
နေပြည်တော် စက်တင်ဘာ ၂၁
အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင် (APSC) မူဘောင်မှ နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (The Sixteenth ASEAN Ministerial Meeting on Transnational Crime - AMMTC) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက် ရှိရာ (၁၆)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်း အဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ 16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီး အဆင့်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ASEANAPOL၊ DGICM တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး / ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် ရဲအရာရှိကြီးများက နေပြည်တော် ရုံးအမှတ်(၈) အစည်းအဝေးခန်းမမှ တက်ရောက် သည်။
အဖွင့်အမှာစကားပြောကြား
16th AMMTC စုံညီအစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံ မူဘောင်များနှင့်ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ဆက်လက်၍ AMMTC ယန္တရားအောက်ရှိ အစည်းအဝေးများဖြစ်သော DGICM ၊ SOMTC နှင့် ASEANAPOL ဥက္ကဋ္ဌများက ၎င်းတို့နှင့် သက်ဆိုင်ရာ အစည်းအဝေးရလဒ်များကို ဆွေးနွေးတင်ပြခဲ့ကြ သည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်ဝန်ကြီးများက နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ကြိုးပမ်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အထူးအလေးထားဆောင်ရွက်
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး / ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က ဆွေးနွေးပြောကြားရာတွင် အကြမ်း ဖက်မှုသည် နိုင်ငံဖြတ်ကျော်သည့် သဘောသဘာဝ ရှိခြင်းကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန်လိုအပ်ကြောင်း၊ လက်နက်မှောင်ခို မှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့များကဲ့သို့သော Non-State Actor များအတွက် အထောက်အကူပေးနိုင်ရုံ သာမက လူ့အသိုင်းအဝိုင်းများ၏ လုံခြုံဘေးကင်းမှု အပေါ်တွင်လည်း ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါ ကြောင်း၊ အကြမ်းဖက်မှုနှင့် လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့် တစ်ပေါင်းတည်းတိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု၊ လူမှောင်ခိုမှုများတွင် နယ်စပ်ဖြတ်ကျော်ခြင်း (Bor-der Crossing) သည် အဓိကဖြစ်၍ အိမ်နီးချင်းနိုင်ငံ များ၏ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများအကြား၊ နယ်စပ်ဒေသနေလူ့အသိုင်းအဝိုင်းများ အကြား ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နိုင်မည့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ်များအပေါ် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများအကြား သတင်းအချက်အလက်ဖလှယ်မှု ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ပြုလုပ်သင့်ပါ ကြောင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ် သင့်ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံ အလိုက် ပြဋ္ဌာန်းထားသော ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများနှင့်အညီ ဆောင်ရွက်သင့်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ပူးတွဲကြေညာချက်အတည်ပြု
16th AMMTC စုံညီအစည်းအဝေးတွင် လူကုန် ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ် များကို လူကုန်ကူးမှုတိုက်ဖျက်ရေး အာဆီယံကွန်ဗင်း ရှင်း (ACTIP) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန် (TOR) နှင့် (၁၆) ကြိမ်မြောက် AMMTC အစည်းအဝေး ပူးတွဲကြေညာချက် အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ကြပြီး (၁၆)ကြိမ် မြောက် AMMTC စုံညီအစည်းအဝေးကို မွန်းလွဲပိုင်း တွင် ရုပ်သိမ်းလိုက်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ များ၏ ဝန်ကြီးအဆင့် အစည်းအဝေးများကို စက်တင် ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်