ ရေချိုငါးလုပ်ကိုင်သူများအတွက် ငါးသားပေါက်များ ဖြန့်ဖြူးပေးခြင်း၊ မွေးမြူထုတ်လုပ်သူ (၁၀၀၀၀) အား သင်တန်းများ ပို့ချပေးခြင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး (၇) ခုရှိ မိုးစပါးဧက (၂၀၀၀) တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု ဝန်ဆောင်မှုပေးခြင်း၊ လယ်ယာသုံး စက်ကိရိယာများ အရစ်ကျရောင်းချပေးရန် စီမံဆောင်ရွက်ပေးခြင်း၊ ဈေးကွက်ဝင် အသက်မွေးဝမ်းကျောင်း ပညာသင်တန်း များ ပို့ချခြင်းလုပ်ငန်းများကို ဘဏ္ဍာငွေကျပ် (၉၂ ဒသမ ၆၁) ဘီလီယံဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း။
အချုပ်အားဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဓိကတာဝန်ကြီး သုံးရပ်ဖြစ်သော စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော် အစိုးရက ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ FAO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနား၏ ဆောင်ပုဒ်အတိုင်း အာဟာရပြည့်ဝသော သီးနှံမျိုးစုံမျိုးကွဲများ စိုက်ပျိုးထုတ်လုပ် ၍ ကမ္ဘာကြီး ရေရှည်တည်တံ့ပြီး သာယာဝပြော စည်ပင်လာစေရန် လက်တွဲ ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းဆန္ဒပြုလိုက်ရပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြား ရေးမှူးချုပ်၏ သဝဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan က ဖတ်ကြားသည်။
ထို့နောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရုံးက ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ဗီဒီယိုကို ပြသသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက် (AAPDRR) စာအုပ်အား တရားဝင်မိတ်ဆက်ခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး FAO-Emergency and Reha-bilitation Coordinator ဖြစ်သူ Mr. Reda Lebtahi က လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက် (AAPDRR) စာအုပ်အား တရားဝင် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်