နေပြည်တော် ဇွန် ၁၆
(၁၉) ကြိမ်မြောက် အာဆီယံသိပ္ပံ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာဝန်ကြီးအဆင့် အစည်း အဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီ ခွဲတွင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပ ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တက်ရောက် သည်။
အစည်းအဝေးတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး အာဆီယံသိပ္ပံ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာ ဝန်ကြီးအဆင့် အစည်း အဝေးဥက္ကဋ္ဌ H.E. Prof. Dr. Huynh Thanh Dat က အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က သိပ္ပံနည်းပညာ နှင့် ဆန်းသစ်တီထွင်မှု(Science, Technology and Innovation-STI) သည် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ဆောင်ရွက်ရန်နှင့် တည်ငြိမ် အေးချမ်းရေးနှင့် အာဆီယံဒေသ အတွင်း ပေါင်းစည်းမှု မြှင့်တင်ရာ တွင် အရေးပါသောအစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ STI သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်များ (Sustainable Development Goals-SDGs) အများစုကို အောင်မြင်ရန်နည်းလမ်း တစ်ခုဖြစ်ကြောင်း၊ သိပ္ပံ နည်းပညာနှင့် တီထွင်မှုဆန်းသစ် မှု(STI)သည် ဒစ်ဂျစ်တယ်အသွင် ပြောင်းခြင်းနှင့် SDGs အောင်မြင်မှု ကို ပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် သိပ္ပံနည်းပညာ နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံဆောင်ရွက်မှု အစီအစဉ် (၂၀၁၆-၂၀၂၅)-ASEAN Plan of Action on Science, Technology and Innovation(2016-2025)၏ အစီအစဉ်/လှုပ်ရှားမှုကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သိပ္ပံ နည်းပညာ ဆန်းသစ်တီထွင်မှုတို့ကို အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်းဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများက အာဆီယံဒေသအတွင်း သာယာ ဝပြောသော ရေရှည်တည်တံ့ခိုင်မြဲ သော STI တိုးတက်မှုအတွက် သိပ္ပံနည်းပညာနှင့် ဆန်းသစ် တီထွင်မှု (STI) နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



