နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှပြောရေးဆိုခွင့်ရှိသူများနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှအဆက်)
Golden Hand သတင်းဌာနမှ ထုတ်ဝေသူ ဦးလှဆွေက ယခုအချိန်တွင် လွှတ်တော်မရှိသည့်အတွက်ကြောင့် လွှတ်တော် ကိုယ်စား သတင်းထောက်ကြီးများက ပြည်သူများ၏ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်ကဲ့သို့ သဘောထားပြီး အစိုးရအဖွဲ့ကို မေးမြန်းကြကြောင်း၊ အစိုးရအဖွဲ့ကလည်း တလေးတစားဖြင့် ပြန်လည်ဖြေကြားပေးကြကြောင်း၊ သတင်းထောက်ကြီးများအနေဖြင့် လည်း မိမိကိုယ်ကို လွှတ်တော်ကိုယ်စားလှယ်ကဲ့သို့ သဘောထား၍ မေးခွန်းများကို တလေးတစား သေသေချာချာ မေးမြန်းပေးရန် မိမိ အနေဖြင့် တိုက်တွန်းလိုကြောင်း၊ မိမိတင်ပြလိုသည့် မေးခွန်းမှာ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ရက်ကန်းစင်တောင်တွင် ဘုရားတည်ကြောင်း၊ ၎င်း ပုဂ္ဂလိကဆန္ဒဖြင့် ၎င်းကိုယ်ပိုင် ပူဇော်လို၍ ဘုရားတည်ခြင်းဖြစ်ကြောင်း၊ သို့သော် အသုံးပြုသည့်အခါတွင် နိုင်ငံတော်ပိုင်ကားနှင့် နိုင်ငံတော်ပိုင် စက်သုံးဆီကို အသုံးပြုခဲ့ကြောင်း၊ စုစုပေါင်းငွေကျပ် ၇၃ သိန်း အသုံးပြု ခဲ့ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာကို အသုံးပြုခဲ့သည်ဟု စစ်ဆေးပေါ်ပေါက် ခဲ့ပြီး အဂတိလိုက်စားမှုဖြစ်သည့်အတွက်ကြောင့် အရေးယူထောင်ချ ခြင်းခံခဲ့ရကြောင်း၊ NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းမိတ်ဆွေတစ်ဦး၏ဇနီး ကျန်းမာရေးမကောင်းသဖြင့် ထိုအမျိုးသမီး ဆေးရုံတက်ရောက်ကုသနေရာ ထိုင်းနိုင်ငံသို့ လေယာဉ်ပျံစင်းလုံးငှားပြီး အသွား/အပြန် သွားခဲ့ကြောင်း၊ ယင်းခရီး စဉ်အတွက် နိုင်ငံတော်ဘဏ္ဍာမှ ကုန်ကျခဲ့ခြင်း ရှိ/မရှိ၊ ၎င်းရရှိခဲ့သော နိုဘယ်ဆုကြေးမှ ကုန်ကျခဲ့ခြင်း ရှိ/မရှိ၊ အကယ်၍ နိုင်ငံတော်ဘဏ္ဍာငွေ မှ အသုံးပြုခဲ့လျှင် အဂတိလိုက်စားမှုမြောက်ခြင်း ရှိ/မရှိ၊ အဂတိ လိုက်စားမှုသည် တိုင်ကြားမှသာလျှင် ပြစ်မှု မြောက်/ မမြောက် သိလို ကြောင်း၊ မတိုင်ကြားဘဲနှင့်လည်း ကျော်စောမှုဖြင့် အဂတိလိုက်စားမှု ကို တရားစွဲလို့ရသည်ဟု ယခင်အစိုးရလက်ထက်က ဦးအောင်ကြည် ပြောခဲ့သည်ကို မိမိကြားခဲ့ဖူးကြောင်း၊ ထို့ကြောင့် ဤအကြောင်းအရာ သည် အဂတိလိုက်စားမှု မြောက်/မမြောက်ကို ဖြေကြားပေးစေလို ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်တွင် ဆေးရုံတက်ရောက်ကုသနေသော အမျိုးသမီးထံသို့ MAI လေယာဉ်ဖြင့် စင်းလုံးငှားသွားရောက်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ မည်သည့်နေရာမှ ကုန်ကျခဲ့သည်ကို အထောက်အထားနှင့် သုံးစွဲမှု ဖြစ်စဉ်များကို အသေးစိတ်စစ်ဆေးသုံးသပ်ပြီးပါက အဂတိလိုက်စားမှု ကျူးလွန်ခြင်း ရှိ/မရှိကို သိရမည်ဖြစ်ကြောင်း၊ ထိုအချက်နှင့်ပတ်သက်၍ မှတ်သားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ တာဝန်ရှိသူတစ်ဦးက ပြဋ္ဌာန်းဥပဒေပုဒ်မ ၃ (က) တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာရှိကြောင်း၊ အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့်အညီ စိစစ်သုံးသပ်မှုများ၊ အကြောင်းအရာများနှင့် အချက်အလက်များကို ချိန်ညှိ၍ သတင်းထောက်ကြီး မေးခွန်းပါ အကြောင်းအရာသည် အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း အဂတိလိုက်စားမှု မြောက်/ မမြောက်ကို စိစစ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
တဲ့ပြောသတင်းမီဒီယာ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မကြာ သေးမီက မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးသည် ဇေယျာသော် နှင့် ဂျင်မီတို့၏ ပြစ်ဒဏ်ကို အတည်ပြုခြင်းနှင့်ပတ်သက်၍ ရှုတ်ချခြင်း၊ တချို့သံအမတ်များက တရားမဝင်အစိုးရဟု သုံးနှုန်းခြင်းများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဥပဒေအရ နိုင်ငံတော်အကြီးအကဲ၏ အမိန့်သည် သေဒဏ်အတွက် အယူခံဝင်ခြင်းတွင် နောက်ဆုံးအမိန့်ဖြစ်ကြောင်း၊ နိုင်ငံသားအချင်းချင်းအပေါ် သက်ညှာခြင်း/သက်ညှာမှုမရှိခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်တွင် မူတည်လိမ့်မည်ဟု မိမိအနေဖြင့် ထင်မြင် ကြောင်း၊ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ်(၃)တွင် သံတမန်များသည် စေလွှတ်တာဝန်ပေးအပ်သည့်နိုင်ငံနှင့် လက်ခံသည့် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်စေရန်နှင့် ဆက်ဆံရေးပိုမိုခိုင်မြဲစေရေး ဆောင်ရွက်ရန်ဖြစ်သည်ဟု ပါဝင်ကြောင်း၊ အပိုဒ်(၄)တွင် လက်ခံသည့် နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ယင်းနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရဟု ပြဋ္ဌာန်းထားကြောင်း၊ အထက်ပါ သံအမတ်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအပိုဒ်(၂)အရ ပေါ်ပေါ်ထင်ထင်ချိုးဖောက်ရာ ရောက်ကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်လည်း မရှိကြောင်း၊ ၎င်းတို့ပြောနေသည့် NUG အစိုးရကို လက်ခံလျှင် ၎င်းသံအမတ်နှင့် ၎င်း၏ သံရုံးကို အဆိုပါ NUG အစိုးရရုံးစိုက်သည့်နေရာသို့ ရွှေ့ပြောင်းသွားရမည်ဖြစ်ကြောင်း၊ မိမိကဲ့သို့ အေးချမ်းစွာနေထိုင်လိုသည့် မြန်မာနိုင်ငံသားအားလုံးကို စော်ကားရာရောက်ကြောင်း၊ ထိုအပြုအမူများကို မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း၊ UN သည် ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို အသိအမှတ်မပြုဟုပြော ကြောင်း၊ ယင်းအဖွဲ့အစည်းသည် အလှူခံစားသည့်အဖွဲ့ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကိုပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အလှူခံမည်ဖြစ် ကြောင်း၊ ယခုမိမိတို့ ကရင်ပြည်နယ်၊ KNUနယ်မြေများတွင် ဒုက္ခသည် ၉၀၀၀၀ ကျော်အတွက် UN သည် အထောက်အပံ့များပေးရန် ပြင်ဆင် လျက်ရှိကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေသူများသည် မျောက်ဖြစ်မှန်း မသိဖြစ်နေကြပြီး မိမိကဲ့သို့အေးချမ်းစွာနေထိုင်လိုသူ မြန်မာနိုင်ငံသား အားလုံးသည်လည်း မျောက်ဘဝသို့ အလိုလိုကျရောက်နေရကြောင်း၊ အဆိုပါမျောက်ပြဆန်တောင်း UN အဖွဲ့အစည်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို အသိအမှတ်မပြုဟုပြောဆိုနေသော် လည်း မော်လမြိုင်မြို့ရှိ UN ဝန်ထမ်းကို PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် လက်ရှိအစိုးရအား တောင်းဆိုခဲ့ကြောင်း၊ NUG ကို ထောက်ခံသည့် အဖွဲ့အစည်းသည် NUG ကိုသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် ယင်းနိုင်ငံ၏ဥပဒေကို ချိုးဖောက်ပါက ချိုးဖောက်သူ အား နိုင်ငံတွင်းမှ ချက်ချင်းနှင်ထုတ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုရေးအရ သည်းခံစိတ် မွေးသောကြောင့် မကြာခဏ စော်ကားနေကြကြောင်း၊ မိမိတို့အနေဖြင့် အကြံပေးခြင်းနှင့်အတူ မေးခွန်းတစ်ခုမေးလိုကြောင်း၊ နိုင်ငံအတွင်းရှိ သံရုံးများက သံတမန်များ/ သံအမတ်များကို ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲသို့ ဖိတ်ပါက လေယာဉ်ဖြင့် ကြိုရမည်ဖြစ်သဖြင့် ခရီး ကုန်ကျစရိတ်၊ စကားပြန်ငှားပေးရမည့် ကုန်ကျစရိတ်စသည်ဖြင့် များစွာကုန်ကျမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်မများစေရန် နှင့် ၎င်းတို့လည်း ကြည့်ရှုသိရှိစေရန် ဗင်နီဇွဲလားနိုင်ငံကဲ့သို့ လုပ်ဆောင် စေလိုကြောင်း၊ ဗင်နီဇွဲလားနိုင်ငံသည်လည်း မိမိတို့နိုင်ငံကဲ့သို့ ဖြစ်ခဲ့ ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ပုံမှာ အမေရိကန်၊ ပြင်သစ်သံရုံးနှင့် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးများရှေ့တွင် LED Board များ ထောင်၍ နိုင်ငံအတွင်း နေ့စဉ်အဖြစ်အပျက်များကို Channel တစ်ခု အနေဖြင့် နေ့စဉ်ပြသခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်စေလိုကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ PDF များ၏ အဖျက် လုပ်ရပ်များကို ၎င်းတို့က အစီရင်မခံကြောင်း၊ PDF များက ဘုန်းတော်ကြီးများကို သတ်ဖြတ်ခဲ့သည့် ကိစ္စများနှင့် ယခင်သတင်းစာ ရှင်းလင်းပွဲတွင် တင်ပြခဲ့သည့် ဘုရားပေါ်ကကိစ္စများကိုလည်း အစီရင် မခံကြောင်း၊ မိမိတို့ဘက်မှ အနည်းငယ်မှားယွင်းပါက များစွာချဲ့ကား၍ ပြောကြကြောင်း၊ အထက်ပါကဲ့သို့ LED Board များထောင်၍ နိုင်ငံ အတွင်း နေ့စဉ်ဖြစ်ပျက်နေသည့် PDF များ၏ အဖျက်အမှောင့် လုပ်ငန်း များ လုပ်ဆောင်မှုကို နေ့စဉ်ပြသနေမည်ဆိုပါက ၎င်းတို့သံအမတ်များ မကြည့်လျှင်ပင် ယင်းတို့၏ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနက CCTV မှတစ်ဆင့် သိမြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ LED Board များ ထောင်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံက ၎င်းတို့နိုင်ငံအတွင်းမှ အမေရိကန် သံအမတ်ကို ထုတ်ပစ်ခဲ့သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း လုပ်ဆောင်စေ လိုကြောင်း၊ ထို့ကြောင့် အဆိုပါ LED Board များထောင်ရန် အစီအစဉ် ရှိ/မရှိကို သိလိုကြောင်း၊ အခြားမေးခွန်းတစ်ခုမှာ အလုပ်တာဝန် များပြားသော ဝန်ထမ်းအကြီးအကဲများနှင့် ဦးစီးအရာရှိများအား တစ်လလျှင် စက်သုံးဆီ ဂါလန် ၃၀ ကို ငွေဖြင့်တွက်၍ ပေးကြောင်း၊ တစ်ဂါလန်လျှင် ကျပ် ၆၅၀၀ ခန့်သာ ဈေးရရှိပြီး မြေပြင်တွင် အများ ပြည်သူများကဲ့သို့ ပုဂ္ဂလိက ဆီဆိုင်များတွင် တစ်ဂါလန် ကျပ် ၁၂၀၀၀ ကျော်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း၊ တစ်ဂါလန်လျှင် ကျပ် ၅၀၀၀ ကျော်ခန့်ဖြင့် တစ်လလျှင် အနည်းဆုံး ကျပ် ၂ သိန်းကျော် ၃ သိန်းခန့် စိုက်သုံးနေရကြောင်း၊ လွန်ခဲ့သောနှစ်များက BOC ကဲ့သို့ ဆိုင်များ တွင် ဝန်ထမ်းများကို စက်သုံးဆီထုတ်ပေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများနှင့်အညီ ဝယ်ယူသုံးစွဲနိုင်စေရန် လုံလောက်သော ငွေကြေး များ ထုတ်ပေးခြင်းကဲ့သို့သော အစီအစဉ်များ ဆောင်ရွက်ပေးရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သံတမန်များနှင့်ပတ်သက်၍ ၎င်းတို့ သိလိုသည့် သတင်းဆိုပါက အကုန်သိရှိကြောင်း၊ ချောင်ကြိုချောင်ကြား သတင်းကအစ သိရှိပြီး ထုတ်ပြန်လိုပါက ထုတ်ပြန်ကြောင်း၊ အညာ ဒေသရှိ မထင်မရှားမြို့က မထင်မရှားရွာတစ်ရွာ မီးလောင်သည်ကိုပင် သိရှိကြောင်း၊ သိချင်လျှင် အကုန်သိပြီး မသိချင်လျှင် မသိကြောင်း၊ မိမိတို့သတင်းစာရှင်းလင်းပွဲကိုလည်း အနည်းဆုံးအဆင့်သည် စောင့်ကြည့်ကြပြီး ၎င်းတို့အချင်းချင်းသာ အစီရင်ခံကြောင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာနအနေဖြင့်လည်း သတင်းများနှင့်ပတ်သက်၍ ပေးပို့မှု များရှိကြောင်း၊ တစ်ပတ်လျှင် နှစ်ကြိမ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် သတင်းလွှာInformation Sheet ကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြုလုပ် ခြင်းရှိကြောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအားလုံး၊ ပြည်ပရှိ မြန်မာသံရုံးများအားလုံး၊ UN နှင့်ဆိုင်သော အဖွဲ့အစည်းများအားလုံး နှင့် နိုင်ငံတကာသို့ မိမိတို့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် မသိချင်ယောင်ဆောင်နေကြောင်း၊ ၎င်းတို့လိုချင်သော၊ လုပ်ချင်တာ လုပ်ခြင်းမျိုးသာရှိကြောင်း၊ ပြင်သစ်သံအမတ်ကြီးနှင့် ပတ်သက်၍ လည်းကောင်း၊ ကုလသမဂ္ဂနှင့် ပတ်သက်၍လည်းကောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုများကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အသေးစိတ်ဖြေကြားပေးမည်ဖြစ်ကြောင်း၊ စက်သုံးဆီ ကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းများသို့ ဆီမပေးဘဲ ငွေကိုသာပေးခြင်း သည် အဆိုပါ ဝန်ထမ်းများအတွက် နိုင်ငံခြားမှနေ၍ စက်သုံးဆီ သီးသန့်တင်သွင်းခြင်းမျိုး မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့လုပ်ဆောင်နေရခြင်းသည် ဝန်နှင့်အားမမျှဟု ပြောဆိုနေခြင်း များကိုလည်း ကြားရကြောင်း၊ ယင်းအချက်နှင့်ပတ်သက်၍ အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သုံးသပ်ချက်အရ ရာထူးအဆင့်မြင့် သည့် ဝန်ထမ်းများကို ဆီဖြတ်ခြင်းသည် အကြောင်းထူးကိစ္စ မဟုတ် သော်လည်း အလယ်အလတ်တန်းရာထူးရှိ အမှန်တကယ် သုံးစွဲနေရ သည့် ဝန်ထမ်းများကို ဆီအနည်းငယ်လျှော့၍ပေးခြင်းသည် ၎င်းတို့ အနေဖြင့် အနည်းငယ် အခက်အခဲဖြစ်မည်ဆိုသည်ကို သိရှိကြောင်း၊ အဆင့်ဆင့်ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြင်သစ်သံအမတ်ကြီးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ယခုလ ၆ ရက်နေ့မှစပြီး သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ပြင်သစ်သံရုံးသို့လည်း ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊ ပြင်သစ် သံအမတ်ကြီးကိုလည်း ယခုလ ၉ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူ၍ အမြဲတမ်းအတွင်းဝန် ကိုယ်တိုင် ကန့်ကွက်ခဲ့ကြောင်း၊ အဆိုပါလုပ်ဆောင်မှုသည် သံတမန်ရေးရာ၌ အပြင်းထန်ဆုံးသတိပေးခြင်းမျိုးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက် မှုများကို သံရုံးများသာမက သက်ဆိုင်ရာနိုင်ငံများကပါ ကောင်းစွာ သိရှိကြကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြေအနေကို ရှင်းလင်းပြောပြခြင်း၊ ဖြစ်စဉ်အမှန်များကို အသိပေးခြင်း၊ မှန်ကန်မှု မရှိသည့် စွပ်စွဲချက်များ၊ အတည်ပြုချက်မရှိသည့် ကိန်းဂဏန်းများ ချဲ့ကားပြောဆိုမှုများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း ထောက်ပြ အသိပေးခြင်းများရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာဆက်ဆံရေးနှင့် UN Charter ၊ သံတမန်ဆက်ဆံရေး၊ ဗီယင်နာကွန်ဗင်းရှင်းပါအတိုင်း ဘောင်ထဲမှနေ၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပြီး တစ်ဖက်မှ ဆောင်ရွက်ချက်များသည် အထက်ပါ ဥပဒေများကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်မှုများကိုလည်း အမြဲ ထောက်ပြသတိပေးမှုများ ပြုလုပ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက နိုင်ငံတော်လုံခြုံရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာတစ်ခုကို ဗိုလ်ချုပ်တို့အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းတစ်ခုပေးလိုကြောင်း၊ ရန်ကုန်မြို့၌ ဒေါ်လာ ခြောက်သောင်းမှ တစ်သိန်းကျော်အထိ Hate Speech ဆိုသည့်ခေါင်းစဉ်ဖြင့် အဖွဲ့ အစည်းတချို့ကိုခေါ်၍ ယခုစတင်ဆောင်ရွက်နေကြောင်း၊ ၎င်းတို့ ဦးတည်ချက်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ဗုဒ္ဓဘာသာဝင် များက ၎င်းတို့ OIC နှင့်ပတ်သက်သော ဘာသာကို ထိခိုက်စေသည့်၊ ပုတ်ခတ်စေသည့်၊ စော်ကားသည့်စကားများကို သီးခြားစုဆောင်းပြီး OIC မှတစ်ဆင့် ICC ၊ ICJ သို့ ပေးပို့ပြီး ဘာသာရေးအသွင်ဆောင်ရန် ကြိုးစားနေကြောင်းကို မိမိအနေဖြင့် လွန်ခဲ့သည့် သီတင်းပတ်က သတင်းရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် သတိချပ်စေလိုကြောင်း တင်ပြသည်။
လူထုရင်ဖွင့်သံ သတင်းဌာနမှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက မိမိအဓိက မေးမြန်းလိုသည်မှာ မိမိတို့နိုင်ငံသားများနှင့် နိုင်ငံတော်ကြား တွင် ပျောက်ဆုံးနေသည့် ငွေကြေးများအကြောင်းဖြစ်ပါကြောင်း၊ လျှပ်စစ်မီတာဘေလ်များကို အချိန်မှန်မှန် လာမဖတ်ကြောင်း၊ အောက်ခြေ၌ အပစ်ခံရခြင်း၊ အသတ်ခံရခြင်းများရှိသည်ဆိုပြီး နှစ်လ သုံးလ တစ်ခေါက်ပေါင်းဖတ်ပါကြောင်း၊ ဘေလ်စာရွက်ကို နှစ်လ သုံးလ ပေါင်းပေးပါကြောင်း၊ ဘေလ်သွားဆောင်သည့်အခါတွင် ဒဏ်ကြေးဆောင်ရပါကြောင်း၊ ယင်းဒဏ်ကြေးများသည်လည်း တစ်နေရာနှင့် တစ်နေရာမတူပါကြောင်း၊ တချို့နေရာတွင် ငွေကျပ် ၂၀၀၀ ဒဏ်ရိုက်ပြီး တချို့နေရာတွင် ငွေကျပ် ၄၀၀၀ ဒဏ်ရိုက်ပါ ကြောင်း၊ သို့သော်လည်း ငွေလက်ငင်းဖြတ်ပိုင်း မပေးပါကြောင်း၊ အလွတ်ငွေကြေးပေးရပါကြောင်း၊ ရပ်/ကျေးများတွင်လည်း ဧည့်စာရင်း တိုင်ကြားသည့်အခါ ပုံမှန် ကျပ် ၅၀၀၀ ပေးရပါကြောင်း၊ သက်တမ်း ပုံမှန်တိုးမည်ဆိုပါက ငွေကျပ် ၁၀၀၀ ပေးရပါကြောင်း၊ ရက်ကျော်ပါက ကျပ် ၅၀၀၀ ထပ်ပေးရပါကြောင်း၊ ထိုသို့ပေးနေရသည့် ငွေကြေးများ ရှိပါကြောင်း၊ ထို့အပြင် ခရီးသွားသည့်အခါတွင်လည်း ဂိတ်များတွင် ကြေညာထားသည်များရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် မပါပါ က ထောက်ခံစာဖြင့် ခရီးသွားလာခွင့်မပြုဟု ကြေညာထားပါကြောင်း၊ သို့သော် ယခုနိုင်ငံသား စိစစ်ရေးကတ်ပါသော်လည်း ထောက်ခံစာထပ် တောင်းပါကြောင်း၊ ထောက်ခံစာမပါပါက ငွေကြေးကောက်ခံပါ ကြောင်း၊ ၂၀၀၀ ကျပ်/၃၀၀၀ ကျပ် ပေးကြရပါကြောင်း၊ မိမိအနေဖြင့် ဥပမာအနေဖြင့် တစ်ခုစီခန့်သာ ထည့်ပြောခြင်းသာဖြစ်ကြောင်း၊ ထိုကဲ့သို့ တခြားတခြားပေးနေရသည့် ငွေကြေးများစွာရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေကြေးများ ပေးဆောင်ရသော် လည်း နိုင်ငံတော်ကို အခွန်အနေဖြင့် အမှန်တကယ်ဝင်ရောက်ပါသလား၊ မည်သည့်နေရာတွင် ပျောက်ဆုံးသွားပါသလဲ၊ ထိုကိစ္စနှင့် ပတ်သက် ပြီး ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့စီမံညွှန်ကြားပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လျှပ်စစ်မီတာခများနှင့်ပတ်သက်ပြီး တချို့နေရာများတွင်ကောက်ခံရာ၌ အခက်အခဲရှိပါကြောင်း၊ တချို့ အိမ်များတွင် အိမ်၌ လူမနေဘဲ လျှပ်စစ်မီတာခ ကောက်ခံရသည်ဟု ဆိုသည့်အဖြစ်မျိုးများလည်း ရှိခဲ့ပါကြောင်း၊ ယခင်ကလည်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ဖြေပြီးဖြစ်ပါကြောင်း၊ တချို့နေရာများတွင် မှားယွင်းကောင်း မှားယွင်းနိုင်ပါကြောင်း၊ ထိုအရာများကို ပြန်လည် ဆောင်ရွက်၍ရသည်ဟု ပြောလိုပါကြောင်း၊ မှတ်ပုံတင်နှင့်ထောက်ခံစာ စစ်ဆေးခြင်းအပိုင်းကို မိမိတို့ကြပ်မတ်ဆောင်ရွက်ပေးသွားမည်ဟုပြောလိုပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မီတာခကောက်ခံခြင်းများနှင့်ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေမှုများကိုရှင်းလင်းပြောကြားပေးစေလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်၊ ရန်ကုန်၊ မန္တလေး သုံးခုသည် ဓာတ်အားရောင်းချခြင်း၊ ပြန်လည်ကောက်ခံခြင်းလုပ်ငန်း များကို လုပ်ပါကြောင်း၊ လစဉ် ၁ ရက်နေ့တွင် မီတာဘေလ်ဖတ်ခြင်း၊ မီတာဘေလ်ထုတ်ခြင်း ၊ မီတာခကောက်ခံခြင်းလုပ်ငန်းများကို လုပ်ပါ ကြောင်း၊ သို့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် ငွေကောက်ခံ သည့် နေရာတွင် နှောင့်နှေးရသည်များရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကြိုးစားကောက်ခံသော်လည်း လစဉ်အကြွေးကျန်သည်များရှိပါ ကြောင်း၊ ကျန်ခဲ့သည့်လများအတွက် စီမံချက်များဖြင့် ကောက်ခံသည့် လုပ်ငန်းများ ဆက်လုပ်ပါကြောင်း၊ အကြွေးကျန်သည့် ကိစ္စများတွင် အကြောင်းအမျိုးမျိုးကြောင့် မဆောင်နိုင်သည့် ကိစ္စများလည်းရှိပါ ကြောင်း၊ ကျန်ခဲ့သည့် အကြွေးကျန်များကို မိမိတို့ထံ လာဆောင်သည့် အခါတွင် ပြန်လည်စိစစ်ပြီး တိတိကျကျလုပ်ဆောင်နိုင်ရန်အတွက် ညွှန်ကြားချက်များလည်း ထုတ်ထားပါကြောင်း၊ တချို့နေရာများတွင် အနည်းငယ်လွဲနေနိုင်သည်များရှိပါက လိုအပ်သည့် နေရာများတွင် လိုအပ်သကဲ့သို့ ညွှန်ကြားချက်များထုတ်ပြီး ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ မီးသုံးစွဲသူများကလည်း မီတာခများကို ပုံမှန် ပေးဆောင်ပါက ပြည်သူများပို၍ မီးမှန်မှန်ကန်ကန် ရသွားမည်ဟု ဖြည့်စွက်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက နောက်ဆက်တွဲ တစ်ခုအနေဖြင့် ပြည်သူများ၏ ငိုညည်းနေသည့် ပြဿနာလေးတစ်ခုကို တင်ပြလိုပါကြောင်း၊ ယခင်က ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာဧရိယာတွင် ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင် ထားပါကြောင်း၊ ယခုလအတွင်းတွင် သန်လျင်၊ ဒလ၊ တွံတေးတို့တွင် ဆိုင်ကယ်စီးနင်းခွင့် ထပ်ပိတ်ပါကြောင်း၊ ကြေညာချက်အရ ယင်းသို့ ဆိုသော်လည်း အောင်ခြေမြေပြင်တွင် ကော့မှူးမြို့နယ်ဘက်က ရွာတချို့အထိ ဆိုင်ကယ်စီးနင်းခွင့်ပိတ်လိုက်သည်ဟု သိရကြောင်း၊ ဆိုင်ကယ်နှင့်တက်လာပါက ဖမ်းပါကြောင်း၊ သိမ်းပါကြောင်း၊ ယင်းရွာ များတွင် လိုင်းကားမရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ကျောင်းသွား/ကျောင်းလာ၊ ဈေးဝယ်ကအစ အခက်အခဲဖြစ်နေသည့်အတွက် ပြည်သူ များ ငိုညည်းနေကြပါကြောင်း၊ ယင်းအရာများကို အဆင်ပြေစေရန် မည်သို့ဆောင်ရွက်ရမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက တချို့နေရာများတွင် လုံခြုံရေးအရ ကန့်သတ်ထားသည့် ဖြစ်စဉ်နှင့်လုပ်နေရသည်များ ဖြစ်ပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ဆက်သွယ် မေးမြန်းထားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းဌာနမှ သတင်းထောက် ဦးစိုးစိုးမင်းက မိမိသည် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်က ဖြစ်ပါ ကြောင်း၊ လက်ရှိ မိမိတို့ မြို့နယ်ရှိ တောင်သူများသည် ငွေကြေးပြန်ဆပ် ရန်အတွက် အခက်အခဲများစွာဖြင့် ကြုံတွေ့နေရပါကြောင်း၊ ကိုဗစ်-၁၉ကတစ်မျိုး၊ ဆန်၊ ဆီကုန်ဈေးနှုန်းများ ကြီးနေသည်က တစ်မျိုးဖြစ် နေသောကြောင့် ငွေကြေးပြန်ဆပ်ရန်အတွက် ရုန်းကန်နေရသည့် အတွက် ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့ ဖြေလျှော့၊ ဖြေရှင်းပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံ လုံးတွင်ရှိသည့် တောင်သူ ၁၈ သိန်းခန့်ကို စိုက်ပျိုးရာသီအလိုက် ချေးငွေများ ထုတ်ပေးထားခြင်းများရှိကြောင်း၊ တစ်နှစ်ကို စိုက်ပျိုး စရိတ်ချေးငွေ သုံးမျိုးထုတ်ပေးထားပါကြောင်း၊ တစ်ဧက တစ်နှစ်တာ ကာလအတွင်း အများဆုံးစိုက်ပျိုးစရိတ်ချေးငွေ နှစ်မျိုးထိ ချေးခွင့်ရှိပါ ကြောင်း၊ နှုန်းထားများ သတ်မှတ်ပြီးဖြစ်ပြီး အတိုးနှုန်းအနေဖြင့် တစ်နှစ် ငါးရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မူလစိုက်ပျိုးစရိတ်အပြင် လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်း ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် ထပ်မံတိုးမြှင့်ချေးပေးခဲ့ပါကြောင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသည့် ချေးငွေ နှစ်မျိုးမှ သုံးမျိုးထိ ရယူထားကြောင်းကိုလည်း တွေ့ရပါကြောင်း၊ ၂၀၂၀-၂၀၂၁ တွင်ဖြစ်ခဲ့သည့် ကိုဗစ်-၁၉ သက်ရောက်မှုနှင့် ငွေကြေး စီးဆင်းလည်ပတ်မှု အခက်အခဲ တချို့ကြောင့်၊ တောင်သူတချို့အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိကြောင်း တွေ့ရသည့်အတွက် ရာသီအလိုက်စိုက်ပျိုးစရိတ် ချေးငွေပေးဆပ်ရန် ကာလတိုးမြှင့်ပေးခြင်း၊ ဒဏ်တိုးလျှော့ပေါ့ပေးခြင်း၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလ သုံးကြိမ်တိုင်တိုင် တိုးမြှင့်ပြင်ဆင်ပေးခဲ့ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အဆုံးအဖြတ်နှင့် တောင်သူများ ချေးငွေပြန်ဆပ်မှုအဆင်ပြေစေရန် နိုင်ငံတော်က ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ယခင်ချေးငွေများကို ကျေလည်စွာပေးဆပ်ပြီးသည့် တောင်သူများကို ရာသီအလိုက် စိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးခြင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး အဆင်ပြေဆုံး ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့်အတွက်ကြောင့် ယခုနှစ်တွင် ယခင်နှစ်များကထက် ငွေကြေးစီးဆင်းမှု ပိုမိုလည်ပတ်ထိရောက်အောင် ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ တောင်သူများအနေဖြင့် ချေးငွေပေးဆပ်မှု အခက်အခဲများကို နိုင်ငံတော်နှင့် နိုင်ငံတော်ပိုင်များ အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့်ဖြေလျှော့မှုများ၊ ငွေကြေးလည်ပတ် စီးဆင်းမှုကောင်းမွန်အောင် စီစဉ်ဆောင်ရွက်နေသည့် နည်းလမ်းများ ဖြင့် မိမိတို့ ကူညီဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နိုင်ရန်အတွက် ရှိပါသည်ဟု ပြန်လည်ပြောကြားသည်။
နိဂုံးချုပ်အနေဖြင့် ပညာရေးဝန်ကြီးဌာနက ယနေ့သတင်းစာထဲ တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်အောင်စာရင်း ထုတ်ပြန်ရန် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်အောင်စာရင်းနှင့် ပတ်သက်၍ ကြေညာထားပြီး ဖြစ်ပါကြောင်း၊ သို့သော် ပြည်သူလူထုများ ပိုမို သိရှိရန်အတွက် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်က အောင်စာရင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူလူထုများ Awareness ဖြစ်အောင် ထုတ်ပြန်ပေးမည့် Website နှင့် ထုတ်ပြန်မည့်အကြောင်းကို ပြောပြပေးရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက သတင်းစာထဲတွင် လည်း မည်သည့် Website က ကြေညာမည်ကို ကြေညာထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်တွင်ရှိသည့် စာစစ်ဌာနများတွင်လည်း ဖြေထားသူများက သွားရောက်ကြည့်ရှုနိုင်ပါကြောင်း ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အောင်စာရင်းများနှင့်ပတ်သက်ပြီး ထပ်မံပြောကြားလိုသည်မှာ စာစစ်ဌာနအလိုက်ကျောင်းများတွင် နံနက် ၆ နာရီတွင် အပြီးကပ်ပေးမည်ဖြစ်ကြောင်း၊ နံနက် ၄ နာရီမှစပြီး ကြေညာထားသည့် Website များ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊ နှစ်စဉ်ဖြစ်နေသည့် အခက်အခဲရှိပါကြောင်း၊ တချို့က ၄ နာရီဆိုသော် လည်း ၁ နာရီ၊ ၂ နာရီခန့်ကတည်းက ဝင်နေသူများလည်း ရှိကြောင်း၊ ဝင်ရောက်ကြည့်ရှုသူများသောကြောင့် Website က Hang သွားသည် ထိ ဖြစ်ခဲ့ခြင်းများရှိပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနက အချိန်မီထုတ်ပြန်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိအနေဖြင့် မေတ္တာပို့ ဆုတောင်းလိုသည်မှာ ယခုနှစ်အောင်စာရင်းများ ထုတ်ပြန်သည့်အခါ တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေထားသည့် ကျောင်းသူ ကျောင်းသားများ၊ ၎င်းတို့၏ မိဘများအားလုံး ပျော်ရွှင်နိုင်ကြပါစေဟု ပြောကြားသည်။



